ဘုန်းသု - စစ်ပုစ္ဆာအဖြေရှာဖွေခြင်း

Image- Credit
စစ်ပုစ္ဆာအဖြေရှာဖွေခြင်း
ဘုန်းသု
(သစ်ခက်သံလွင်) ဩဂုတ် ၂၁၊ ၂၀၂၃

အချစ်တွေ မစစ်ကြတော့
စစ်တွေဖြစ်ကြတာပေါ့။

မေတ္တာကမ်းတော့
စစ်က ဟော့ဟော့သွမ်းသွမ်းရယ်။

စာနာမှုနွမ်းတော့
စစ်ဟာ မရမ်းပတာ 
မြင်မြင်ရာ ကြမ်းတော့တာပဲ။

ကိုယ်ချင်းစာတရားမရှိတော့
လိုရင်းရှာစရာအဖြေမဲ့တာလဲ
ကျိန်းသေတယ်။

မချစ်လို့ ''စစ်'' တာပဲဖြစ်ဖြစ်
မစစ်လို့ ''စစ်'' တာပဲဖြစ်ဖြစ်
အချစ်ကင်းတဲ့အခါ
စစ်အတွင်းမှာ မိသားစုတွေခမျာ
သေကွဲရှင်ကွဲ ဝေဒနာ။

စစ်ဆိုတဲ့စကား
အချစ်ဆိုတဲ့ တရားလောက်မငြိမ်းချမ်းတော့
စိမ်းလန်းတဲ့မေတ္တာတရားပျောက်
အတ္တဆိုတဲ့ ကိန်းဂဏန်းတွေအောက်ရောက်ခဲ့ပေါ့

စစ်ဆိုတဲ့အနိဋ္ဌာရုံမှာ
ကျဆုံးသွားခဲ့ရတာဟာ
လူ့အသက်
မိသားစုသွေးချွေးတွေတင်မဟုတ်
နိုင်ငံတော်ကြီးတခုလုံးပါ သေသွားခဲ့တာ။

စစ်
အချစ်တွေ မပါတော့
ဗြဟ္မစိုရ်တရားတွေ ခမ်း
ငြိမ်းချမ်းလမ်းဟာ အဝေးကြီး။

အတ္တ စစ်
လောဘ စစ်
ဒေါသ စစ်
စစ်ဟာ အရာရာကို ဖျက်ဆီး
ဒီမီးတောက်တွေအကြား 
ခင်ဗျားက ကြီးပွားမယ်ထင်နေလား။

လူလူချင်းချင်း
မေတ္တာသည်သာ ပဓာန
အချစ်သည်သာ လူ့ကိစ္စ
ကိုယ်ချင်းစာတရားသည်သာ အဓိက
အတ္တကိုဗဟိုပြုမီးတိုက်
''စစ်'' ဖန်တီးရေးသမားလူမိုက်တွေ ကျဆုံးကြပါစေ 
အမြန်ဆုံး ကျဆုံးကြပါစေသား .... ။ ။


(ငြိမ်းချမ်းစိမ်းလန်းသော တွဲလက်တို့သည်သာ လောက၏အဦးအမွန်ဖြစ်သည်။)

Comments