မနအ - လှိုင်း

လှိုင်း
မနအ
(သစ်ခက်သံလွင်) ဖေဖော်ဝါရီ ၃၊ ၂၀၂၃

ကောင်းကင်ယံက အသံကြားတိုင်း
မှုန်မှိုင်းသွားတဲ့ မျက်လုံးတွေနဲ့ မော့ကြည့်တတ်တဲ့ 
ဆော့လက်စကို ရပ်လိုက်တဲ့ ကလေးတစ်ယောက်လိုပါပဲ
မိုးက ခြိမ်း၊  ခြောက်နေတဲ့အခါ
ကဗျာတွေလည်း ကြွေတာပါပဲ ။

မြေပြင်ထက်က အက်ကွဲသံကြားတိုင်း
တုံ့ဆိုင်းသွားတဲ့ မျက်လုံးတွေနဲ့ ငေးကြည့်တတ်တဲ့
ဆော့လက်စကို ပစ်ပြေးတဲ့ ကလေးတစ်ယောက်လိုပါပဲ
အသံတွေက ဟိန်း၊  ဟောက်နေတဲ့အခါ
ကဗျာတွေလည်း ကြွေတာပါပဲ ။

ချစ်သူရေ  
ကလေးက ကြွေ၊ ကဗျာက ကြွေ
ကြွေကြ
မင်းလည်း ကြွေ၊ ငါလည်း ကြွေ
ကြွေကြ
ရာသီကလည်း မလှပ
ကြွေကြ
မြေမခ ကြွေကျ
ကြွေသံတွေက တောလုံးထလို့ ။       ။

၁ ဖေဖော်ဝါရီ ၂၀၂၃

Comments