လွန်း - အဖေနဲ့ သား လက်ဖဝါးဇောင်းအားပြိုင်ပွဲ

အဖေနဲ့ သား လက်ဖဝါးဇောင်းအားပြိုင်ပွဲ
လွန်း
(သစ်ခက်သံလွင်) စက်တင်ဘာ ၂၃၊ ၂၀၂၃

-
ကျနော် ၁၀ နှစ်သားမှာ အကြောင်းအမျိုးမျိုးတွေအရင်းခံပြီး အဖေနဲ့အမေ လမ်းခွဲကြပါတယ်။ လင်မယားကွဲတယ်ပေါ့ဗျာ။
ဆိုတော့ အဖေနဲ့အမေဟာ တမြို့တရွာဆီဖြစ်ကြပေါ့။
ဒီမှာ တရားရုံးရယ် ဘာရယ်အဆုံးအဖြတ်မဟုတ်ဘဲ ကျနော်တို့မောင်နှမ ၆ ယောက်က အမေနဲ့အတူ လိုက်နေကြပါတယ်။ ဒါကို အဖေက သား သမီးစရိတ်အဖြစ်ငွေတချို့ထောက်ပံ့ပါတယ်။ ဝန်ထမ်းဆိုတော့ လောက်လောက်ငှငှတော့ ဘယ်ဟုတ်ပါ့မလဲ။
ဒီလိုနဲ့ ကျနော် ၁၇ နှစ်သားအရွယ်ရောက်တော့ ကျနော်တို့ရှိရာမြို့က သူ့သူငယချင်းအိမ်တအိမ်ကို အဖေရောက်လာပြီး ကြားခံတယောက်နဲ့ ကျနော်တို့ကို ခေါ်တွေ့ပါတယ်။
ကျနော်တောင် ၁၇ ဆိုတော့ ကျနော့်အထက်အစ်မတွေက အပျိုကြီး ဖားဖား ဝင်းဝင်းမှည့်မှည့်ကြီးတွေပေါ့ဗျာ။
အဲ ကျနော်မှတ်မိနေတာက အဲဒီ့အရွယ်အထိ အမေကလဲ သူ့သမီးတွေနဲ့အပြိုင် အရွယ်ကောင်းတုန်း၊ လန်းနေတုန်းပဲပေါ့။ 
ဒီလိုပြောရတာကအကြောင်းရှိတယ်။ 
ထုံးစံအတိုင်း အဖေက သူ့သမီးတွေ (ကျနော့်အထက် ၃ ယောက်၊ ကျနော့်အောက် ၁ ယောက်) ကိုခေါ်တွေ့ပြီး တော်တော်ကြာတော့ သားတော်မောင် ကျားနှစ်ကောင် ကျနော်နဲ့ ကျနော့်ညီအလှည့်ပေါ့။
ညီလေးက ကျနော့်ထက် ၄-၅ နှစ်လောက်ငယ်တော့ ကလေးပဲရှိသေးတာပါ။
ကျနော်ကတော့ အဖေနဲ့တောင် မတိမ်းမယိမ်း။ 
အဖေက ကျနော့်ကိုတွေ့တွေ့ချင်း လက်သီးဆုပ်ခိုင်းတယ်။ လက်မောင်းကွေးပြီး ဗလညှစ်ခိုင်းပြတယ်။ ပြီးတော့ လက်ဖျံ၊ လက်မောင်း၊ လည်တိုင်၊ ရင်အုပ် ..စသည် မသိရင် စစ်ထဲဝင်မယ့်ကောင်လို အသေးစိတ်ကိုစစ်တော့တာ။ 
ဒီလိုလုပ်တာလဲမဆန်းဘူးလေ အဖေက ဒီအရွယ် ဂျပန်တော်လှန်ရေးလုပ်ဖို့စစ်ထဲလိုက်တဲ့လူဆိုတော့ ဒီစိတ်မျိုးသာရှိတော့မပေါ့။ 
(ပြောရရင် အဖေဟာ ကျနော့်နှလုံးသားအင်အားကိုတော့ ဖျစ်ညှစ်ပြခိုင်းဖို့မေ့နေခဲ့တာတခုပါပဲ)
ထားပါတော့။
အရွယ်ရောက်နေတဲ့သူ့သမီးတွေရဲ့အန္တရာယ်ရန်စွယ်တွေကို ကာနိုင်ကွယ်နိုင်တဲ့မောင်မှ ဖြစ်ပါ့မလား အဖေတွက်ကောင်းတွက်မှာပေါ့။
အဲ နောက်ဆုံးကျတော့ ကျနော်နဲ့စိန်ခေါ်ပွဲတပွဲလုပ်တယ်ဗျ။
လက်ဖဝါးဇောင်းနဲ့လက်မောင်းကြွက်သားကို တလှည့်ဆီခုတ်စတမ်း။
မခံနိုင်တဲ့လူအရှုံးပေးစတမ်း။
ဟား …ဘယ်ပြောကောင်းမလဲ ကျနော် သဘောကျမှကျ။ 
၁၀ နှစ်သားထဲက အဖေနဲ့ကွဲနေခဲ့တဲ့ကောင် ခုလို လူပျိုပေါက် ချိုသွေးချိန်ရောက်တော့မှ အဖေ့ကိုပြန်တွေ့၊ စိတ်ထဲအဖေ လန့်သွား တုန်သွားအောင် အားဗလအစွမ်းကလဲပြချင်နေတော့ ချက်ချင်းပဲ ခေါင်းညိတ်ပြီး အံကိုတင်းတင်းကြိတ်ထားလိုက်တယ်။ 

