မောင်ခေတ်စည် - ဖေ့စ်ဘွတ်စာပေ ၈- ၉ (အခန်းဆက်)

image- crd
ဖေ့စ်ဘွတ်စာပေ ( ၈- ၉)
မောင်ခေတ်စည်
(သစ်ခက်သံလွင်) နိုဝင်ဘာ ၉၊ ၂၀၂၂

ဖေ့စ်ဘွတ်စာပေ(၈)
7.11.22

ယနေ့နံနက်ပိုင်းက စာအုပ်စင်ရှင်းရာ အခြားစာအုပ်များက်ုသူ့နေရာသူ ပြန်ထားလိုက်သော်လည်း စာအုပ်ဟောင်းကလေးနှစ်အုပ်နှင့် ကွန်ပြူတာစာစီ ပရင့်ထုတ်ထားသော စာမူကလေးသုံးစောင်ကိုမူ ထုတ်ယူထားပြီး ဖတ်ကြည့်နေမိသည်။
စာအုပ်နှစ်အုပ်မှာ မှော်ပီဆရာသိန်း ​၏ "အရူးလွယ်အိပ်စာတမ်း"နှင့် မောင်ကောင်းထိုက်ဆိုသူ ပြုစုထားသည့်"ဟာသပဒေသာအမှတ် (၁)" စာအုပ်တို့ဖြစ်သည်။
စာမူသုံးဆောင်မှာမူ ဗွီဒီယိုဇာတ်လမ်းတို ဇာတ်ညွှန်းခွဲ(ရေး) ပေးရန်အတွက် ကျွန်တော့်ထံအပ်နှံထားသည့်ဇာတ်လမ်းလေးများကို ကော်ပီပွါးစေကာ ရယူထားသည့် အရာများဖြစ်သည်။

