သန်းဒါးလှဖုန်း - ပြန်ဆုံမယ့်... ရန်ကုန်


ပြန်ဆုံမယ့်... ရန်ကုန်
သန်းဒါးလှဖုန်း
(သစ်ခက်သံလွင်) စက်တင်ဘာ ၆၊ ၂၀၂၃

မြို့ပြရဲ့ စိတ္တဇမိုးဟာ
အစိုးမရလေ အငြှိုးထနေပေါ့။

ရန်ကုန်ကတော့ ရန်ကုန်ကုန်ပါပဲ
မိုးရွာရင် မိုးရေချိုးမယ်
ရေကြီးရင် လှေစီးပြီး
လေထန်တဲ့အခိုက် အသိုက်ပြန်ခိုတဲ့
ရေလိုက်ငါးလိုက်သတ္တဝါတွေ။

ရန်ကုန်ဟာ
အပြိုင်မိုးကို ဆိုင်မထိုးဘူး
ဒုက္ခဆင်းရဲခြင်းပွဲခင်းထဲမှာ
လက်ချင်းတွဲပြီး
ထီးတချောင်းကို
နှစ်ယောက်ဆောင်းဗျူဟာနဲ့
လောကဓံရဲ့ဦးခေါင်းကို
ချောင်းချောင်းပီးရိုက်နေတာ
အထာကျတယ်။ 

ရန်မကုန်တဲ့ ရန်ကုန်
ရန်ကုန်ရင်တော့ ပြန်ဆုံမယ်လေ
ခိုလှုံဖူးတဲ့ ဒီရင်ခွင်
နီးလျက်နဲ့တော့ မဝေးချင်ဘူး
ပုစွန်တောင်နဲ့ ဆူးလေကြား
ဘတ်စ်ကား သုံးမှတ်တိုင်မှာ
မီးပွိုင့်လေးခါ ခံနေပေမယ့်
အချိန်တန်ရင် အိမ်ပြန်ရောက်မှာပဲ။

"ရန်ကုန်တော့ ဖြည်းဖြည်းပေါ့ 
  ရန်ကုန်တော့ ဖြည်းဖြည်းပေါ့
  ရန်ကုန်မြို့ကြီးထွက်မပြေးပါဘူး" တဲ့

ရန်ကုန်ကို
ကြိုသိနေလို့များ
ဒီသီချင်းဆိုခဲ့တာလား စိုင်းထီးဆိုင် ရယ်။

    05.Sep.2023

Comments