အသည်းကွဲလွင်ပြင်
ဟီရု
(သစ်ခက်သံလွင်) ဇန်နဝါရီ ၂၇၊ ၂၀၂၄
နှင်းတွေက
တဖွဲဖွဲကျလို့
အိမ်ပြန်ရက်စွဲတွေ
ထိုးချိတ်ထားခဲ့တဲ့
တောင်တန်း
စမ်းချောင်းများနဲ့
နွမ်းနေတဲ့ ပွင့်ဖတ်လေးတွေဟာ
နှလုံးသားကို
ပွေ့ဖက်ထားပေါ့။
အမေရယ်
ဒီနှစ်လည်း ဆောင်းခဲ့ပြန်ပါပြီဆောင်း
ဒီမှာ
ဝါကျင့်ကျင့် ပြက္ခဒိန်အဟောင်းတွေရယ်
မပြောင်းလဲသေးတဲ့
ထင်းမီးဖိုပေါ်က မျှော်လင့်ချက်မီးခိုးတွေရယ်
နှင်းစက်တွေနဲ့ကွယ်ပြီး
တိတ်တိတ်လေးသာ ငိုရှိုက်ခဲ့ရင်းသာ။
မတူညီခြင်းတွေရှိတယ်
ဟိုးအရင်
စာသင်ခန်းလေးထဲက
ဖော်မြူလာတွေက
လက်တွေ့ဘဝမှာ
မကုစားနိုင်တာကများခဲ့
ခါးသက်သက်လောကဓံနဲ့
သောကအိမ်ရဲ့
ညည်းညူသံတွေကျတော့
ကမ္ဘာကြီးဟာ မေ့ထားပစ်ခဲ့ကြပြီအမေရယ်။
အသံမစုံတဲ့
သီချင်းတွေ ပြန့်ကျဲရင်း
တသသ သတိရမှုတွေနဲ့ ဆေးခြယ်ရင်း
ကောင်းကင်ဟာ
တခါတခါအပြာ
တခါတခါ မည်းညစ်တဲ့မှိုင်းညို့
ရက်စက်မှုတွေလည်း သာရွာချနေတဲ့
ကျရှုံးမှုတွေဟာ နာပြီးနာနေရတဲ့
ဇာတ်နာနာ မလှမပဘဝတွေလေ။
စကားလုံးတွေသာ
ဆွဲဆန့်ခဲ့ပါတယ်
မယုံကြည်ခြင်းအတွက်
အနာဂတ်မရှိတဲ့
လွင်ပြင်ကြီးဟာ
အကာအကွယ် မဲ့
ဟင်းလင်းကြီးအထီးကျန်ဆန်နေလိုက်တာမှအမေရယ်။
Comments
Post a Comment