ငြိမ်းပြေ - တိတ်တဆိတ် ကြွေခဲ့ကြတယ်


တိတ်တဆိတ် ကြွေခဲ့ကြတယ်
ငြိမ်းပြေ
(သစ်ခက်သံလွင်) 

ဂျက်လေယာဉ်တစင်းရဲ့ အသံကို ကြောက်တယ်
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားမိမှာကိုလည်း စိုးတယ်
သားတယောက် ဓားတစင်းတဲ့
ရိုးရိုးသားသား မျှော်လင့်ခြင်းမှာ
အတ္တပါရင်တောင် ပါးပါးလျလျ
ရင်က ဖြစ်ခဲ့ရတာမဟုတ်ပါလား ၊

တဦးတယောက် မတော်မဆ တိမ်းပါးသွားတဲ့အခါ
သတင်းမေးရမှာ ကြောက်တယ်
‌အဆီအငေါ်မတည့်တဲ့ နှစ်သိမ့်စကားတွေ ထွက်သွားမှာကိုလဲ စိုးတယ်
မပီဝိုးတဝါး ညအမှောင်ကြား
ပြန်မလာနိုင်တော့တဲ့ သားကိုပွေ့ရင်း
ရှိုက်ကြီးတငင် ငိုကြွေးနေမယ့်
ဖခင်ကို မြင်ယောင်မိတဲ့အခါ
ဆောင်းဝင်စညဟာ နှင်းနဲ့အတူ ဝေဝါးအေးစက်လို့
ဘယ်လိုထွေးထွေး နွေးမယ်မထင်တော့ ၊

မလုပ်မိခဲ့ဘူးလို့ နောင်တရ ရမှာ ကြောက်တယ်
ဘာမှမဖြစ်သလိုစိတ်နဲ့ နေနေရမှာကိုလဲစိုးတယ်
ဆတ်ကနဲ ပါးဖြတ်ရိုက်ခံလိုက်ရသလိုမျိုးကွာတဲ့
သူငယ်ချင်းက ပြောတော့
ငါ့ပါးပြင်မှာလည်း စပ်ဖျင်းဖျင်း
ငါတို့ဟာ လက်ထိပ်တွေ မဟုတ်လား
ဘယ်နေရာဆိတ်ဆိတ် နာခဲ့ရတာချည်းပဲ
ဒီလိုအဖြစ်ဆိုးတွေနဲ့
အရွယ်စုံကြယ်တွေဟာလဲ
တိတ်တဆိတ် ကြွေခဲ့ကြတယ် ။

၂၁၂၂၀၂၃
* ၁၉- ၁၁- ၂၀၂၃ ရက်နေ့ညက တော‌တွင်းတနေရာမှာ 
ဆုံးပါးခဲ့ရတဲ့ သားလေးသို့


Comments