မောင်ခေတ်စည် - ဖေ့စ်ဘွတ်စာပေ အခန်းဆက် ဆောင်းပါး၊ အခန်း (၁၈ - ၁၉)

ဖေ့စ်ဘွတ်စာပေ(၁၈-၁၉)
မောင်ခေတ်စည်
(သစ်ခက်သံလွင်) နိုဝင်ဘာ ၂၆၊ ၂၀၂၂

ဖေ့စ်ဘွတ်စာပေ(၁၈)
25.11.22

အငြိမ့်ဇာတ်လူရွှင်တော်ဦးထင်ပေါ်၏ ဖေ့စ်ဘွတ် page တွင်ရေးသည့်ဆောင်းပါးများကိုလည်း ကျွန်တော်ရေးနေသည့်"ဖေ့စ်ဘွတ်စာပေ" ဆောင်းပါးများထဲတွင် ထည့်သွင်းညွှန်းဆိုချင်ပါသည်။
*(ဦးထင်ပေါ်၏ဖေ့စ်ဘွတ် profile picture မှာပင်နီတိုက်ပုံဝတ် ခေါင်းပေါင်းပေါင်းထားသည့် ကိုယ်တစ်ပိုင်းဓာတ်ပုံ ဖြစ်ပါသည်။
search bar တွင်"ဦးထင်ပေါ်" ဟုစာရေးလျှင် ဦးထင်ပေါ်လေး ငါး ဦးတို့၏ profile logo များပေါ်လာမည်ဖြစ်ရာ ကျွန်တော်ပြောလိုသော ဦးထင်ပေါ်ကို အလွယ်မြင်/သိစေရန်အတွက် သူ၏ logo ကိစ္စ ကိုပြောပြခြင်းဖြစ်ပါသည်။
 တလောက ဦးထင်ပေါ်၏ profile ကို search bar ဖြင့်နာမည်း၍ရှာဖွေရာ ဦးထင်ပေါ်အသက် ၇၃ နှစ်ဆိုသူတဦး၏ နာရေးအစီအရင်များအကြောင်းနှင့်တကွ "ပေါင်းတည်မြို့'" ဟူသည်ကိုပါတွေ့ရသောကြောင့် ကိုယ်သိချင်သည့် မန္တလေးမြို့မှဦးထင်ပေါ်ကြီး ပေါင်းတည်မှာ သွားသေရှာသကိုးဟု ထင်ယောင်ထင်မှားဖြင့် ခေတ္တမျှဝမ်းနည်းမိလိုက်ရပါသေးသည်။)

_ဦးထင်ပေါ်ရေးသည့် စာကိုညွှန်းလိုသောကြောင့် သူ၏ ဖေ့စ်ဘွတ်နံရံ(wall)ပေါ်မှစာများကိုဖတ်ကြည့်သေ ာအခါ သူ့ဘဝဇာတ်ကြောင်းနှင့် သူ့တစ်သက်တာလုံးအလုပ်အဖြစ် သူခံယူကျင်လည်ကျက်စားခဲ့ရာ ဇာတ်သဘင်လောကသားတဦး၏ ဘဝအတွေ့အကြုံများကိုရေးထားသည့်ရသဆောင်းပါးမျာအဖြစ်တွေ့ရပါသည်။

