မိုးမြင့်ယံ - ကြွေလွင့်ကြယ်သို့ တမ်းချင်း


ကြွေလွင့်ကြယ်သို့ တမ်းချင်း 
 မိုးမြင့်ယံ
(သစ်ခက်သံလွင်) မေ ၁၆၊ ၂၀၂၃

မနက်ဖြန်ရဲ့ အခင်းအကျင်းတွေထဲ
နင် ကျပျောက်သွားခဲ့ရတာ
ငါတို့မှာ ဖြေမဆည်နိုင်စွာပေါ့ ညီမလေးရယ်

တကယ်ဆိုရင် နင်က
နင့်အသက်နဲ့ အသက်တွေကို ဆက်ပေးခဲ့တဲ့
ဂရုဏာနဲ့ပျိုးတဲ့ လက်ပိုင်ရှင်

ပျံသန်းခြင်းရဲ့ ဟိုမှာဘက်ဆီက
လေဆန်ကို တွန်းတိုက်ထိုးခွင်းရင်း
ရဲရင့်လင်းယုန်တကောင်လို အတောင်ပံတွေကိုဖွင့်
နင် မရပ်မနား ခရီးနှင်ခဲ့တာတွေ

မုန်တိုင်းတွေစဲသွားတဲ့ တနေ့
အဲ့ဒီ ကောင်းကင်နံရံမှာ
ဖန်မီးအိမ်လေးတလုံးနဲ့ နင့်အမည်နာမကို
မော်ကွန်းကမ္ဗည်းထိုးလို့
ငါတို့ နှလုံးသွေးနဲ့ ချိတ်ဆွဲပေးထားပါ့မယ်
ညီမလေး ရေ

သံသရာအဆက်ဆက်မှာ
ညီမလေး လင်းလက်တောက်ပနိုင်ပါစေ .....။

ချစ်ခြင်းမေတ္တာများဖြင့်
မိုးမြင့်ယံ
11 . May . 2023

** * နိုဝင်ဘာ ၂၃ / ၂၀၂၂ တွင် အာဏာရှင်စနစ်ပျက်သုဉ်းရေးအတွက် တိုက်ပွဲဝင်ရင်း 
အသက်ပေးစွန့်လွှတ်သွားခဲ့သည့် နော်အဲမှူးသို့ ...

Comments