စိတ်ထရော်မာများ
ငြိမ်းပြေ
(သစ်ခက်သံလွင်) ဒီဇင်ဘာ ၅၊ ၂၀၂၂
စိတ်ကို ခြစ်ထုတ်ပစ်လိုက်ချင်တယ်
ဘဝဟာ အသစ်ဖြစ်လာမလားဆိုတဲ့ အတွေးနဲ့.....
ဒါဟာ
နောက်ဆုတ်ပေးစရာ မရှိတဲ့ကမ်း
အဆုံးစွန် သောင်ထွန်းပစ်လိုက်တာမျိုးလား ၊
ဘယ်နေရာကြည့်ကြည့်
အသက်ဟာ ဖက်ရွက်လောက်တောင်
တန်ဘိုးမရှိတဲ့ပြည်မှာ
ငါတို့အချင်းချင်း
နေကောင်းလားလို့ မေး မေးနေရတာလောက်
ရီစရာကောင်းတာ မရှိဘူး ၊
ဒီဗလာနယ်ကြီးထဲ နေ နေရတာ
အသက်ရှူလို့ မဝဘူး
အခိုးအငွေ့လို မပေါ့ပါးရင်တောင်
လွင့်ချင်ရာ လွင့်ခွင့်ရှိတဲ့ သစ်ရွက်လောက်
ပေါ့ပါးချင်လိုက်တာလို့ တွေးမိတဲ့အခါ
အိမ်တိုင်တွေဆီက တလူလူထွက်လာတဲ့ မီးခိုးက မျက်ရည်တွေကြားက မချိပြုံး ပြုံးပြတယ်
ဒီလိုနဲ့ပဲ မသေမရှင်ဘဝကြီးကို
နေပျော်တတ်အောင် သင်ယူခဲ့ရတယ်
စိတ်မှာတော့ ထရော်မာတွေအပြည့်နဲ့ပေါ့ ။
4th December 2022
-
Comments
Post a Comment