ကျနော်ပြန်တွက်ကြည့်တော့ အဖေအသက် ၂၉ နှစ်သားမှာ ကျနော်က မွေးလာခဲ့တာဆိုတော့ ကျနော်  ၁၇ နှစ်သားမှာ အဖေက ၄၆ ပေါ့။ 
ပြောမယ်ဆို အတက်နဲ့အကျပေါ့။ အဖေက အကျ၊ ကျနော်က အတက်။
အဖေက သူ့လက်မောင်းကို မောင်စကြာဝဠာကြီးတွေ ဗလပြသလို ပခုံးနဲ့ထောင့်မှန်ကျကျတန်းပြီး ဆွဲကွေးတင်လိုက်ပြီး လက်ဖျံကိုတော့မျဉ်းမတ်တကြောင်းထူစိုက်လိုက်သလို တောင့်ထားလိုက်တယ်။ လက်ချောင်းတွေကိုကျစ်ကျစ်ပါတဲ့အထိ အားထည့်ဆုပ်လို့ပေါ့။ 
အဖေ့လက်သီးဟာ မိုးပေါ်ထောင်လျက်သား။

“ ကဲ မင်းလက်ဖဝါးဇောင်း အားပြလိုက်စမ်းကွ ” တဲ့။ 

အဲဒီ့အချိန်မှာ ကျနော်တို့ခပ်ငယ်ငယ်က ခေတ်စားလှတဲ့ဂျပန် ခရာတေးရုပ်ရှင်တွေမှာ မင်းသားတွေ ကီသွားတယ်ဆိုလား … လက်ဖဝါးကို ငါးခုံးမလို ထောင်လိုက်ထောင်၊ လက်မောင်းကိုကိုယ်ရှေ့တည့်တည့်ထုတ်၊ တဆတ်ဆတ်တုန်လာတဲ့အထိ အားသွင်းပြီး အဖေ့လက်မောင်းအရင်းဘက်ခပ်ကျကျနေရာက ခုံးထနေတဲ့ကြွက်သားဖုကို တအား ခုတ်ချလိုက်ပါတယ်။ ပါးစပ်ကလဲ ဂျပန်ရုပ်ရှင်ကားထဲကမင်းသားလို “ယား” ဆိုပြီး အသံကြောင်ပေးပြီး အော်လိုက်မိသေး။
ကျနော့်လက်ဖဝါးဇောင်းရိုက်ချုလိုက်ချိန်မှာတော့ အဖေ့နှုတ်က အင့်ခနဲမြည်သံသိသိသသာပဲကြားလိုက်ရပါတယ်။

