ဘသီ(တေးသီငှက်) - ပမ်းတယ် လမ်းရယ် လွမ်းတယ်

ပမ်းတယ် လမ်းရယ် လွမ်းတယ်
ဘသီ(တေးသီငှက်)
(သစ်ခက်သံလွင်) မေ ၁၃၊ ၂၀၂၃

နေရာ အနှံ့ပါပဲ
ငါတို့ ဖျားနေကြတယ်
ကြာပြီလေ ။

ခြေတွေ လက်တွေက ထုံထုံကျင်ကျင်
ခန္ဓာတပြင်လုံးက တုန်တုန်ယင်ယင် ။

လက်ရှိအနေအထားအရ
ကွေ့ချင်တယ် လမ်းကလိမ်နေတော့ ကွေ့မရဘူး
တွေ့ချင်တယ် လမ်းချင်းမတူတော့ဘူးဆိုတဲ့ အသိနဲ့
မတွေ့ကြတော့ဘူး ။

တကယ်တော့ 
ဒီနှစ်ထူးမယ်ဆိုတဲ့ စိတ်နဲ့
ငါ အသက်ရှူနေခဲ့တာပါ 

တကယ်တော့ 
ပြန်မလာ နိုင်သေးသူတို့ရဲ့အိပ်မက် 
ရွှေရောင်လိုလင်းလက်လာမယ့်နေ့ကို
တထစ်ချယုံကြည်ရင်း
ငါ့လမ်းကို ငါလျှောက်နေတာပါ ။

အမှန်တကယ်တော့  
အပြင်လမ်းကပဲကြည့်ကြည့်
အတွင်းလမ်းကပဲ ကြည့်ကြည့်
လှမ်းသမျှခြေလှမ်းတွေ အားလုံးပင်ပမ်းနေကြမှာပါ ။

ဒီ ည
စုံစီနဖာကာကွယ်ဆေးတွေ
သုံး လေး မျိုးလောက်ကို
လည်ချောင်းထဲမျှောချပြီး
ပမ်းဖျားကို ကုသခဲ့
ဒီည  
လွမ်းရတဲ့အိပ်မက်တွေကို တယုတယထွေးပွေ့ရင်း
မိုးလင်းခဲ့ ။     ။
ညအစွဲ 11:06 pm
11th/May/2023.

Comments