သန်းဒါးလှဖုန်း - မွေးနေ့များ

မွေးနေ့များ
သန်းဒါးလှဖုန်း
(သစ်ခက်သံလွင်) မေ ၁၂၊ ၂၀၂၃

အလက်ဇန်းဒါးဖလဲမင်းဟာ
ပင်နယ်စလင်ကိုရှာဖွေနေတုန်း
အိုင်းစတိုင်းက
အနုမြူဗုံးကိုတွေ့ခဲ့တယ်။

ဖလောရင့်နိုက်တင်ဂေးဟာ
လူနာတွေကိုပြုစုနေတုန်း
ဟစ်တလာက
ဂျူးလူမျိုးသန်းပေါင်းများစွာကို သတ်ပစ်တယ်။

မဟတ္တမဂန္ဓီဟာ
ငြိမ်းချမ်းရေးကိုယုံကြည်နေတုန်း
ဂျပန်က
ပုလဲဆိပ်ကမ်းကို ဗုံးနဲ့ကြဲတယ်။

လုံခြုံရေးကောင်စီဟာ
ညီလာခံကိုခေါ် ယူနေတုန်း
ဗလာဒီမာပူတင်က
ယူကရိန်းကို ဒုံးနဲ့ဆော်တယ်။

"မွေးနေ့"
သူတော်စင်ရဲ့ မွေးနေ့
လူယုတ်မာရဲ့ မွေးနေ့
ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့
ဂဠုန်ဦးစောရဲ့ မွေးနေ့
လင်ကွန်းရဲ့ မွေးနေ့
လူဝီ ၁၆ ရဲ့ မွေးနေ့
ဘီကလင်တန်ရဲ့ မွေးနေ့
ဆက်ဒမ်ဟူစိန်ရဲ့ မွေးနေ့။

ယနေ့မှစ နှစ်တစ်ရာတိုင်
ပျော်နိုင်ပါစေ...

"Happy birthday "သီချင်းကိုဆို
ဖယောင်းတိုင်မီး
ငြှိမ်းပြီးသကာလ
သင့်လက်ထဲက ဓားလှလှနဲ့
ကမ္ဘာကြီးကို ကိတ်မုန့်လှီးသလို
မဖျက်ဆီးဖို့ လိုမယ်။

" မွေးနေ့ " များမှာ
ကမ္ဘာမြေကို ကယ်တင်လက်နဲ့
ပွေ့ဖက်ကြစဉ်
တစ်ဖက်မှာတော့ အမဲဖျက်ကြ
လောင်မီးတိုက်ကြ
ကမ္ဘာဦးမှ ယနေ့တိုင်
မဆုံးနိုင်ပါတကား။

Comments