သံသရာလမ်းခွဲမှ
သျှပ်သွေး
(သစ်ခက်သံလွင်) ဇန်နဝါရီ ၁၅၊ ၂၀၂၄
အာရုံထွေပြားလွန် နေ့ရက်တွေထဲ
အသက်တွေက
အဆိပ်အတောက်များ ပတ်ချာလည်
အိပ်ပျက်တယ်ဆိုတဲ့ ညတွေသာ
လိပ်ပတ်လည်နေခဲ့ရ
အစီးအနင်းများလှတဲ့
မနုဿတောနက်ကြီးထဲ
ခွာချထားခဲ့တဲ့ ငါတို့အတ္တတွေ
ဘူဇွာလူတန်းစားတွေရဲ့
ခြေတော်တင်ရုံသက်သက် အဖြစ်ခံမတဲ့လား
သတိ...
ဓားချက်တွေ
ဝှက်ထားတဲ့ ဓားချက်တွေ
ရင်၀ဆီ ဒဲ့၀င်လာမယ့် ဓားချက်တွေ
ပခုံးဖက်ရင်း ဝင်လာမယ့် ဓားချက်တွေ
နောက်ကျောက ပုန်းနေတဲ့ ဓားချက်တွေ
လှလိုက်တာ....
ဓားသွားရှိုက်သံကို ချိူမြိန်စွာ
နားသောတ ဆင်တော်မူကြပါစို့
သူတို့လမ်းတွေအတွက် လူကိုခင်း
လင်းမြပါစေသား
တို့တွေဟာ
ဦးနှောက်ကို မှဲ့တစ်ပေါက် အစားမခံခဲ့လို့
လုံးပါးပါး ကျန်ရစ်ခဲ့ရသူတွေလေ
ဒီလမ်းမကြီးကို
ဒီရင်ဘတ်ကြီးနဲ့ပဲ ခင်းခဲ့ကြတာပါ
ခယောင်းတွေသာ ပွင့်ခဲ့ခြင်းမှာ
နင်းခဲ့တဲ့ ခြေထောက်တွေရဲ့
မလတ်ဆတ်ခြင်းတွေလို့ မှတ်ယူလိုက်ပါ
ရာသီတွေက ကြမ်းလှတယ်
တစ်နေ့...
ပန်းတွေပွင့်လာလိမ့်မယ်
ယုံကြည်တယ်
ယုံမြဲအတိုင်း ယုံကြည်တယ်
ညီလေးရေ.....
လူရည်မလည်ခဲ့ကြတဲ့ အသိနိမ့်ခေတ်မှာ
ငါတို့တွေရဲ့ ရင်ထဲ မျက်ရည်တွေသာ
အကြိမ်ကြိမ်လည်ခဲ့ရပေါ့ကွာ ။
Comments
Post a Comment