ငဇ - အတိတ်ထဲက စွဲတဲ့အရောင်

အတိတ်ထဲက စွဲတဲ့အရောင်
ငဇ
(သစ်ခက်သံလွင်) နိုဝင်ဘာ ၁၅၊ ၂၀၂၃

ဆကာကြီးမြို့ဟာ ဧရာဝတီမြစ်ဘေးက မြို့ပဲ။
ဧရာဝတီကို မြင့်မားတဲ့ ' တာ' တခုနဲ့ ကာထားတယ်။
ကျနော်တို့ ရွာဘက်က ကြည့်ရင် ဧရာဝတီက တာရဲ့ ညာဘက်ခြမ်းမှာ ရှိတယ်။
ဘယ်ဘက်ခြမ်းက ဆကာကြီးပေါ့။
ဒါပေမယ့် တာရဲ့ ညာဘက်ခြမ်းတာခြေရင်းပိုင်းနဲ့ ဧရာဝတီမြစ်နားကမ်းစပ်ပေါ်မှာလည်း အိမ်ခြေတွေ ရှိပါတယ်။
မြစ်နဲ့အနီးဆုံးအပိုင်းက တံငါလုပ်သူတွေ များတယ်။
ဆကာကြီးတာပေါ်ကဆင်းပြီး ကျနော်တို့ရွာ မရောက်ခင်မှာ ဇလွန်ဘက်တန်းဆိုတဲ့ အိမ်ခြေ သိပ်မများတဲ့ ရွာလေးတရွာရှိတယ်။
ဇလွန်ဘက်တန်းက တံငါရွာလို့ပဲ ဆိုရမယ်။
ငယ်ငယ်က အိမ်မှာကုန်စုံဆိုင်လေးဖွင့်ထားတော့ ရွာကနေ ဆကာကြီးဘက်တက်ပြီး ကုန်မျိုးစုံလက္ကားရောင်းတဲ့ဆိုင်ကြီးတဆိုင်မှာ စားအုံးဆီ သွားဝယ်ပေးခဲ့ရဖူးတယ်။
ကျနော်ကလည်း ငယ်ငယ်ဆီပုံးဖြူဖြူလေးကလည်း ငယ်ငယ်ပေါ့ ...။
ဒီလိုသွားဝယ်ပေးတိုင်းတွေ့ရတာက ပိုက်ဖာ ပိုက်လှန်းနေသူတွေ
မြှုံးကျစ်နေသူတွေကိုပဲ အများအားဖြင့် ရွာကလေးထဲမှာ တွေ့မြင်ရလို့ပါပဲ။
သတိထားမိသလောက် ကိုင်းအလုပ် လယ်အလုပ်လုပ်သူ နည်းတဲ့ရွာလေး တရွာပဲ ဖြစ်ပါတယ်။
ကြီးပြင်းလို့ စာတိုပေစလေးတွ ဖတ်မိတဲ့အခါ ဆရာမောင်သိက္ခာရဲ့ ဝတ္ထုတိုတွေထဲက အဘဉာဏ်တို့ ကြွက်နီတို့ မြေးအဘိုးတွေနေတဲ့
ရွာက‌လေး ... လို့ ...သိရတဲ့အခါ ကျနော့်ငယ်ဘဝရဲ့ခြေရာသေးသေးလေးတွေထပ်ခဲ့ရာဆီ အံ့ဩ ရင်ခုန် ကျေနပ်ရမှုနဲ့အတူ စိတ်ထဲမှာ ကြည်နူးမှု လွမ်းဆွတ်ဂုဏ်ယူသလို ခံစားရမှုတွေ ပိုခဲ့ရပါတယ်။

