အောင်အောင် (တာမွေ) - ဘယ်သူငြင်းမလဲ

ဘယ်သူငြင်းမလဲ
အောင်အောင် (တာမွေ)
(သစ်ခက်သံလွင်) ဒီဇင်ဘာ ၂၊ ၂၀၂၃

အရှုပ်တွေထဲမြှုပ်နေတဲ့ဘဝဆိုပေမယ့့်
ကိုယ့်ကိုယ်ကို ခုတ်လှဲလိုက်ရင်တောင်
အစို့အညှောင့်အဖြစ်ပြန်ထွက်လာဦးမယ့့်
စိတ်ဓာတ်တွေ မာကြောမှုတွေ
ငါတို့မှာရှိသေးတယ်....

ဆေးလိပ်ငွေ့တွေရှူရင်းထုတ်ရင်း ပူလောင်မှုဖိအားတွေကို 
တွန်းကန်နေကြရင်းပေါ့
ငါတို့ဟာမသေဆေးရထားသလိုလို
မာကြောပြနေတာ သိပ်လှတယ်....

ကမ္ဘာကြီးက လူရွေးမှားနေတုန်းပဲ
လူကောင်းတွေလည်းနာဖျားနေတုန်းပဲ....

ငါတို့ဟာကိုယ့်ကိုယ်ကို သိဒ္ဓိတင်
လူတွေကြောက်အောင်မလုပ်ဘူး....

အချစ်ကိုမျှဝေမယ်
မေတ္တာတွေကိုမျှဝေမယ်
တယောက်ကိုတယောက်က်ကာကွယ်မယ်
အစားအစာတွေကို မျှစားချင်ရုံပါ....

ကမ္ဘာကြီးက လူရွေးမှားနေတုန်းပဲ....

မြေပုံကိုအပ်နဲ့ထောက်
ငါတို့ပိုင်တာဘာမှမရှိ
မြေပုံကို လက်ညိှိုးနဲ့ထောက်
ငါတို့ပိုင်တာဘာမှမရှိ
ငါတို့ဟာ ရုန်းရင်းနစ်ရင်း
ပိုင်ဆိုင်မှုတွေမဲ့ရင်းပေါ့....

ကမ္ဘာကြီးဟာလူရွေးမှားနေတုန်းပဲ....

စိတ္တဇညတွေဟာ ငါတို့အတွက်ဖြစ်ပြီး
စိန်စီပွဲတွေနဲ့ညဟာသူတို့အတွက်ဖြစ်ခဲ့တယ်....

ရွှံဗွက်တွေထဲနစ်နေတဲ့ဆန်ကိုရေဆေးစားပြီး
ဆန်ဆိုကော့နေမှစားတဲ့သူတွေထက် ငါတို့အပြုံးဟာ ပိုလှတယ်ဆိုတာ ဘယ်သူငြင်းမလဲ....

ကဲဘယ်သူငြင်းမလဲ
ဘယ်သူငြင်းမလဲ
ဘယ်သူတွေ ငြင်းမလဲဟေ့....

၂၁.၁၁.၂၀၂၃     

Comments