ဟာသပဒေသာ(၁၂×၁၇.၅ အရွယ်)စာအုပ်ငယ်သည် မာတိကာအပါအဝင် စာမျက်နှာ ၂၀၀ ရှိ၍ ရယ်စရာ စာပုဒ်တို ၃၄၀ ကိုစုဆောင်း ဖော်ပြထား သည်။ ကမ္ဘ့ာ့အရပ်ဒေသအနှံ့အပြားမှ ရယ်ဖွယ်အဖြစ်ကလေးများကိုဖတ်ရ၍ ရယ်စရာ ပြုံးစရာဖြစ်ရသည်မှန်သော်လည်း ရယ်ရပြုံးရရုံမျှဖြင့် စာအာနိသင်ကုန်သွားသော ဟာသစာများချည်းဖြစ်သည်။ စာအုပ်ပြုစုသူ(ကိုကောင်းထိုက်) ကမူ သူ၏အမှာစာ တနေရာတွင် ...
"ဤစာအုပ်ကိုဖတ်ပြီးသောအခါ မိတ်ဆွေအဆင့်မှသူငယ်ချင်းအဆင့်အထိ ကျွန်တော်တို့ တိုးတက်ရင်းနှီးသွားကြမည်မှာလည်း သေချာနေပါ၏" ဟုရေးထားရာ..( "ဤစာအုပ်ကိုဖတ်ပြီးသောအခါ" ၏ နောက်တွင် "ဖတ်ပြီးသူအချင်းချင်း" ဟူသောစာသားမျိုး မပါသည့်အတွက်ကြောင့် စာသွားအနက်မပြည့်စုံသော်လည်း) သူဆိုလိုသည်မှာ ဟာသပုံပြင်ဇာတ် လမ်းများ ပြောဆို နာကြား ရယ်မောခြင်းဖြင့် လူအချင်းချင်း ရင်းနှီးချစ်ခင်ကျွမ်းဝင်လွယ်သည် ဟူ၍ ဖြစ်တန်ရာပါသည်။ 
ထိုကြောင့်ဟာသရသအစွမ်းကို ရိပ်စားနားလည်တန်ဖိုးထားတတ်သူအဖြစ် ကိုကောင်းထိုက်ကို တလေးတစားအသိအမှတ်ပြုလိုက်ပါ၏။
"အရူးလွယ်အိတ်စာတမ်း" ထဲတွင် မှတ်သားစရာအများအပြားကြား၌ ရယ်စရာကလေးများ ပါပါနေတတ်သည်ကို ပြန်လည်ခံစားလို၍ပြန်ဖတ်ရာ...
လက်ဝဲသုန္ဒရအမတ်ရေးသည့် မဲဇာတောင်ရှည်ရတုကို ဘုရားရှိခိုးအဖြစ် ရွတ်ဆိုသူအကြောင်းနှင့် 
တစ်ကျပ်_တစ်မူး
တစ်ကျပ်_တစ်ရွေး
တကျပ်_တစ်ပဲ
တစ်ကျပ်_တစ်မတ်  စသည်တို့နှင့် အလားတူ သာဓကတို့ကိုထုတ်ဆောင် ရေးထားရာတွင် အမွေလွှဲစာတခု၌...
ငပေါ _၁ ကျပ် _၁ မူး
ငလူ_၁ ကျပ် ၁ ရွေး
ငအေး_၁ ကျပ် ၁ပဲ
ငအဲ_၁ ကျပ် ၁မတ်ဟု ရေးထားရာ
ရှေးရေးဂဏန်း ၁ မှာ ဒ ဒွေးအက္ခရာနှင့်ပုံသဏ္ဌာန်တူနေသည့်အတွက် ထိုအချက်ကိုမသိသော ခေတ်လူငယ်တဦးက...
ငပေါ_ဒိဒူ,
ငလူ_ဒိဒွေး
ငအေး_ဒိဒဲ
ငအဲ_ဒိဒံ ... ဟုအသံထွက်၍ ဖတ်သောကြောင့် ရယ်ဖွယ်ဖြစ်ရုံမျှမက စာပါအဓိပ္ပာယ်မဲ့သွားကြောင်း စသည်များကိုဖော်ပြ ပညာပေးထားရာ ဖတ်ရသည်မှာ ပညာလည်းရသည့်အပြင် ရယ်လည်းရယ်ရ ပြုံးလည်းပြုံးရပါ၏။ သို့သော်ဟာသတန်ဖိုးအနေဖြင့်မူ ထိုရယ်စရာ(အကွက်ဖော်) စာများ၌လည်း ရယ်ရရုံမျှ ပြုံးရရုံမျှနှင့်သာ ဟာသအာနိသင် နိဂုံးချုပ်နေသည်ကို တွေ့ရပါ၏။
စာအဖတ်မှားသောကြောင့် ပုဒ်ဖြတ်မှန်မှန်မဖတ် မပြောသောကြောင့် ရယ်ဖွယ်ဖြစ်သွားသည့်ဟာသများမှာ ခေတ်အဆက်ဆက် မရီုးနိုင်သောပြက်လုံးများ ဖြစ်ပါသည်။
**{ ဤနေရာတွင် စကားချပ်အဖြစ်ဖော်ပြလိုသည်မှာ...
(က) လွတ်လပ်ရေးရပြီးသည့်ကာလအထိပင်_ ၁_ ဂဏန်းကို ဒ ဒွေးအက္ခရာပုံစံမျ်ုးမရေးကြသော်လည်း တစ်ကျပ် နှစ်ကျပ်,ရှစ်ပဲ စသည်များကို_ ၁ိ,၂ိ,၈ဲ_ဟူ၍ရေးကြသေးသည် ဟူ၍ဖြစ်ပါသည်။
(ခ) ရှေးခေတ်စာရေးဆရာကြီးများသည်လည်း လူမှုစာပေတွင်သာလျှင်မက အတတ်ပညာရပ်ဆိုင်ရာစာများ ရေးစပ်ရာ၌ပင် ရယ်ဖွယ်အကွက်ကြုံလျှင် ကြုံသလိုဟာသကို ထိထိမိမိထည့်သွင်းအသုံးပြုတတ်ကြသည်ဟူဖြစ်ပါသည်။
ကဝိလက္ခဏ (?) သတ်ပုံသံပေါက်ရေးရာတွင်ပင် ( ုံ) ရေးထုံးသရုပ်ပြချက်အဖြစ် ...
"သူ့လင်နှင့်ကြုံ တံခါးခုံ လွတ်ရုံကျော်၍ပြေး" ဟုသံပေါက်စပ်ထားသည်မှာ စာဆို(စိန္တကျော်သူ ဦးသြ ?)၏  ဟာသဟု ယူဆစရာဖြစ်ပါသည်။ }**