ကျနော်တို့ ဖတ်ရှုမိတဲ့ ရသစာပေတွေထဲမှာ တကယ်ရှိတဲ့ ဇာတ်ကောင်တွေ တကယ်ရှိတဲ့ မြို့ရွာတွေ ပြီးတော့ ဒီ မြို့တွေ ရွာတွေ လူပုဂ္ဂိုလ်တွေဟာ ကျနော်တို့ ကိုယ်တိုင်နဲ့ ထိစပ်ခဲ့ဖူးရင် နှလုံးသားရဲ့ လျှာအလုပ်မှာ
ပိုပြီး အရသာတွေ့တတ်တယ်လို့ ထင်မိပါတယ်။
စာပေထဲမှာ ကိုယ်လျှောက်ခဲ့ဖူးတဲ့လမ်းကလေး ကိုယ်တက်ခဲ့ဖူးတဲ့ ကျောင်း၊ ကိုယ်ရင်းနှီးခဲ့ဖူးတဲ့ လူတွေ ... မြို့ရွာ မြစ်ချောင်းတွေ ...စသဖြင့်
ပြန်လည် ဖတ်ရှုရတဲ့အခါ တမျိုးပဲ၊
ဒီတမျိုးဟာ သိပ်ကိုကျေနပ်ဆွတ်ပျံ့ဖွယ်ကောင်းတဲ့ တမျိုးပဲ ဖြစ်ပါတယ်။
တဆက်တည်း ဆက်ပြောရရင် ဆရာမောင်သိက္ခာရဲ့ ဝတ္ထုတိုတွေထဲမှာ ပါဝင်တဲ့ ကပ်ခိုတို့ စာဖြူစုတို့ ... စသဖြင့် ...ရွာအမည်တွေ ...ဒီအမည်တွေဟာလည်း ကျနော်နဲ့ မစိမ်းတဲ့ အမည်တွေ ...။

အမေဟာ အိမ်မှာ ကုန်စုံဆိုင်လေး ဖွင့်ထားသလိုပဲ ရွာရဲ့ အရှေ့ဖက်မှာရှိတဲ့ ကပ်ခို၊ ဥယျာဉ်ကျောင်း၊ ကင်ပွန်းခြုံ၊ ရွှေကြာကွင်း၊ကျောင်းကုန်း စတဲ့ ...ရွာတွေကို ကြက်သွန်၊ ငရုတ်သီး၊ ဆီ၊ အချိုမှုန့် လက်ဖက်ခြောက် စသဖြင့်ပေါ့ ...ကုန်ခြောက်ပစ္စည်းလေးတွေ ခံတောင်းထဲ စုံလင်အောင်ခင်းပြီး တောဈေးရောင်းထွက်တဲ့အခါ ကျနော်ဟာ အမြဲပဲ အမေနဲ့အတူ လိုက်ခဲ့ရလို့မို့ ကျနော်ခံစားရတဲ့တမျိုးဟာ ပိုပြီး ကြွရွနေတော့တယ်။

သိပ်ကို ခုံမင်ဖွယ်ကောင်းတဲ့ ကျနော် မကြာခဏ ပစ္စက္ခကနေ ထွက်ပြေးရာ အတိတ်ရေးရေး ... (ဆိုပေမယ့်) ပလက်တီနမ်ကြိုးမျှင်လိုခိုင်လက်နေတဲ့ ကျနော့်ရဲ့အနည်ထမှုအပေါ် လာ လာ ဝတ်ဆင်နေတဲ့ အကြည်ရောင် ဆွဲကြိုးလေးတကုံးပါပဲ။
မကြာခင်က ဆရာမောင်သိက္ခာရဲ့ရေဆူလို့ပွက်ကရော့နှင့် အခြားဝတ္ထုတိုများဆိုတဲ့ စာအုပ်ဈေးကထုတ်တဲ့ စာအုပ်လေးကျနော်အပိုင်ဝယ်သိမ်း ထားခဲ့မိတယ်။
ဒီစာအုပ်လေးကို ကိုင်တွယ်ပွတ်သပ်မိရုံကလေးနဲ့ ကျနော့်နှလုံးသားဟာ နုပျိုနေတော့တယ်၊ တမြည့်မြည့် လန်းဆန်းနေတော့တယ် ...။
ဖတ်ရှုလိုက်တဲ့အခါတိုင်းမှာလည်းပဲ အရောင်တမျိုးဟာ ကျနော့်စိတ် နှလုံးကို အရည်ဖျော်ခဲ့ လွှမ်းဖုံးခဲ့အခါခါပါပဲ။
ကျနော်အမည်ပေးဖို့ လက်ရွံ့ခဲ့တဲ့အရောင်လေး။
မိတ်ဆွေတို့ရဲ့စိတ်ထဲစွဲကျန်နေတဲ့ ... အတိတ်ထဲကအရောင်လေးလို ... တမျိုးပေါ့ ...။

၁၂၊ နိုဝင်ဘာ၊ ၂၀၂၃

Comments