မင်းဟန်ထွန်း(တေးသီငှက်) - နိဗ္ဗုတ

နိဗ္ဗုတ
မင်းဟန်ထွန်း(တေးသီငှက်)
(သစ်ခက်သံလွင်) ဇူလိုင် ၁၀၊ ၂၀၂၃

၁ ။

ဒီကိစ္စရဲ့ အဆုံး အစ ကြာမြင့်ချိန်ကို
ဘယ်ရွေ့ဘယ်မျှ သုံးသပ်တိုင်းတာထားပါသလဲ 
အုန်းသီးထဲက အုန်းရည်ကို
အဝေးထိန်း(စက်)ခလုပ်နှိပ်ပြီး ပိုက်တပ်သောက်ရင် 
အဆင်ပြေမလား (ကောင်းမလား)
ရောက်သွားတဲ့နေရာကပြန်လှည့်ဖို့ ညွှန်ကြားချက်ကတော့
လမ်းညွှန်မြေပုံပေါ်မှာမပါ ပါ ။

၂ ။

နောင်တချိန် ဆိုတာကို မယုံကြည်ဘူးဆိုတဲ့ လူတယောက်
ပန်းဆိုးတန်းလမ်းမပေါ် က ခေါင်းငိုက်စိုက်ချ
လမ်းလျှောက်ပြန်သွားတဲ့ညနေ 
လေထဲက ငှက်ကလေးတွေ
ဝါယာဓဦတ်ကြိုးတွေပေါ် တွဲခိုမနားခင် 
တမြို့လုံး ဝုန်းဒိုင်းကြဲမှောင်သွားတဲ့ ညနေ 

တရားရစရာ ကောင်းလိုက်တာကွာ လို့ဆိုပြီး
နောက်ဆုံးလက်ကျန်ယစ်ရွှေရီ(သေရည်)ခွက်ကို 
"ဂွပ် " ခနဲ မော့ချလိုက်တဲ့ညနေ ။

မိုးရွာပြီးစ ညနေခင်းတခုရဲ့နာကျင်တုန်ခါမှုတွေ များစွာ
အုံ့ဆိုင်းမှိုင်းပြနေတဲ့ မပီမသအသံထွက်တွေ များစွာ
တစထက်တစ ခါးလာတဲ့ညနေစာတွေ များစွာ
"ည" ကို "ည" က ထပ်ပြီး အမှောင်ချထားတဲ့နေ့တွေလေ  ။

၃ ။

အမှတ်တမဲ့ မနေကြပါနဲ့  
အမှတ်တမဲ့ မနေကြပါနဲ့
ခေါင်းဟက်တက်ကွဲ ကြီးနဲ့ အမှတ်တမဲ့မနေကြပါနဲ့
ရက်ရက်စက်စက် ရိုက်ခွဲချက်တွေနဲ့
ရှင်ခြင်းကို သင်းသတ်ခံရတဲ့ နေ့တွေ ကို
အမှတ်တမဲ့ မနေကြနဲ့ ။

၄ ။

ငိုခြင်း လား အဆင်ပြေသလို ငို
ရယ်ခြင်း လား
အလျှဉ်းသင့်သလို ပြုံံးရယ်
ငါ တို့ အားလုံး ဟာ
ငါး ဆားနယ်ထားသလို အခန်းကဏ္ဍတွေကို
လူးလှိမ့် ကျော်ဖြတ်ကြ နေ(ခဲ့ ကြတဲ့) သူတွေ  ။

၅ ။

ဂန္ဓီက ဟောတယ် ငြိမ်းချမ်းစွာ ဆန္ဒပြကြ 
နပိုလီယန်ကပြောတယ် နဂါးတို့အိပ်ပျော်နေပါစေ
သူနိုးလာလျှင်
(ကမ္ဘာကြီးအတွက် စိုးရိပ်ဘွယ်ရာရှိကြောင်း)

မာသာထရီဆာကတော့
မေတ္တာတရား နဲ့ အစာရေစာ မျှဝေနွေးထွေးစေခြင်းဟာ
.....
.....
အထက်ပါ ဝါကျတွေအားလုံးဟာ
ဝုန်းဒိုင်းကျဲနေတဲ့ နောက်ခံစစ်ပွဲများစွာကိုတည်မှီပြီး
ပေါက်ဖွားလာတာ ။

၆ ။
သင် နှင့် ကျွနု်ပ် 
ရွေးချယ်စရာ လမ်းတွေ က
ပရမ်းပတာ နိုင်လွန်းစွ ။

၇ ။

"နိဗ္ဗုတ"  တဲ့  
မျက်စိရှင်ရှင်နဲ့သာ ကြည့်ကြ
ငြိမ်း အေးခြင်း ဖြစ်နိုင်သလို
ချုပ်ငြိမ်းခြင်းလည်း ဖြစ်(နိုင်)ရဲ့ ။    ။

30/6/2023.

Comments