ဦးထင်ပေါ်က သူ၏အတ္ထုပ္ပတ္တိကို "ကျွန်တော့်ဘဝမှတ်တမ်း" အပိုင်း ၁..၂.. ၃ စသည်ဖြင့်၂၀၂၂ ခုနှစ် အောက် တိုဘာလ ၃ ရက်နေ့ မှစတင်ပြီး post လုပ်ကာ နိုဝင်ဘာလ ၂ ရက်နေ့ အပိုင်း ၃၂ တွင်" ဤမျှဖြင့်သူ့ဘဝအကြောင်းတင်ပြမှုကို ရပ်နားတော့မည်"ဟု စာဖတ်ပရိသတ်အားအသိပေးလျှက် နိဂုံးချုပ်ထားသည်။
 ဦးထင်ပေါ်၏ကိုယ်ရေးကိုယ်တာသက်သက်မျှသာဖြစ်သည့် အတွေ့ အကြုံများထဲတွင် သူ့ပထမဇနီး (မဝေ)ကအငယ်ဆုံးကလေးမလေးကို မီးဖွားပြီးပြီးချင်း သေဆုံးခြင်း...
ထိုမွေးကင်းစကလေးမလေးအား သူဌေးလင်မယားက ရွှေပေါ်မြတင် မွေးစားခဲ့ပါသော်လည်း  အသက်မရှည်ရှာခြင်း...
အိမ်မီးလောင်ခြင်းနှင့် ထိုမီးလောင်မှုအတွက်သူ၏ဒုတိယမြောက်ဇနီး(မအေးမြင့်) ထောင်ကျရခြင်း...
မဝေနှင့်ရခဲ့သော သားဦး(ဗိုလ်ဗိုလ်ဦး)က လူပျိုကြီးဖြစ်ကာမှ ရုတ်တရက်ကွယ်လွန်ခြင်း ...
နောက်အိမ်ထောင်(မအေးမြင့်)နှင့်ရသည့်သား (လူရွှင်တော်စွမ်းထက်) ကွယ်လွန်ခြင်း ...စသည့်အခန်းများမှာ ကြေကွဲဆို့နင့်ဖွယ်ရာ အခန်းများဖြစ်သည်။
ဇနီးသည်မဝေ မီးဖွါးပြီးနောက် ကွယ်လွန်သွားကြောင်းကိုရွှေဘိုမြို့ဘက်သို့အငြိမ့်သွားက,ပြီးအပြန်လမ်းပေါ်တွင် ဦးထင်ပေါ်သိလိုက်ရသည်။
လားရှိုးဘက်သို့အငြိမ့်သွားကပြီးအပြန် မေမြို့အဆင်းမှာကတည်းက မန္တလေးတွင်လောင်ကျွမ်းနေသည့်မီးရောင်ကို ဦးထင်ပေါ်တို့မြင်ကြရသည်။ မန္တလေးမြို့ဘက်သို့နီးကပ်လာသည်နှင့်အမျှ သူနေသောရပ်ကွက်နှင့်နီးစပ်ရာအရပ်တွင် မီးလောင်နေခြင်းဖြစ်သည်ကို ဦးထင်ပေါ်ခန့်မှန်းမိသည်။ အိမ်မရောက်မီပင်(အောင်ပင် လယ် ဘိုးဘိုးကြီးနတ်နန်းအရောက်၌) သူ့သားကြီး ဗိုလ်ဗိုလ်ဦးက သူ့ (ဦးထင်ပေါ်၏) အိမ်မှမီးစ, လောင်သည်ဖြစ်၍ သူ့ဇနီးအား ရဲဖမ်းသွားကြောင်း ဆီးကြိုပြောပြသဖြင့် ဦးထင်ပေါ်သိလိုက်ရသည်။

ထိုအခန်းများကို ပြန်လည်တင်ပြရာ၌ ဦးထင်ပေါ်က သူ၏အလွမ်းအဆွေးအခက်အခဲ စသည်များကိုဝိတ္ထာရမချဲ့လှ။
 ဦးထင်ပေါ်၏ပထမအိမ်ထောင် မဝေမှာ(သူ့စာအရ)ဦးထင်ပေါ်၏ ရည်း စားဦးလည်း ဖြစ်သည်။ ပထမအကြိမ် မ​ဝေကို ဦးထင်ပေါ်ခိုးပြေးစဥ်အခါက ည ၁ နာရီအချိန်တွင်သူတိုနှစ်ဦးပုန်းအောင်းနေရာသို့ မဝေ၏အဘိုး
လိုက်လာကာ မဝေကိုပြန်ခေါ်သွားသည်။
မဝေတို့က နေနိုင်စားနိုင်မျိုးရိုးဖြစ်သည်။ ထိုကြောင့် မောင်ထင်ပေါ်လိုသဘင်သည်နှင့် မပေးစားနိုင်။ ပြန်ခေါ်သွားသည့်ည တညလုံးမ​ဝေကို သူ့အဘိုးက ရိုက်သည်ဆိုသောသတင်းမောင်ထင်ပေါ်ပြန်ကြားရသောအခါ 
မောင်ထင်ပေါ်မျက်ရည်မဆည်နိုင်ခဲ့။
ဒုတိယအကြိမ်ခိုးပြေးပြီးမှ အတည်တကျပေါင်းသင်းနိုင်ခဲ့သော သူ၏ ငယ်ချစ်မယား မဝေကွယ်လွမ်းခန်း၌ ဦးထင်ပေါ်ကသူ၏အလွမ်းကို အောက်ပါအတိုင်းမျှသာ စာဖွဲ့သည်။
*(ရွှေဘိုတွင် ပွဲနှစ်ည က,ပြီးအပြန်လမ်း၌...)

"အေး..ဒုတိယည နေ့လယ် ပွဲကော်မတီကခေါ်လို့ ငါလိုက်သွားတယ်လေ။ပွဲငှားအိမ်မှာ မင့်ညီမြင့်သိန်းရောက်နေပြီး မဝေဆုံးတာလာပြောတာ ။ ပြီးတော့..အစ်ကို့ကို မပြောနဲ့ဦးလမ်းရောက်မှပြောပါ..တဲ့"
ကျွန်တော် သတိလစ်သွားသလားမသိ။
အငြိမ့်ကား လမ်း ၈၀ ကနေ လမ်း ၄၀/ ညာဘက်ချိုးလိုက်တော့ သံလမ်းမရောက်ခင် ဘယ်ဘက်မှာ မဝေအလောင်းပြင်ထားတာမြင်လိုက်ရမှ ကျွန်တော်လည်း ကားရပ်သည်အထိမစောင့်တော့ဘဲ ခုန်ချလိုက်တယ်။
မဝေကို ဇာအခုံးလေးနဲ့အုပ်ထားတာလေ။
ကျွန်တော် ၅ မိနစ်လောက်ဘာမှမသိတော့ဘူး။
ကျွန်တော့်ကလေး နှစ်ယောက်ဘေးလာရပ်မှ မဝေညီမ ဆွေဆွေက သုံးရက်တောင်မပြည့်သေးတဲ့ မွေးကင်း စ,ကလေးပွေ့ထားတာကြည့်ပြီး 
တအားငိုပစ်လိုက်တာပေါ့" *

