လွန်း - ပဇီကြီးဓား

ပဇီကြီးဓား
လွန်း
(သစ်ခက်သံလွင်) ဧပြီ ၂၆၊ ၂၀၂၃

နှစ်သစ်တဲ့လား
နှလုံးသားကို နှိုးပါလေ
ဝတ္တရားကို ကျေပါလေ
မိစ္ဆာတို့ကို ချေပါလေ
ဓားကိုဆွဲ၍ ချီပါလေ
သားကိုပိုက်၍ တိုက်ပါလေ
လောကတရိုး
မီးခိုးတလူလူ
ယမ်းငွေ့တဝေဝေ 
မပြယ်သေး မလွင့်သေး
သွေးစိမ်းရှင်ရှင်တို့လည်း 
မခြောက်သေး မခမ်းသေး
ရွာခရိုးမှာချိတ်နေတဲ့လူ့အသားတစ်
တန်းလန်းဖြစ်ဆဲ
မျက်ရည်စက်လက် ရှင်လျက်ကျန်သူ
အံကြိတ်တက်ခေါက် အလောင်းကောက်ဆဲ
ဆုပ်လျက်မပျက်
လက်ပြတ်တဖက်ကား 
ဓားသွားလွှလွှ ချွန်မြမြအား ဆုပ်လျက်သား
ဤစစ်တလင်း
လူသတ်ကွင်းကား
ပြည်ဖုံးကားချ တရားပြ၍ရမည်မဟုတ်
ဤမြင်ကွင်းမှ
ရှင်းလင်းပြတ်သား
သင့်အား တာဝန်ပေးလေပြီ
အကျွန့်အား လက်လွှဲပေးလေပြီ
ဓားကိုယူ၍ ချီပါလော့
လှံကိုယူ၍ ကူပါလော့
သားကိုပိုက်၍ တိုက်ပါလော့
အာဏာပါးကွပ်သား
မိစ္ဆာများ
ပဇီကြီးတစ္ဆေ
ဘဝဆက်တိုင်းခြောက်ပါစေ
ပြည်သူပြည်သား
ငါတို့အများ
ပဇီကြီးဓားကို ယူပါလေ
သွေးစားသက်စား ယူပါလေ
တိုက်ပွဲဆီသို့ချီပါလေ
ပြည်သစ်တည်ထောင် ညီပါစေ
ညီပါစေ ချီပါလေ …
-
မြန်မာနှစ်ဆန်း(၁) ရက် 
ကောဇာသက္ကရာဇ် ၁၃၈၅
မနက် ၁၀:၁၅

Comments