နိုင်မင်းညို မြစ်ခြေ - လခြမ်းတစ်ဖဲ့

လခြမ်းတစ်ဖဲ့
နိုင်မင်းညို မြစ်ခြေ
(သစ်ခက်သံလွင်) ဒီဇင်ဘာ ၄၊ ၂၀၂၃

လခြမ်းတစ်ဖဲ့ကို သူ့ကိုလက်ဆောင်ပေးချင်တယ်
သစ်ရိပ်စိမ်းစိမ်းတွေ
ဖြူပြာလွင်သော တောင်ကျချောင်းလေးတွေ
ရေပန်းတွေလို ခုန်ကူးနေတဲ့ ငါးဖြူဖြူလေးတွေ
ပေါကားပေါပါဘိသနဲ့
ဘာကြောင့် ရှားပါးငတ်မွတ်နေရပါသလဲဆိုတဲ့
ဘဝင်မကျတဲ့စိတ်နဲ့ တစ်ဖဲ့ပေါ့
ဟိုဘက်ကမ်းက မီးထိန်ထိန် မနှင်းတို့အိမ်ဆိုတာ
ခု ငါများရောက်နေတဲ့ အိမ်ကြီးလေလားလို့တွေးထင်မိတယ်
မြင်ရတာ ဝမ်းရေစပ်တာပဲလေ
တောကိုခုတ် တောင်ကိုဖြို
ပြင်ခင်းထားတဲ့ တိုင်းတစ်ပါးကကမ်းခြေပေါ်အဆွေးငွေ့ငွေ့မှုတ်ထုတ်
မြစ်ထဲငှက်လိုပျံနေတဲ့ သင်္ဘောပေါ်
ကျွန်းသစ်တွေ လိုက်ပါသွားသလို
ဘာတွေကျန်ဦးမလဲ အတွေးနဲ့တစ်ဖဲ့ပေါ့
ခုတော့
ဘယ်နေရာမှာ မိုးပျံရထားတွေပျံနေနေ
စိမ်းစိမ်းမြင်တဲ့ ရွှေဝါရောင် စပါးပင်တွေဟာ
ငါ့မြေပေါ် 
ဝေဆာလို့အဆံပြည့်လည်း 
ဝမ်းမပြည့်တဲ့ နေ့များစွာအတွက်တစ်ဖဲ့ပေါ့
ဒီလိုနဲ့
လက်လုပ် လက်စားဘဝများနှယ်
တစ်ဖဲ့ပြီး တစ်ဖဲ့
ဖဲ့ဖဲ့ပေးလိုက်ရတဲ့ လခြမ်းကွေးကွေးလေး
ငါ့မြေမှာ အမှောင်ထဲ
အတ္တတိမ်တွေ ခိုးယူသွားမယ်စိုးရပေါ့။ ။
                                          
၀၁• ၁၁• ၂၀၂၃ သောကြာ

Comments