ကျနော်ခုတ်ချလိုက်တဲ့အဖေ့လက်မောင်းရင်းနေရာက ကြွက်သားဖုဖုမှာလဲ လက်ဖဝါးဇောင်းရာစင်းစင်းကြီးက နီညိုညိုကြီးအထင်းသားပေါ်လို့။ 
အဖေဟာ မျက်နှာနည်းနည်းညိုသွားပြီး တခြားလက်တဖက်က သူ့လက်မောင်းကို ကြိတ်ချေလို့ပေါ့။
အဖေ အတော်အီစလံဝေသွားပုံပါပဲ။ 
ကျနော်တို့လူမမယ်လေးတွေကို ပစ်ထားခဲ့တဲ့အဖေ မှတ်ပြီမဟုတ်လား။ 
ကျနော်ဟာ အဖေရဲ့ခပ်ဆိုင်းဆိုင်းဖြစ်သွားတဲ့အရိပ်အခြေကိုကြည့်ပြီး စိတ်ထဲက ကိုယ့်ကိုယ်ကိုယ် အကျေနပ်ကြီးကျေနပ်လို့ပေါ့။ အဖေ မှတ်ပြီမဟုတ်လား။

ကျနော်ဟာ ဆရာဇော်ဂျီ့ကဗျာတပုဒ်ထဲကလို စစ်သားကြီးလုံးလုံး ဗိုလ်မှူးကြီးရှုံးလောက်ရဲ့...ဆိုတဲ့ စာချိုးထဲကလိုမဟုတ်သေးရင်တောင် ခေသူတော့မဟုတ်တော့ဘူးလို့ အဖေယုံမှတ်လောက်ပါရဲ့။

အဲဒီလိုမာန်တက်ကောင်းတုန်းမှာပဲ ကျနော်ဖျတ်ခနဲသတိရသွားတာက ဒီတခါ လက်မောင်းအိုးကိုလှန်ရမယ့်သူက ကျနော်ပေပဲကိုး။ 
ကျနော်က အဖေ့နည်းတူပဲ လက်မောင်းကို ကာယဗလမောင်တွေ ဟန်မျိုးနဲ့ အဖေ့ရှေ့မှာ ကွေးပေးထားလိုက်တယ်။ 
နှုတ်ကလည်း “ ဖေဖေ့အလှည့်လေ” လို့ ပြောလိုက်သေးတယ်။ 

အဖေက ကျနော့်မျက်နှာကို တချက်ကြည့်လိုက်တယ်။ ပြီးတော့ ကျနော့်လက်ဖဝါးဇောင်းဒဏ်ကြောင့် ကြေနေုပုံရတဲ့ သူ့လက်မောင်းအိုးကို သူ့လက်တဖက်နဲ့ဖျစ်ညှစ်ရင်းက …
“ အဖေ မရတော့ဘူး၊ အားမထည့်နိုင်တော့ဘူး၊ တော်တော် နာသွားပြီ ” တဲ့။
အဖေ့စကားအဆုံးမှာ ကျနော်ကျေကျေနပ်နပ်ကြီးကိုအားရပါးရ ပြုံးလိုက်တယ်။ 
အဖေ့ဆိုတာ အနိုင်ယူရကောင်းတဲ့အရာမဟုတ်ပေမယ့် ကျနော် ၁၇ နှစ်သားလေးဟာ အောင်နိုင်သူစစ်သူကြီးတဦးရဲ့အပြုံးမျိုးကိုပြုံးနေရင်းပေါ့။
…..
တကယ်တော့ ဒီတပိုင်းက ဆက်မရေးချင်တော့ပါဘူး။
အဖေနဲ့လက်ဖဝါးဇောင်းခုတ်တမ်းစိန်ခေါ်ပွဲအပြီး နောင် ၁၀ နီးပါးကြာတဲ့အခါ အဖေနဲ့ထပ်မဆုံခဲ့ရင် ဒီတပိုင်းက ဆက်ရေးဖြစ်မှာ မဟုတ်ဘူးပေါ့။
ဆိုကြပါတော့။ ကျနော့်အသက် ၂၅ လောက်ဝန်းကျင်လောက်ရောက်တော့ အဖေနဲ့တခါဆုံပြန်ပါတယ်။ 

