မနအ - ဦးလည်မသုန်

ဦးလည်မသုန် 
မနအ
(မိုးမခ) ဇန်နဝါရီ ၂၄၊ ၂၀၂၄

နှစ်ထောင့်နှစ်ဆယ့်သုံးဟာ
တောင်ကုန်းလေးတစ်ခုဆိုပါတော့
ခေါင်းမမော့၊ အသော့မနှင်
လှဲကျချင်ချင် ခြေတစ်လှမ်းနဲ့
ခင်တန်းကလေးကို မြောင်လို့
လျှိုချောင်ကလေးကို ရှောင်လို့
ပိုးမွှားအကောင်ပလောင်တွေ ရန်မက်မူနေတဲ့ကြားက 
သည် တောင်ကို တက်လာခဲ့တယ် ။

နှစ်ထောင့်နှစ်ဆယ်သုံးဟာ
ဗျူဟာကုန်းတစ်ခုဆိုပါတော့ 
သည် တောင်ပေါ်အရောက် ပေါ့ပါးစိတ်နဲ့
တောင်အောက် မြေပြန့်၊မြစ်ချောင်းတွေ 
မြူဖျော့ဖျော့ရစ်ကြောင်းထ,နေတဲ့ တောင်စောင်းတွေ
အသေအချာကြည့်ကြည့်မှ
ရုန်းဖြတ်ခဲ့ရတဲ့ ရွှံ့နွံအိုင်လို နှစ်တနှစ်ရယ်
တုံးတိုက်ခဲ့ရတဲ့ မြက်ရိုင်းတောလို နှစ်တနှစ်ရယ်
ဟိုးက တောင်စွယ်အဖီနားမှာ
ပီပီသသ မြင်ရ
သည် တောင်ထိပ်က အမောပြေတယ် ။

နှစ်ထောင့်နှစ်ဆယ့်သုံးဟာ
တောင်ကုန်းအမှတ်လေးတစ်ခုပဲဆိုပါတော့ 
အခုတော့
နောက်ထပ် တစ်တောင်တက်၊ လှမ်းဖို့ရာ
ဟိုမှာ
တောင်ကျစမ်းလေးစီးတဲ့နေရာ
ခဏ ပြန်ဆင်းရဦးမယ် ။     

၂၃ ဇန်နဝါရီ ၂၀၂၄

Comments