မျက်ဖြေ
ငြိမ်းပြေ
(သစ်ခက်သံလွင်) ဇန်နဝါရီ ၂၆၊ ၂၀၂၃
တရစ်ချင်း တင်းသည်ထက် တင်းကြပ်လာတဲ့
ရင်ထဲက အစိုင်အခဲ
တရက်ပြီးတရက် လေးတိလေးကန် ကုန်နိုင်ခဲတဲ့
ရွက်ဆုတ်ပြက္ခဒိန်ပေါ်က နေ့ရက်တွေ...
နေ့ရက်တွေထဲက စိတ်သောကဟာ
မြူမှုန်တွေ တိမ်စိုင်တွေလို အုံ့ဆိုင်း
ကိုယ်ဟာ တာဝန်မကျေခဲ့တဲ့သူလေလား
ပတ်လည်ကာအခန်းလေးထဲက တွေးနေမိ ၊
ကိုယ့်အတွေးက ကိုယ့်စိတ်ကို ဖိစီး
အားမလို အားမရခြင်းတွေရဲ့အဆုံးမှာ
ကိုယ့်ကိုကိုယ် ခွဲခြမ်းစိတ်ဖြာကြည့်
ချစ်ခြင်းနဲ့အတူ
တာဝန်မကျေခဲ့ခြင်းဆိုတဲ့ အမည်နာမတခု
တွေ့ရမိပေါ့ ၊
ကိုယ်ယုံလို့ ဒီလမ်းလျှောက်ခဲ့ပြီးမှ
ဒီနှုတ်ခမ်းလဲ မနင်းရဲစရာ မရှိဘူး
ဒိအတွက်
မင့်မှာ ဂုဏ်ငယ်စရာ မြူမှုန်လောက်မှ မရှိဘူး ၊
အုံ့ဆိုင်းသုန်မှုန်နေတဲ့ ငါ့ရဲ့စိတ်ဟာ
ခပ်လှမ်းလှမ်း အညာဘက် မြစ်မင်းဧရာဆီက
ဆွဲဆွဲငင်ငင် ထွက်လာတဲ့ သင်္ဘောဥဩသံနဲ့အတူ
ကပ်ငြိပါသွားတယ် ထင်ပါရဲ့
လတ်တလောဒီဖြစ်ရပ်ဟာ
အရာရာထက် နူးညံ့သိမ်မွေ့လွန်းနေတော့
အချိန်အတိုင်းအတာတခုထိ နားလည်ပေးပါလို့
တောင်းဆိုပါရစေ ရှင်မရယ်
ရေလိုအေးလို့ ပန်းလိုမွှေးပါစေပေါ့ ။
၂၄ ဇန်နဝါရီ ၂၀၂၃
Comments
Post a Comment