မမသီရိ - “ No U Turn ” သစ္စာ

“ No U Turn ” သစ္စာ
မမသီရိ
(သစ်ခက်သံလွင်) မတ် ၁၈၊ ၂၀၂၃

သွားချင်တဲ့ လမ်းပေါ်ရောက်ဖို့
အရှိန်ကလေး မြှင့်မယ်ကြံရုံရှိသေး
U Turn OK လို့လဲ ရေးမထားပါပဲ 
ငါတို့ခေတ်ရထားဟာ 
ကွေ့ချသွားလိုက်ရတာ ဂ ငယ်ကွေ့နဲ့ 
ဟိုး ချောက်ကမ်းပါးဆီ
ခုတော့ ငါတို့မှာ 
ရာဇာနေဝင်းရယ် အင်ဗာတာရယ် 
မီးသွေးမီးဖိုရယ်နဲ့ ပြန်ညား
အမေ နှမပေးရင်တောင် 
အကို အဖ ခေါ်မရတဲ့ သကောင့်သားတွေ 
အကြိမ်ကြိမ် နှိပ်စက် 
တော်ရုံ အကုသိုလ်လောက် နဲ့ 
ဒီနိုင်ငံ ဒီလူမျိုး လူလာဖြစ်ရရိုးလား 
အဘိုး အဘွားတို့လဲ တိုက်ခဲ့ရ
အဖေ အမေတို့ လဲ တိုက်ခဲ့ရ
ငါတို့ခေတ်မှာလဲ တိုက်ခဲ့ရ
ခု ငါတို့ကလေးတွေခေတ်မှာလဲ တိုက်ကြရ 
ကျေနိုင်ပါရိုးလား ဒီ ဘဝ ဒီ ကမ္ဘာ 
ဒီတခါ ဒီတခေတ်ကိုတော့
လမ်းအတည့်ပြန်ကွေ့ဖို့ရာ
ခု ငါတို့ကလေးတွေ မောင်းနေပြီ
ခု ငါတို့ ရှေ့ ဆက် လျှောက်နေပြီ
ရောင်နီလာရာ ပန်းတိုင်ဆီ
ကျိန်စာတွေ ပြေသည်အထိ မိစ္ဆာတွေ ကျေသည်အထိ
No U Turn ဟေ့ No U Turn
ငါတို့အားလုံး ဘယ်တော့မှ ပြန်မကွေ့ပြီ။

၁၆ မတ် ၂၀၂၃

Comments