ခင်လွန်း - "မှန်ဘောင်အပြင်က ရှုခင်း "

"မှန်ဘောင်အပြင်က ရှုခင်း "
ခင်လွန်း
(သစ်ခက်သံလွင်) မေ ၂၅၊ ၂၀၂၃
-
ဒီနေ့ အရုပ်တရုပ်မှမဆွဲဖြစ်ခဲ့ပါဘူး၊ နေလေးနည်းနည်းသာတာနဲ့ အဘိုးကြီး အဘွားကြီးနှစ်ယောက် လမ်းလျှောက်ထွက်ကြပါတယ်။ ဆောင်းအအေးဓာတ်ထဲ နှစ်ပတ်လောက် အိမ်အကျယ်ချုပ်ကျထားရာကနေ လိမ်မော်ရောင်နေခြည်လေးကိုမြင်လိုက်ရတော့ နှစ်ဦးသားသိပ်ညှိနှိုင်းမနေရဘဲ လမ်းမပေါ်ထွက်ခဲ့တာပေါ့။ ခါတိုင်းနေ့တွေထက် အများကြီးနွေးထွေးတာမို့ သိပ်ထူထဲတဲ့အဝတ်တွေလဲ ဝတ်မနေတော့ဘူးပေါ့။ အဘွားကြီးကဆို ခေါင်းဆောင်းဗလာနဲ့တောင် ထွက်လာခဲ့တာပါ။ ကိုယ်တွေကတော့ ‘အဘိုးကြီး ခေါင်းမွှေးက ကုန်သလောက်ရှိနေပြီ၊ အဲဒီ့ခေါင်းစွပ်ကြီး ကြပ်ကြပ်သာ ဝတ်နေပေါ့ ..’လို့ အဘွားကြီးက ခပ်ငေါ့ငေါ့လေးသတိ ပေးပြောတတ်ပေမယ့် ငယ်ထိပ်ကိုအအေးဓာတ်ထိရုံနဲ့ အလိုလိုနှာပိတ် အသက်ရှူခက်သွားတတ်လို့ စွပ်မြဲ စွပ်ခဲ့ရတာပါပဲ။
ဝေးဝေးလဲ လျှောက်နိုင်ကြတော့တာတော့မဟုတ်ပါဘူး။ ခါးရိုးထဲ စတီးချောင်းတွေထည့်ပေးထားလို့ လူဟာ အရင်မခွဲခင်ကလို ခါးကြီးစောင်းမနေတော့ဘဲ ခပ်မတ်မတ်ဖြစ်လာပေမယ့်လမ်းကြာကြာလျှောက်ရင် ထော့ကျိုးထော့နင်းဖြစ်လာတာကိုတော့ ဟန်ဆောင်ဖုံးဖိထားလို့ မရနိုင်တော့ပါဘူး။ အဘိုးကြီးကိုယ်က သိပ်မလျှောက်နိုင်တော့လို့ အဘွားကြီးသူကလျှောက်နိုင်သလားဆိုတော့ လမ်းတခါလျှောက်ဖို့အရေးဟောရတဲ့တရားက စီဒီတချပ်စာလောက်ရှည်ဝေးလှပါတယ်။ အိမ်ထဲခြံထဲ လှည့်ပတ် ဓာတ်ဖမ်း၊ သူ့ကြောင်လေးနဲ့ အချီ အချစကားပြော၊ သတင်းတွေနားထောင်၊ ဖတ်ရှု၊ ပြီး အာရုံရတဲ့ စားစရာတမျိုးမျိုး ထလုပ်စားနဲ့ တားမရ နှိမ်မရတာက ဝိတ်ပေါ့။ အသက်ရလာတဲ့အခါ ဝိတ်ဟာ တက်ဖို့လွယ်သလောက် ပြန်ချဖို့ရာတော့ ခေါင်းမာတော့တာပဲမဟုတ်လား။ ဒီလိုနဲ့ ထဖို့ ထိုင်ဖို့ လမ်းလျှောက်ဖို့ကိစ္စတွေဟာ ဝန်တာကြီးလာသလို ဖြစ်လာတော့ ဘာတရားလာဟောဟော အဟောသိကံ မတိုးတော့တာများပါတယ်။ ပိုဆိုးတာက ရာသီဥတုကလဲ ငြင်းပယ်ခြင်းသမားတွေဘက်က ရပ်ခံနေတာကိုး။ သိပ်အေးတဲ့နိုင်ငံလေ။