 ဗွီဒီယိုဇာတ်ညွှန်းခွဲရန် ကျွန်တော့်ကိုပေးထားသည့် ဇာတ်လမ်း ၃ ပုဒ်အနက် ၂ ပုဒ်မှာဟာသဇာတ်လမ်းလေးများဖြစ်၍ ကျန်တစပုဒ်မှာ မိဘမေတ္တာဘွဲ့ ဇာတ်လမ်းဖြစ်သည်။
(၂၀၀၅ ခုနှစ်လောက်က ရုပ်ရှင် ဗွီယိုနှင့် ကြော်ငြာ စသည့်လုပ်ငန်းစုံလုပ်သောကုမ္ပဏီတခုတွင် အင်္ဂလိပ်စာ တန်းထိုး နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများတွင်ပါသည့် အင်္ဂလိပ်ဘာသာစာတန်းများကို ဗမာစာတန်းဖြစ်အောင် ဘာသာပြန်သည့်အလုပ် ကျွန်တော်လုပ်နေခဲ့ရာ ထိုကုမ္ပဏီဝန်ထမ်းတဦးပင်ဖြစ်သော 'ကိုသက် 'အမည်ရှိလူငယ်တယောက်နှင့် တရင်းတနှီးဖြစ်ခဲ့ရာမှ ကျွန်တော့်တွင်ရုပ်ရှင်ဇာတ်ညွှန်းရေးချင်သည့် အထုံဝါသနာရှိကြောင်း ထိုလူငယ်သိသွားပြီး သူ ရ,ထားသည့်ဇာတ်လမ်းလေး သုံးပုဒ်ကို ဇာတ်ညွှန်းခွဲပေးရန်ကျွန်တော့်ထံအပ်ခဲ့ခြင်းဖြစ်ပါသည်။
 ထိုသုံးပုဒ်စလုံးကို ဇာတ်ညွှန်းခွဲပေးခဲ့သော်လည်း မိဘမေတ္တာဘွဲ့ တစ်ပုဒ်ကိုသာ"သုံးလွန်းတင်" ဟူသောဇာတ် လမ်းနာမည်ဖြင့် ရိုက်ကူးထုတ်လွှင့်ခဲ့ပြီး ကျန်နှစ်ပုဒ်ကို ဗွီဒီယိုမရိုက်ဖြစ်သေးဘဲ ဆိုင်ငံ့ထားခဲ့သည်ဟု ကိုသက် ပြန်ပြောပြ၍သိရပါသည်။ ထို့ကြောင့် ထိုနှစ်ပုဒ်အတွက် ဇာတ်ညွှန်းရေးခကို ကျွန်တော်မတောင်းခဲ့ပါ။