အဲဒီတော့ အဖေလဲအိုလှပါပြီ။ အမေလဲ အိုလှပါပြီ။ ကျနော့်အစ်မတွေလဲ အိမ်ထောင်ရက်သားတွေကျသွားကြရုံမက ကျနော့်ညီမလေးတောင် သားသယ်မအေ ဖြစ်နေပါပြီ။
ဒီလိုနှစ်ကာလနဲ့အရွယ်အသက်တွေဖြစ်လာတော့ အဖေဟာလဲ တမင်ဝေ့ပတ်မနေတော့ပဲ အိမ်ကိုပဲဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတယ်။ အဖေတို့အမေတို့မှာ ဟန်တွေ မာန်တွေ မရှိကြတော့ပါဘူး။ နှစ်ပရိစ္ဆေဒများဟာ လူသားတွေကို တရားဒေသနာများအဖြစ် လက်ခံနာယူဖို့ သွန်သင်ဆုံးမပေးခဲ့ဟန်မျိုးပါပဲ။

အဖေရောက်နေတဲ့ရက်များထဲကတနေ့မှာပဲ ကျနော်တို့အိမ်ခြံစည်းရိုးကို အသစ်လဲဖို့ဖြစ်လာပါတယ်။ အဲဒီ့စည်းရိုးဟာ ဆွေးမြေ့သွားလို့မဟုတ်ပါပဲ လူတချို့က ဖြုတ်ဖြုတ်ခိုးသွားလို့ ကြည့်မကောင်းရှုမကောင်း မညီမညာဖြစ်နေတဲ့အတွက် လဲကြရမှာဖြစ်ပါတယ်။ တကယ်က နှမြောဖို့လဲကောင်းလှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပျဉ်းကတိုးသားတွေနဲ့ချည်း ကာထားတာကိုး။

ဒီလိုနဲ့ခြံစည်းရိုးဟောင်းကို သံနှုတ်နဲ့လိုက်ကော်ထုတ်နေတုန်း တနေရာမှာ သစ်သားတချောင်းဟာ ဘယ်လိုလုပ်လုပ် ဖြုတ်မရ၊ နှုတ်မရဖြစ်နေပါတယ်။ အနားမှာရပ်နေတဲ့အဖေလဲ ဝင်လုပ်ကြည့်ပါတယ်။ မရပါဘူး။ သားတလှည့်အဖေတလှည့် လုပ်ကြည့်ပေမယ့် ဘယ်လိုမှကို ထုတ်မရ နှုတ်မရ ဖြုတ်မရဖြစ်နေတော့ အဖေဟာ စိတ်ထွက်လာပုံပဲ။ 
ကိုင်းကွာဆိုပြီး အဲဒီ့သစ်သားရဲ့တနေရာကို သူ့လက်သီးနဲ့ ဆတ်ခနဲထိုးချလိုက်ပါတယ်။ တပေအကွာလောက်ကနေ လက်သီးကိုဆတ်ခနဲထိုးထည့်လိုက်တာပါ။ သစ်သားဟာ ဖြောင်းခနဲအသံကျယ်ကြီးမြည်ပြီး လက်သီးထိချက်နေရာကနေ ကျိုးကျသွားပါတယ်။

ကျနော့်စိတ်ဟာ ချက်ချင်းပဲ လွန်ခဲ့တဲ့နှစ်များက တရက်သားဆီကိုပြန်ရောက်သွားပါတယ်။ 
ဘယ်နေ့ဖြစ်ရအုံးမလဲ။ 
ကျနော်တို့ လက်ဖဝါးဇောင်းချင်း အားပြိုင်ခဲ့ကြတဲ့နေ့။ အဖေရှုံးသွားတဲ့နေ့။
ကျနော် ၁၇၊ အဖေ ၄၆။
အခု ကျနော် ၂၅ ၊ အဖေ ၅၄-၅၅ အဘိုးအိုပေါက်စ။
ခြမစား ပိုးမကိုက်ရုံမက သစ်တွေထဲမှာ မာကျောဂုဏ်မြင့်လှတဲ့ နှစ်ပိုင်းကျိုး ပျဉ်းကတိုးသား တချောင်း။
ကျနော်တို့တွေဟာ တရားတခုခုကို နှစ်ပေါင်းများစွာကြာမှ ဦးချဖူူးမျှော်ခွင့်ရခဲ့ကြရတာကိုး။ ။ 
-
လွန်း
စက်တင်ဘာ ၁၃၊ ၂၀၁၉
ည- ၉း၅၀ 

Comments