ငြိမ်းပြေ - မြစ်

မြစ်
ငြိမ်းပြေ
(သစ်ခက်သံလွင်) မတ် ၁၇၊ ၂၀၂၃

မြစ်မှာလဲ မြစ်အကြောင်းနဲ့မြစ်
ကွေ့တာကောက်တာ ရှိမှာပေါ့
ဒါပေမယ့်
အမှိုက်ကစလို့ အညစ်အကြေးအထိ
မြစ်ဟာ မညည်းညူခဲ့ဘူး ၊

ဥဩငှက်ရဲ့ အသံဟာ
အလွမ်းပါလို့ အတတ်မပြောနိုင်သလိုမျိုး
နှစ်လိုလွန်းလို့ သယ်ဆောင်ခဲ့တာလို့
မြစ်ကို တထစ်ချ ပြောလို့မရပြန်ဘူး ၊

တဘက်မှာသောင်ထွန်းဖို့အတွက် 
တဘက်က ကမ်းပါးတွေ ပြိုပေးရတဲ့အခါ
လက်ညှိုးတွေက မြစ် ဆီမှာ ...၊

ပင်လယ်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ဖို့ 
တိုက်စားသင့်တာ တိုက်စား
ပို့ချသင့်တာ ပို့ချရင်း
လမ်းကြောင်း မလွဲခဲ့တဲ့ မြစ်ဟာ 
စိတ်စောတာတခုကလွဲရင် အပြစ်ကိုမဆိုရက်ဘူး
ဘယ်မှ မရောက်ခဲ့ရင်တောင် 
ပင်လယ်ဆီရောက်တဲ့အထိ
မြစ်ဟာ မြစ် ပီသခဲ့ပါတယ် ။ 

၁၆ ၃ ၂၀၂၃

Comments