မှန်ဟာ ကိုယ်တို့ကိုလှည့်ဖျားခဲ့တဲ့နှစ်တွေကို
မောင်ထိုက်အောင်
(မိုးမခ) မေ ၂၅၊ ၂၀၂၃
မှန်ဟာ ကိုယ်တို့ကိုလှည့်ဖျားခဲ့တဲ့နှစ်တွေကို ဧည့်ခန်းမှာ
စီထားတယ်။ ရှိပါစေတော့။ တကျီကျီမြည်နေတဲ့ စိတ်ဝင်ရိုးစွန်းထဲ
အမှောင်လျှောခနဲ ဝင်သွားတာ မြွေလိုလို မာနတရားလို အလင်းတစ်ခုလိုလို
မှန်ရဲ့ရှူ့ထောင့်ကကြည့်ရင် ပုံရိပ်ဟာကြည့်သူရဲ့အတွင်းအဇ္စျတ္တ
ရာသီဥတုပဲ။ နေပူကျဲကျဲကြီးထဲ ဗြုန်းခနဲမိုးတွေရွာချတာ
သက်တန့်ကိုနောက်ခံထားပြီး မိမိတို့ဓာတ်ပုံရိုက်ခဲ့တာ
ပြီးတော့ ငိုက်မြည်းနေတဲ့မျိုးဆက်ကို လက်ခလယ်ထောင်ပြခဲ့။
အသံတိတ်ငိုသံတွေအကြောင်းကို ပြောနေတာ ကိုယ်တစ်ယောက်တည်းတော့
မဟုတ်ဘူး။ ဆင်းတုတော်ဆံဖျားကသွေးကွက် တဂျစ်ဂျစ်မြည်နေတဲ့နှလုံးသားထဲက
ဝါယာကြိုးအစအန ပလစ်စတစ်နဲ့သွန်းထုထားတဲ့ရွှေတံဆိပ်ဆုများ
ဘောင်ကွပ်ခံထားရတဲ့ဓာတ်ပုံထဲကနေ ကုတ်ခြစ်ထွက်ခွါခဲ့သူလူငယ်
တစ်ယောက်တော့ မိသားစုတိုင်းမှာရှိတယ်။ အမှန်တရားရှူထောင့်ကနေ ပြောရရင်
နောက်ကျနေမှု သူ့ကိုယ်သူပြန်ရှာတွေ့တဲ့
အစောဆုံးကာလတစ်ခုဖြစ်တယ်။
သင့်ကိုနာကျင်စေတဲ့အရာတွေကပဲ နာကျင်မှုကိုရပ်တန့်ပေးလိမ့်
တလိမ့်လိမ့်တက်တယ်လို့ ဟိုးလေးတကျော်ကျော်အညာဖုန်လုံးကြီးလည်း စေးကပ်လို့
အသားတစ်တွေထဲကနေ အစွမ်းကုန်ပွင့်အာနေတဲ့ပန်းမာလာ
နောက်ကျနေတယ်ဆိုတာက အချိန်ကာလတခုရဲ့အစောဆုံးဖြစ်ကောင်းဖြစ်လိမ့်မယ်
မိမိတို့ဟာ ပေါင်မှုန့်အတွင်းသားကို ငမ်းငမ်းတက်ရချင်ပြီး ပဋိပက္ခရဲ့
ဗဟိုချက်မဆီ မသွားလိုကြဘူး။ မိုးလင်းတာနဲ့ လူတွေဟာ
ပန်းရဲ့သွေးကိုသောက်ကြတယ် သူတို့ရဲ့ဆိုးဝါးတဲ့အနံ့ကိုဖုံးကွယ်ဖို့။
Comments
Post a Comment