ကြံထူး - အညာနွေ

အညာနွေ
ကြံထူး
(သစ်ခက်သံလွင်) ဩဂုတ် ၃၀၊ ၂၀၂၃

ရွက်ကြွေတွေနဲ့ အနားကွပ်ထားတဲ့နွေဟာ
ပမ်းလျနွမ်းယဲ့နေပုံပေါ်ပေမဲ့
မဟုတ််မခံစိတ်နဲ့
တနေ့ ရွက်နုတွေပြန်ဝေအုံးမယ်
အဲဒီနွေကို ငါလွမ်းတယ်။

လေပွေဝဲကတော့တွေထဲ
ရွက်ဝါရော်ရီတွေ ကခုန်စေတဲ့နွေဟာ
ပျော်ရွှင်နေပုံပေါ်ပေမဲ့
စိမ်းသက်သက် ထနောင်းရွက်နုတွေမှာ
မျက်ရည်စတွေနဲ့
အဲဒီနွေဟာ ငါ့ရင်မှာ နာကြင်ကြေကွဲရ။ 

ထန်းတောတွေနဲ့ ယစ်မူးခဲ့တဲ့နွေ
မှေးစက်ခဲ့တဲ့နွေ
ချိုမြခဲ့တဲ့နွေ
အေးမြနေခဲ့ပုံပေါ်ပေမဲ့
ခုတော့
မီးလောင်ပြင်ပြာပုံအောက်
ငါချစ်သောအညာနွေဟာ 
ပျောက်ရှဆုံးရှုံးရပါပကော။ 

ငါစိတ်ပူတယ်။ 
ခါးသီးမှုတွေနဲ့
ငါရင်မောတယ်။  
ငါ ငိုကြွေးမြည်တမ်းနေမိတယ်။

ဒါပေမယ့်
မတရားမှုအပေါ်
အရှုံးမပေး
လက်မမြှောက်တတ်
ဒူးမထောက်တတ်တဲ့
ငါ့အညာရဲ့နွေ
ငါယုံကြည်မျှော်လင့်တယ်
အဲဒီနွေကို ငါချစ်တယ်
ငါချစ်သော အညာနွေကို 
မကြာခင်
ငါတို့ ပြန်ပိုင်ဆိုင်ရမယ်လို့ယုံတယ် 
ချစ်သောအညာနွေရေ 
ကမ္ဘာမကြေဉဒါန်းများလွင့်ပျံလျက် ....

Comments