ထားပါလေ၊ ဒီနေ့တော့ မက်ဒရင်းလိမ္မော်ရောင်နေခြည်လေးထိုးကျနေတဲ့အပြင် ပျောက်ချက်သားကောင်းနေတဲ့ အနွေးဓာတ်လေးပါ နေရောင်နဲ့အတူ ပိုပိုလျှံလျှံလေးပါလာတော့ အဘိုးကြီးရော အဘွားကြီးပါ လမ်းမပေါ် ထွက်ဖြစ်ခဲ့ကြတာပေါ့။
လူဦးရေနည်းပါးတဲ့နိုင်ငံရဲ့ လူဦးရေနည်းပါးတဲ့မြို့လေးမှာ နေရောင်ခြည်အောက် လမ်းလျှောက်ထွက်ရတဲ့အရသာဟာ တကယ်ပဲအရသာရှိလှပါတယ်။ ကိုယ်တွေမှာ ရင်တွင်းနာတွေသာမရှိခဲ့ရင် လူ့ဘဝရဲ့အရသာဟာ ဒါလေးလဲပါတယ်ကွယ်ဆိုပြီး နေခြည်ထဲလမ်းလျှောက်ထွက်ခြင်းကို ထည့်ပြောမိမှာ။ ဒါပေမယ့်လေ သိတယ်မဟုတ်လား၊ ကိုယ်တွေက လူက ဒီမှာ၊ စိတ်က ကိုယ့်တိုင်း ကိုယ့်ပြည်ကိုယ့်အိမ် ကိုယ့်ယာမှာ ... လိပ်ပြာက ခွဲလို့ရကြတာမဟုတ်ဘူးကိုး။ ကိုယ့်အိမ်ကိုယ့်ယာမှာဖြစ်နေသမျှ ဒီမှာဘက်ကနေ ကြားရ မြင်ရ သိရတာကလဲ တဖက်သတ် ချောင်ပိတ်အထိုးခံနေရတဲ့ အဖြစ်မျိုးလိုပဲခံရခက်လှပါတယ်။ ဘာမှ လက်တုံ့ပြန် ချေချွတ်လို့လဲမရတော့ စိတ်ထဲ မခံမရပ်နိုင်ဖြစ်လွန်းမကဖြစ်ပြီး စူးစူးဝါးဝါး ထအော်မိတော့မလိုလို တခုခုကို ရိုက်မောင်း ထိုးနှက် ပေါက်ခွဲပစ်မိတော့မလိုလို လောင်မြိုက်လှပါတယ်။ ဒါပေမယ့် သတိကြီးတမင်ထားမနေဘဲ သိနေတာက ကိုယ်တွေရောက်နေတာ ဘာမှမဆိုင်တဲ့ နေရာ၊ ဘာမှမပတ်သက် မယှက်နွယ်ကြတဲ့ လူပုံအလယ်မို့လား။ ဘာလုပ်လို့ရမှာလဲ။ ဘာတခုမှအဖြေမရှိတော့ စိတ်ဟာ တနေ့ထက်တနေ့ တချိန်ထက်တချိန် ပိုတင်းကြပ်လာတာပေါ့။
ကြာရှည်ကျတော့ မခံနိုင်တဲ့အဆုံး သက်သာရာလမ်းရှာရတယ်။ ထွက်ပေါက်တွေ့လိုတွေ့ညား နည်းလမ်းရှာကြရတယ်။ အဘွားကြီးက အပ်ချုပ်စက်လေးတလုံးဝယ်ပြီး ဟိုချုပ် ဒီချုပ် လုပ်တယ်။ ဈေးအသင့်အတင့်ကင်မရာဝယ်ပြီး အိမ်ကိုအစာလာရှာတဲ့ ငှက်ကလေးတွေကို ဓာတ်ပုံရိုက်တယ်၊ ခြံထဲစိုက်ထားတဲ့ ပန်းတွေကို ဓာတ်ပုံလှည့်ရိုက်တယ်။ ကားအက်ဆီးဒင့်ဖြစ်လို့ဆေးရုံရက်ရှည် လရှည်တက်နေခဲ့ရတဲ့ အဖြူမချောချောကြီးတယောက်ရဲ့ကြောင်ဝါလေးဟာ အိမ်မပြန်တော့ဘဲနေတဲ့အခါ ပိုင်ရှင်ကစာရွက်စာတမ်းနဲ့တကွ တရားဝင်အပိုင်စားပေးထားတော့ အဘွားကြီးရဲ့စကားပြောဖော်၊ ဓာတ်ပုံမော်ဒယ်ဖြစ်လာပြီး စိတ်တင်းကြပ်မှုကို သက်သာစေတဲ့ နတ်သားလေးပေါ့။
