ဆလိုင်းဇုန် - လိုင်ဇာဆေးရုံပေါ်မှာ

လိုင်ဇာဆေးရုံပေါ်မှာ
ဆလိုင်းဇုန်
(သစ်ခက်သံလွင်) အောက်တိုဘာ ၁၁၊ ၂၀၂၃

လိုင်ဇာဆေးရုံပေါ်မှာ
ကလေးလေးက ဒဏ်ရာပရပွနဲ့ သတိရနိုးလာတော့
ဘယ်သူ့ကိုတပြီး ခေါ်လိုက်သလဲ .  .. ... ..  .....

မနေ့ညက ‌အိပ်ပျော်နေတုန်း 
ပူခနဲဖြစ်သွားပြီး ... အသံနက်ကြီးတွေနောက်မှာ
လောကကြီးတခုလုံးမှောင်သွားတယ်
အခုတော့ ဘဝတခုလုံးပါမှောင်သွားပြီ ... ... ........

မနက်ဖြန်မိုးလင်းရင် ကျောင်းမှာဆော့ဖို့
‌IDP စာသားပါတဲ့ လက်ကမ်းစာတွေထဲက 
လူပုံ အိမ်ပုံလေးတွေ ညှပ်ခဲ့မိလို့ 
အမေ စိတ်ဆိုးသွားလေသလား
အဖွဲ့စည်းတွေ အသီးသီးကရလာတဲ့ စာရွက်တွေကို
ဆော့စရာတခုခုလုပ်မိတိုင်း ဆူတတ်ပေမယ့်
အဲ့ဒီလို ခုထိ လုပ်မိနေတုန်း ... ...

သူများအမေဟာ ဈေးထဲက အသားတွေဝယ်လာတယ်တဲ့
စာအုပ်ထဲမှာ အော်ဖတ်ကြရတယ်
ကျနော်တို့ဒီတစုလုံး ဆန် ဆီအတွက် တန်းစီကြရတယ်
‌‌ဈေးထဲသွား ဈေးဝယ်ဖူးချင်တယ်လို့ ကျနော်က ပြောတော့
အမေက ပြောတယ်
ကျနော်တို့ပိုင်ခဲ့တဲ့ လိမ္မော်ခင်းအကြောင်း
အမေစိုက်တဲ့မုန်ညှင်းက ဆီဘယ်‌လောက်တောင်ထွက်ခဲ့ကြောင်း
အဖေ့နွားရှဉ်းဟာ သန်မာပြီး အတော်လှကြောင်း
အဖေ့ခြေမပြတ်ခင်အထိ အဖေက ပြောင်းခင်းနဲ့ နှမ်းကိုတစိုက်မတ်မတ်စိုက်ခဲ့သတဲ့
အဖေဟာ တောင်ယာအသွား မိုင်းနင်းမိပြီး ခြေတောက်တစ်ဖက်ဖြတ်ခဲ့ရတာတဲ့ ......
အဖေမသေခဲ့တာကိုပဲ ဘုရားကို ကျေးဇူးတင်တယ်တဲ့ ....

အိပ်ရာဝင်ပုံပြင်လိုပါပဲ
ကျနော်တို့က ရွာမှာ နှစ်ထပ်အိမ်ကြီးရှိသတဲ့
ဝါးကျဲကျဲခင်းပြီး ဝါးကပ်ကျဲကျဲကာထားတဲ့ ဒီအိမ်လေးမှာ
ရာဇဝင်လို ဇာတ်လမ်းတွေနဲ့ 
စိတ်ကူးတွေဖြန့်ရင်း 
အမေရဲ့ အရင်ကအကြောင်း သောင်းခြောက်ထောင်ဟာ
ကျနော့်ရဲ့ ည ည အိပ်မက်ပဲ

ကျနော် အဖေ့ဆီက ထွန်ယက်နည်းသင်ချင်လိုက်တာ
အမေ့ဆီက ဆီထွက်ကောင်းတဲ့ မုန်ညင်းတွေစိုက်ချင်လိုက်တာ
ဒီလိုပြောတော့ အမေက မျက်ရည်စက်စက်ကျတယ်
 အဲ့ဒီနောက် ဒီလို တောင်းဆိုမှုမျိုး အမေ့ကို မမေးတော့ဘူး ....
.........................
.........................
အမေ အမေ လို့ ကျနော် လန့်နိုးခဲ့တယ်
ကျနော်ဟာ ပတ်တီးစတွေနဲ့
အဖေကလည်း ခေါင်းမာပတ်တီးနဲ့
ကျောက်ပတ်တီးစည်းထားတဲ့ ကျနော့်လက်ကိုကိုင်ပြီး အားတင်းပြုံးရှာတယ်
သားရေ သားမေမေက ကောင်းကင်နိုင်ငံတော်ကို သွားနှင့်ပြီတဲ့ ....
အဖေ ငိုတယ် ရှိုက်ကြီးတငင်ငိုတယ် ...
ကျနော်က ခုထိ ငို လို့ မ ရ  .... .... ....  ။ 

Comments