ကိုသက်ခမျာမှာ ဝါသနာပါလွန်း၍သာ ဗွီဒီယိုထုတ်လုပ်သည့် ဒါရိုက်တာအလုပ်ကိုလုပ်ခြင်းဖြစ်၍ ငွေကြေးလက်လှမ်းမီလှသူမဟုတ်ကြောင်း ကျွန်တော်သိနေသောကြောင့် ဇာတ်ညွှန်းရေးခ မတောင်းခဲ့ခြင်းဖြစ်ပါသည်။
 "သုံးလွန်းတင်" ဗွီဒီယိုဇာတ်လမ်းတိုတွင် မင်းသားဇင်ဝိုင်းက အဓိကဇာတ်ရုပ် ဖခင်နေရာတွင် ပိုက်ဆံမယူဘဲသရုပ်ဆောင်ပေးသည်ဟု သိရပါသည်။ ဇာတ်ညွှန်းရေးသူအမည်ကို ကျွန်တော်ပေးလိုက်သည့်အမည် "ကြယ်စင်ဟိန်း" ဟူ၍စာတန်းထိုးကြောင်း ကိုသက်ကလည်းပြောပြ၍ ထိုဇာတ်လမ်းကို MRTV_4 channel မှကြည့်လိုက်မိသည့် မိတ်ဆွေတယောက်ကလည်း ပြောပြသဖြင့်သိရပါသည်။ 
မူလဆောင်းပါးခေါင်းစဥ်မှ တိမ်းချော်သွားသည်ကိုသိသော်လည်း "ကျွန်တော်ဇာတ်ညွှန်းခွဲရန်ပေးထားသည့်ဇာတ်လမ်း သုံးပုဒ်" ဟုရေးထားသည်ကို လိပ်ပတ်လည်အောင်ရှင်းပြလို၍ ဤအပ်ုဒ်ကို ရေးရခြင်းဖြစ်ရာ သည်းခံကြပါဟု မေတ္တာရပ်ခံလိုပါသည်။)
 ကျန်သော ဟာသဝတ္တုနှစ်ပုဒ်ဇာတ်လမ်းကို  ဆောင်းပါးအမှတ်  ၉ တွင်ရှင်းပြပါမည်
(ဆက်ရန်)
7.11.22

