ဝင်းမင်းခိုင် - အကြွေး

အကြွေး
ဝင်းမင်းခိုင်
(သစ်ခက်သံလွင်) နိုဝင်ဘာ ၂၊ ၂၀၂၃

ရေလို လလို အေးမြစေမယ့်အစား
နေလိုမီးလိုလောင်ကျွမ်းနေခဲ့တယ်။

ကြွက်မနိုင်ကျီမီးနဲ့ရှို့တယ်ဆိုတာ
အကယ်ဒမီကျောင်းတော်ကြီးကသင်ကြားပေးလိုက်တဲ့
တော်ဝင်သေနင်္ဂဗျူဟာတခု ဖြစ်မယ်ထင်ပါရဲ့။

အရံထိုင်ခုံမှာလက်ကျန်မရှိလောက်အောင်
လူစားလဲပြီးပွဲကြမ်းပေမယ့်လည်း
ဖလားရဖို့နေနေသာသာ ခြေစစ်ပွဲတောင်မကျော်လွှားနိုင်ခဲ့ဘူး။

ခေတ်မီအောင်ဘာတွေပဲတပ်ဆင်တပ်ဆင်
အယူအဆနဲ့
စိတ်ဓာတ်တွေကမီးကျိုးမောင်းပျက်ဖြစ်နေတော့
ပွဲစပြီဆိုတာနဲ့ထမ်းထုတ်ရတဲ့အဖြစ်တွေက
ရှက်တတ်မယ်ဆိုရင်
ရှက်တာနဲ့ပဲလဲသေလောက်တဲ့မြင်ကွင်းတွေ။

ထားရာနေစေရာသွားတွေနဲ့ အဆမတန်ထိုးကျွေးနေတာတောင်
မရေတွက်နိုင်တဲ့ကျရှုံးမှုကြီးက
မြွေတကောင်လိုဝါးမြိုနေခဲ့တာ ခါးအထက်ကိုကျော်နေပြီ။

သွေးကြွေး တဲ့
ဆွေးနွေးစရာမရှိဘူးလို့ အကြောင်းကြားစာရထားတယ်
ယူထားခဲ့သမျှပြန်တောင်းကြလိမ့်မယ်။ ။

၁၇.၄.၂၃

Comments