မိုးမြင့်ယံ - ငါတို့ နေနေကြရတယ် တိတ်တိတ်လေး

ငါတို့ နေနေကြရတယ် တိတ်တိတ်လေး 
မိုးမြင့်ယံ
(သစ်ခက်သံလွင်) ဒီဇင်ဘာ ၆၊ ၂၀၂၂

မြင့်မြတ် ရဲရင့်ခြင်းကို
သေဆုံးခြင်း တခုလို့ အဓိပ္ပာယ်ဖွင်ဆိုထားတဲ့
ခပ်ညံ့ညံ့ တိုင်းပြည်ထဲမှာ
ငါ့ တကိုယ်ရေ ပျော့ညံ့စွာ ခပ်ညံံ့ညံ့နေထိုင်တယ်

သေဆုံးခြင်းကို မှ လင်းလက်တောက်ပတဲ့
ကြယ်စင်တွေလို့ အမနာပ သမုတ်တတ်တဲ့
ခပ်ညံ့ညံ့ လူတွေကြားထဲ
ငါဟာ လူရာမဝင်ခြင်းနဲ့ အသက်ရှူနေရတုန်း

အကြောက်တရားတွေနဲ့ တွန်းထိုးမောင်းနှင်နေရတဲ့
အစာအိမ် အင်ဂျင်တွေအတွက်
မရှိလို့ မလှူ မလှူလို့ မရှိဆိုတဲ့
ခပ်ညံံ့ညံ့ ဘီးရှော့ပ်တွေနေထိုင်တဲ့ တိုင်းပြည်ထဲမှာ
သာသနာဟာ ငါ့တကိုယ်စာလေး ကပ်ပြီးတော့ ကွယ်နေတယ် 

နိဗ္ဗာန် မဂ်ဖိုလ်ကို ရက်တိုတို နဲ့ ရောက်ချင်တယ်လို့
ကြွေးကြော်နေတဲ့ ဥပသာ ပန်းဒကာတွေက
ခုချက်ချင်း နိဗ္ဗာန်ပို့ပေးမယ်ဆိုတော့
မိန်းမ နဲ့ တိုင်ပင်လိုက်ပါဦးမယ်တဲ့ ရီရတယ်
သူတို့ ရဲ့ ခပ်ညံ့ညံ့အတွေးတွေကြတော့. 
လူရာဝင်ပြီး ပိုက်ဆံရတယ် 

ကန္နားစီး နဲ့ စိန်ပွဲစား စကားများတော့
ကန္နားစီး ရဲ့ ပြောစကားက
ဘုန်းကြီးတွေက နင့် ​လင်လားတဲ့ ? 
ခပ်ညံ့ညံတိုင်ပြည်ထဲက မဖြစ်တဲ့ အပျက်တွေ 
မမြင်မသိချင်ယောင်ဆောင်ပြီး
ငါ့ တကိုယ်စာ တိတ်တိတ်လေးသာ
ခပ်ညံ့ညံလေး နေထိုင်နေရတယ် 

ခက်တယ် 
အဲ့ဒီ အခက်တွေကြားထဲမှာ ပျက်မသွားရအောင်
တိုးတိတ်ဆွံ့အစွာ နဲ့ ခပ်ညံ့ညံ့ပဲ
ငါတို့ နေနေကြရတယ် တိတ်တိတ်လေး
ဟော့ဒိ ခပ်ညံ့ညံ့ တိုင်းပြည်ထဲမှာ ........။

2. Dec .2022

Comments