ငဇ - တငုံစာအလွမ်း

တငုံစာအလွမ်း
ငဇ
(သစ်ခက်သံလွင်) ဇွန် ၁၈၊ ၂၀၂၃

ဆကာကြီးကို လှေနဲ့
မင်းကျောင်းပြောင်းတက်တော့ ငါကနှစ်တန်း
မင်းထမင်းချိုင့်ထဲ
အမြဲထည့်ခဲ့တဲ့ ဟင်းက ငါးပိစဉ်းကောကြော်
ဒီတုန်းက တို့တတွေ အတူဆင်းရဲခဲ့ကြတယ်
ကျောင်းပြန်ရင် အိမ်စာတွေနဲ့အတူ
တို့စရာတမျိုးမျိုးတော့ မင်းခူးခဲ့တာပဲ
ငါ့အစ်ကို
မပြေလည်တဲ့ ကိုင်းသမားမိသားစုမှာ မင်းကအကြီးဆုံး
အဖေနဲ့အမေရဲ့ မျှော်လင့်ချက်က မင်းပဲ
အငယ်တွေရဲ့ အနာဂတ်အတွက် တဲ့
ငါးတန်းတနှစ်နဲ့ ကျောင်းထွက်ခဲ့ရတယ်
စာတော်တဲ့ ကျောင်းပျော်တဲ့ မင်း
ဘာလို့ တည်ငြိမ်နေတယ် ငါမဖမ်းတတ်ခဲ့ဘူး
ငါ့ထက်
အစွမ်းအစ ရှိတာလည်း ငယ်ငယ်ကတည်းကပဲ
ရာသီကုန်ချိန်
ခရမ်းကျွတ်သီးတွေ ကောက်သင်းကောက်ခူးပြီး
ကံလှရွာဘက် ရွက်ရောင်းခဲ့ကြတယ်
စုဘူးခွဲရင် မင်းက ငါ့ထက် အမြဲများနေတော့တာပဲ
မင်းက တီထွင်သူပဲ
လောက်စာလုံးကနေ မုန့်ဖိုးပိုက်ဆံကိုထွင်သလို
လောက်စာလုံးကပဲ ဗလာစာအုပ်တွေထွင်တယ်
မင်းကို ငါအမြဲ မော့ကြည့်နေရတာပဲ
မင်းဟာ
ပျော်စပျိုးချိန်မှာ
အနုတ်ခံရပြီး မြို့ပေါ် ပစ်တင်ခံရတဲ့ ပဲလွန်းပင်
ရွာမှာ ကျန်ခဲ့ပြီး ဗွီဒီယိုရုံထဲက ရန်ကုန်ကို
လှမ်းခူးချင်တဲ့
ငါ့ခြေထောက်တွေကတော့ ရွာမှာပဲ
မြို့ကိုသွားတဲ့ သင်္ဘောကြီး ဝေးသွားတော့
ရွာပခုံးပေါ်မှာ အဖေနဲ့ငါ
အဖေ မျက်ရည်သိပ်လွယ်တာ မင်းသိသားပဲ
ခဏ ခဏ သုတ်ပေမယ့် မရဘူး
ငါကလည်း အဖေတူသားပဲ
လွမ်းစရာတွေကတော့ အများကြီးပါပဲ
လွမ်းမိသမျှတွေထဲက
မင်းကြိုက်တဲ့ ဘီယာတငုံစာမျှလောက် အလွမ်းပါ
ငါ့အစ်ကို။

14.June.2023

Comments