********

ဖေ့စ်ဘွတ်စာပေ(၉)
8.11.22

အထက်တွင်ဖော်ပြခဲ့သည့် ဇာတ်လမ်းလေးနှစ်ပုဒ်တွင် တပုဒ်က နောက် ဆုံးဗိုလ်လုရမည့် ဘောလုံးပွဲတခု၌ အသင်းတသင်းက လာရောက်မကစားခဲ့သော် ကျန်အသင်းအနေဖြင့် ပထမဆု တဆုတည်းသာရထိုက်သလော၊
ပထမဆုနှင့်ဒုတိယဆု နှစ်ဆုစလုံးရထိုက်သည်မဟုတ်လောဟု အငြင်းပွားသည့် ဟာသဇာတ်လမ်းဖြစ်သည်။
နောက်တပုဒ်က သွားမရှိသူလူပူဂ္ဂိုလ်တဦး၌ သွားကျိန်းသည့်ပြဿနာ ရှိနိုင် မရှိနိုင် အငြင်းပွားသည့် ဟာသဇာတ်လမ်းဖြစ်သည်။ 
ဇာတ်လမ်းနှစ်ပုဒ်စလုံးကိုအမည်တပ်ပေးရန်မှာ ဇာတ်ညွှန်းဆရာ၏ တာဝန်မဟုတ်သော်လည်း ကိုသက်ကလေးက "အန်ကယ်ကြီးပဲ ဇာတ်လမ်းနာမည် ပေးပေးပါ " ဟု တောင်းပန်နေသောကြောင့် ပထမ ဇာတ်ကို "အပြိုင်မရှိ ကို့ယ့်ဖို့ချည်း"ဟု လည်းကောင်း၊ ဒုတိယ ဇာတ်ကို "ဖဿ" ဟု လည်းကောင်း ကျွန်တော်ကနာမည်တပ်ပေးခဲ့သည်။ 
ဇာတ်လမ်းနှစ်ခုစလုံးမှာ အမှန်တကယ် ဖြစ်ပျက်ခဲ့သည်များဖြစ်သည်ဟု ဆိုပါသည် ပထမအဖြစ်မှာ...
မြို့နယ်တခု အတွင်းရှိ မူလတန်းကျောင်းများမှ အရပ် ၄ ပေ ၉ လက်မအောက် ကျောင်းသားများ ပါဝင်ခွင့်ရသည့် ကျောင်းပေါင်း စုံဘောလုံးပြိုင်ပွဲတွင် သပြေတန်းရွာ မူလတန်းကျောင်အသင်းနှင့် ဝါးရုံတောရွာမူလ
တန်းကျောင်းအသင်းတို့ ဖိုင်နယ်ပွဲကစားရမည်ဖြစ်သော်လည်း ဝါးရုံတောအသင်းကကစားရန်ပျက်ကွက်သောကြောင့် သပြေတန်းမူလတန်းကျောင်းအသင်းကို ပထမ ဆု ဝါးရုံတောကို ဒုတိယဆုပေးလိုက်သည်။
သပြေတန်းရွာဦးကျောင်းဆရာတော်က ပထမနှင့် ဒုတိယ နှစ်ဆုစလုံးကို သပြေတန်းကျောင်းကချည်းသာ ရသင့်ပါလျက် မရခဲ့သည်မှာ သပြေတန်း မူလတန်းကျောင်း၏ကေျာင်းဆရာများ ညံ့ဖျင်းသောကြောင့်သာဖြစ်သည်ဟုဆူပူကြိမ်းမောင်းသည်ကို ယင်းကျောင်းမှ(ဘောလုံးပွဲကိစွတာဝန်ယူတောင်ရွက်ရသည့်) လက်ထောက် မူ/ပြ ဆရာလေးက စိတ်အပျက်ကြီးပျက်သွားပုံသည်ဖြစ်သည်။
 ဒုတိယအဖြစ်ကား ဆံဖြူသွားကြွေ အိုမင်းလှပြီဖြစ်သော အဘွားအိုတဦးက သူ့အိမ်နှင့် တံစတ်မြိတ်ချင်းယှက်နေသည့်အိမ်မှ သွပ်အဟောင်းများက်ု သံချေးချွတ်ရန် အုတ်ခဲဖြင့်ပွတ်တိုက်ကြသည့်အသံ ကြားနေရသော ကြောင့် သူ့အနေဖြင့် ထမင်းမစားနိုင်လောက်အောင်ပင် သွားကျိန်းနေသည့်အတွက် သူ့အိမ်နီးချင်းအား အရေးယူပေးရန် ရပ်ကွက်ရုံးတွင် တိုင်တန်းသည်။ 

