ဟာန ဥပါဒါန
နေမင်းသ
(သစ်ခက်သံလွင်) ဇွန် ၁၁၊ ၂၀၂၃
ဘယ်အရာက ခွဲခြေလိုက်တာလဲ ၊ နံရံကို ပစ်ပေါက်ခံလိုက်ရတဲ့ သလဲသီးတလုံးလို ၊ ကမ္ဘာဟာ ကစဥ့်ကလျားနဲ့ ၊ အလံတင်ခြင်း လမ်းပေါ်မှာ ၊ နာကျင်လိုက်ပုံများ ဘယ်တရားနဲ့ဖြေရပါ့ ။ ငါတို့ဟာ..... အမြဲတမ်းမင်းသား ၊ အမြဲတမ်းဗီလိန် ၊ အမြဲတမ်းဇာတ်ပို့ ၊ အမြဲတမ်းဇာတ်လိုက်ကျော်တွေ ၊ ပုံဆောင်ဝတ္ထုတွေထဲ အမြဲ က ရ ၊ ဝင်္ကဘာ ငယ်ကွေ့မှာ အခါခါကျော့ခံရ ( နဲ့ )... ဒါဟာ....ငါတို့ ဖြစ်တည်မှုလား ။ ယန္တယားဆန်တဲ့ ပညာရပ်သုံး ဘာသာစကားတွေ ၊ သိပ္ပံဆန်တဲ့ နည်းပညာသုံး ဝေါဟာရတွေ ၊ အသွေးအသားမဆန်တဲ့ အရပ်သုံးစကားလုံးတွေနဲ့ ၊ ငါတို့ရဲ့ မနေ့ကခြေရာတွေကို အေးခဲစေခဲ့ ၊ ငါတို့ရဲ့ မနက်ဖြန်တွေကို တုံ့ဆိုင်းစေခဲ့ ၊ မြုံနေတဲ့မီးဟာ ပန်းလိုမပွင့်သေးတော့..... နေရောင်ပျောက်..... လရောင်ပျောက်နေ့တွေထဲကို ကိုယ့်အနာကို နာကျင်ခြင်းထဲ စိမ်ထားကြရ ၊ ကမ္ဘာနဲ့ငါကြားက ချက်ကြိုးကို ချော့မြှူနေကြရ ၊တကယ်တော့ ဒါတွေဟာ ဆန်းတယ်ရယ်လို့ မဟုတ်လှပါဘူး ၊ ငါတို့ဟာ...ပြုသူတွေဖြစ်တယ် ၊ သမိုင်းရဲ့လိုအင်အတွက်.....။ ဒီကဗျာ ဒီမှာတင်ပြီးတယ် ။ ။
Comments
Post a Comment