နွေဦး ငှက်ငယ်
မိုးမြင့်ယံ
(သစ်ခက်သံလွင်) ဖေဖော်ဝါရီ ၉၊ ၂၀၂၃
မင်းရဲ့ တွန်ကျူးသံမှာ
လွမ်းစိတ်ကိုများ ထည့်ထားလေသလား ?
ထနောင်းရွက်တွေ တဖွဲဖွဲကြား
နွေဦးရဲ့ ဗီဇသရုပ်ကို
လှစ်ဟပြနေသလိုသာပ ၊
နှင်းမြူတွေအုပ်ဆိုင်းတဲ့
တပိုတွဲရဲ့ လတံတိုင်းကို ဖြတ်ကျော်ပြီး
ဥဩငယ်ရေ မင်းရဲ့ အသံစာစာနဲ့အတူ
လက်ပံတွေဟာ ရင့်ရင့်ရဲရဲနဲ့
ပွင့်ဖူးပြဖို့ အားယူနေကြပြီလေ ၊
မျှော်ရည်ရာလမ်းမတွေထက်
မရပ်မနား ဆက်လက်ချီတက်ဖို့
တပေါင်းဟာ နွေဦးရဲ့ ကန့်လန့်ကာကို
လှလှပပလေး လှစ်ဟ
မင်းရဲ့ ဂီတသံနဲ့ အတူတကွ
ခရီးအဆုံးထိသွားဖို့ ပြန်လာနေပြီ .....။
29 . Jan . 2023
Comments
Post a Comment