အမှုကိုကြားနာပြီးနောက် ရပ်ကွက်လူကြီးတို့က "အဘွားခံတွင်းထဲတွင် သွားတချောင်းမျှပင်မရှိပါဘဲနှင့် သွားကျိန်းသည်ဟု အကြောင်းပြ တိုင် တန်းသည်မှာ အရေးယူလောက်အောင် ခိုင်မာသောအမှုမဟုတ်" ဟု
အဘွားကိုဆိုသည်။ 
ဤ၌ အဘွားအိုက"သွားကျိန်းတယ်ဆိုတာ ပါးစပ်ထဲမှာ သွားရှိမရှိနဲ့မဆိုင်ဘူး ဟဲ့" ဟုဆိုလိုက်ရာမှ အငြင်းအခုန်ဇာတ်တခုပေါ်လာပုံဖြစ်သည်။
ဤဇာတ်လမ်းများကို ကိုသက်ကလေးက စာဖြင့်ရေးမလာမီ နှုတ်ဖြင့်ပြောပြကတည်းက ရယ်မိသည်။ 
ပထမဆု ဒုတိယဆု နှစ်ဆုစလုံးရထိုက်ကြောင်း သပြေတန်းရွာဘုန်းကြီးက ရှင်းပြရာ၌ ဝါးရုံတောအသင်းကို ဒုတိယဆုမပေးရုံမျှက သပြေတန်းအသင်းရလိုက်သည့်ပထမဆု၏ဂုဏ်သိမ်ကိုပါ ထိးပါစေသည့်အတွက် ယင်းဝါးရုံတောအသင်း၏ကစားရန်ပျက်ကွက်မှုကို တရားပင်စွဲသင့်သည်ဟုဆိုရာ ရယ်စရာအဖြစ်မှ စဥ်းစားစရာအဖြစ်သို့ ဇာတ်ရှိန်တက်သွားခဲ့သည်။
 ဒုတိယဇာတ်အတွက်ကား ဇာတ်လမ်းကြောင့်သာလျှင်မက ဇာတ်လိုက် ရှာရေးတွင် ရယ်စရာကြုံရသေး၏။ 
ဇာတ်ညွှန်းတွင်အဘွားအိုခံတွင်းထဲ၌ သွားတစ်ချောင်းမျှမရှိကြောင်း ပရိသတ်သိစေရန် အထင်အရှားပြသရမည့် ဇာတ်ကွက်များကိုညွှန်းထားရာ ကိုသက်ကလေးခမျာမှာ သွားမရှိတော့သည့်သရုပ်ဆောင် ရှာဖွေမှု၌လွန်စွာခဲယဥ်းနေသဖြင့် ညည်းညူရှာ၏။
"သရုပ်ဆောင်လောကမှာ သွားမရှိတော့တဲ့အဘွားအိုရယ်လို့ ရှာမတွေ့ဘူး၊ အနည်းဆုံးအံသွားလေးတွေလောက်တော့ရှိ ရှိနေတတ်ကြသေးတယ် ၊ အဲဒါနဲ့ ဈေးတန်းထဲမှာ ရပ်ကွက်ထဲမှာ သွားရင်းလာရင်း သွားမရှိလောက်တော့တဲ့ အဘွားအရွယ်တွေရဲ့ခံတွင်းကို လိုက်လိုက်ချောင်းကြည့်ရတဲ့ အလုပ်ကလည်း တကယ်လုပ်ရတော့ မလွယ်တဲ့ အလုပ်တခုပါပဲလားအန်ကယ်ကြီးရယ်"
သူ့စကားကြောင့်ကျွန်တော်ရယ်မိသော်လည်း ထိုအဘွားအိုမျိုးတွေ့လျှင်ပင် သူ့ဗွီဒီယိုဇာတ်အတွက် သရုပ် ဆောင်မည့်သူတွေ့ပြီဟု စိတ်ချရန်မှာ မသေချာလှသည့်အတွက် သူ့ဒုက္ခကိုစာနာမိသောကြောင့် ဇာတ်ညွှန်းတွင် အဘွားအိုကို အံသွားများ ရှိသေးသော်လည်း ရှေ့သွားများမရှိတော့သူအဖြစ်ပြရန်ညွှန်းပြီး အချို့စကားပြောခန်းများကို အနည်းငယ်စီ ပြင်ဆင်ပေးလိုက်ရပါသည်။
ပထမဆု ဒုတိယဆု နှစ်ဆုစလုံးရထိုက်သည်ဟူသည့် သပြေတန်းဘုန်း ကြီး၏အဆိုကို ကြားစတွင်ရယ်မိသော်လည်း သူပြောသည့်ယုတ္တိကြောင့် စဥ်းစားစရာဖြစ်လာ၏။
သွားမရှိသည့်အဘွားအိုက သွားကျိန်းလှချည့်ဟု ညည်းညူသည်ကိုကြားရသောအခါ ရယ်မိသော်လည်း သွားကျိန်းသည်မှာ သွားရှိခြင်းမရှိခြင်းတို့နှင့် မသက်ဆိုင်ဟူ၍ အဘွားက ဆိုလိုက်သောအခါတွင်မူ တွေးဆ,ဖွယ်ဖြစ်လာခဲ့ပေ၏။
 အချို့သောရယ်ဖွယ်အဖြစ်တို့၏နောက်ဝယ် တွေးဆ, ဆင်ခြင်စရာလေးများ ပါပါနေတတ်ကြပါ၏။

(ဆက်ရန်)

8.11.22
********

Comments