အဘိုးကြီးကိုယ်ကတော့ ကျန်းမာရေးအရ ဝင်ငွေပုံမှန်ရတဲ့အလုပ်မျိုး မလုပ်နိုင်တော့ ဆေးထောက်ပံ့ကြေးလေးနဲ့ မလွန့်သာမလူးသာနေရတဲ့ဘဝကို ကြိတ်ခံနိုင်အောင် ခုခံရေးလက်နက်တမျိုး ကိုင်စွဲခဲ့ရတယ်။ လက်နက်လို့သာဆိုပေမယ့် လူမသေတဲ့လက်နက်ပါ။ ရှင်နေတဲ့လူတွေကို စိတ်နှလုံးသားတွေ ပိုမိုမြှင့်တင်နိုင်တဲ့လက်နက်ဆန်းတမျိုးပါ။ အရုပ်လေးတွေရေးတဲ့ စုတ်တံတွေပေါ့။ အဲဒါလေးတွေကိုင်ပြီး စိတ်ထဲရှိရာလျှောက်လုပ်ရင်း မွန်းကြပ်မှုကနေ ဖောက်ထွက်ယူရပါတယ်။
မခံမရပ်နိုင်ဖြစ်မှုအဖုံဖုံကို အဝေးကနေ လေထဲဒိုင်ဗင်ထိုးပြနေလို့လဲ ရတာမှမဟုတ်ဘဲလေ။
ဒီနေ့လဲ အရုပ်မဆွဲဖြစ်အောင် အပြင်ထွက်လမ်းလျှောက်အချိန်ပေးခဲ့တော့ အတန်အသင့် စိတ်သက်သာရာရတာတော့ အမှန်ပါပဲ။
အရုပ်မဆွဲဖြစ်ပေမယ့် ဆွဲထားတဲ့အရုပ်ဟောင်းလေးတွေပြန်ရှာပြီး ကိုယ့်ဟာကိုယ်ပရိတ်သတ်လုပ်ကာ ကြည့်ဖြစ်ပါတယ်။ အဲဒီလိုကြည့်ရင်း စိတ်ကူးတခုရလာတာက ငါ့အရုပ်လေးတွေလဲ ဆရာ့ဆရာများရဲ့ပန်းချီကားများလိုမှန်ဘောင်ထဲသွင်းကြည့်ရင် ဘယ်လိုနေမလဲဆိုတဲ့စိတ်လေး ဖြစ်လာမိတယ်။ စိတ်ကလဲအမြန်သားလူဆိုတော့ လက်တွေ့လုပ်ကြည့်ချင်လာတာနဲ့ အိမ်ဧည့်ခန်းနံရံပေါ်က ဝယ်ထားတဲ့ပန်းချီကားကို ခဏဖြုတ်ပြီး ကိုယ့်အရုပ်လေးတရုပ်ကို မှန်အပြင် အတွင်းပန်းချီကားပေါ်ကနေ တိတ်အကြည်သားလေးကပ်ကြည့်လိုက်တယ်။
အံမယ် ဖီလင်ကတမျိုးပဲ၊ ငယ်ငယ်က ကိုယ်တွေနားထောင်ခဲ့ရတဲ့ ပလေးဘွိုင်သန်းနိုင်ဆိုတဲ့ 'ပန်းသီးဖီလင်' မျိုးခေါ်မလားဘဲ။
ကိုယ်က ပန်းချီဆရာမဟုတ်တော့ ပန်းချီကားတချပ်လို မှန်ဘောင် မသွင်းနိုင်သေးပါဘူး။ ဘောင်မဝင်သေးဘူးပေါ့။
အခုလဲ ကိုယ်ဆွဲတဲ့ရှုခင်းအရုပ်လေးဟာ မှန်ဘောင်တခုရဲ့အပြင်ဘက်ကနေ ကိုယ့်ကို ကြည်နူးကျေနပ်မှုတော့ပေးနေပါရဲ့…
ကြည်နူးမှုနဲ့အတူ တွေးမိတာက တခါတလေ ဘောင်အပြင်ကနေလိုက်ရတာမျိုးကလဲ အကောင်းသားပါလားပေါ့။

ဘာရယ်မဟုတ်ပါဘူး၊ အရုပ်တရုပ်မှမဆွဲဖြစ်တဲ့နေ့ကလေးတနေ့အကြောင်း ကိုယ့်ဘာသာ တေးမှတ်ထားလိုက်တဲ့စာစုလေးတခုမျှသာ…။
-
လွန်း
မေ ၂၄၊၂၀၂၃
ည ၈:၃၇ 



Comments