(ကျွန်တော့ဘဝမှတ်တမ်း  အပိုင်း/၉)

ဤနေရာသည် ဦးထင်ပေါ်အလွမ်းသယ်လိုက သယ်ရန် လွန်စွာသင့်မြတ်သောနေရာဖြစ်သည်။
မဝေကိုပထမအကြိမ်ခိုးပြေးပြီး သစ်စိမ်းချိုးသကဲ့သို အခွဲခံလ်ိုက်ရစဥ်က သူခံစားခဲ့ရသည့် နှလုံးသားဝေဒနာဟောင်းများကို ယခုမဝေ၏ရုပ်လောင်းအားပွေဖက်လျက် မျက်ရည်မိုးသွန်းဖြိုးမည်ဆိုက ကြားရသူ ဖတ်ရသူတို့၏နှလုံးဘဝင်အထိ အလွမ်းကူးစေမည့်ဇာတ်ကွက်ဖြစ်သည်။
သို့သော် ဦးထင်ပေါ်က သူ့အလွမ်းကိုအကျယ်မချဲ့၊ အထက်တွင်ကောက် နှုတ်ထားသမျှလောက်သာ ဖော် ပြထား၏။
(ဆက်ရန်)

**ရှေးကတော့ပိုချစ်ကြတယ်" ဟုအမည်တပ်ထားသော  ဦးထင်ပေါ်၏ ဆောင်းပါးကို ကျွန်တော် share လုပ်ထားပါသည်။
ဦးထင်ပေါ်၏စာအရေးအသားကိုအကဲခတ်လိုသည့် စာဝါသနာရှင်များ အလွယ်တကူ ဖတ်နိုင်စေရန်ဖြစ်ပါသည်။**

*********
ဖေ့စ်ဘွတ်စာပေ(၁၉)
26.11.22

ဦးထင်ပေါ်၏ "ကျွန်တော့်ဘဝ" ဆောင်းပါးများထဲတွင် တစ်ပါးသူတိုနှင့်ပတ်သက်ရသော သူ့ဘဝအစိတ်အပိုင်းများထည့်ရေးထားသည်များလည်းပါ ပါသည်။
သူ့၏ဒုတိယဇနီးမအေးမြင့်ကိုသူခိုးပြေးသောအခါ မြို့တော်ဦးပေါစံနှင့်အမှုအခင်းဖြစ်ရကြောင်းသူရေးထားသည်ကိုဖတ်ရသည်မှာ စိတ်ဝင်စားစာလည်းကောင်း၍ ဇာတ်သဘင်လောကသားတို့၏ တစ်ဝမ်းတစ်ခါးကိစ္စကို
အလေးမူကာ ကိုယ်ချင်းစာစိတ်လည်းဖြစ်ရပါသည်။

သူတို့ဖြစ်ပုံကား ...သူက အငြိမ့်ရှေ့ထွက်မင်းသမီးလေး မအေးမြင့်ကိုခို းပြေးသည်။ မအေးမြင့်မှာ လာမည့်ပွဲရာသီ(လာမည့်နှစ် ဝါဆိုလဆန်း ၁၁ ရက်မှ ဟိုးနောက်နှစ် နယုန်လဆုတ် ၁၁ ရက်နေ့အထိလောက်အထိ တစ်နှစ်တာ)အတွင်း ဦးပေါ်စံဦးစီးသည့် မြို့တော်အငြိမ့်၌ပါဝင်က,ပြရန် စာ ချုပ်မိနေသည်။ မအေးမြင့်၏မိဘများက ဦးပေါစံထံမှစရံငွေကြိုယူထားပြီးဖြစ်သည်။
မအေးမြင့်ကို ဦးထင်ပေါ်ခိုးပြေးသောအခါ ဦးပေါစံက မအေးမြင့်အားသူ့အငြိမ့်တွင်မခေါ်ယူလိုတော့သဖြင့် မအေးမြင့်၏မိဘများထံကြိုတင်ထုတ်ပေးထားသောပိုက်ဆံပြန်တောင်းရာ၌ မူလပေးထားသည်ထက်သုံးဆ,ပေးရမည်ဟုတောင်းသည်။ ဦးထင်ပေါ်က ဦးပေါ်စံ၏မြို့တော်အငြိမ့်တွင် မအေးမြင့်အနေဖြင့်ပွဲရာသီကုန်သည့်အထိ က,ရပါမည့်အကြောင်း ဦးပေါစံအားတောင်းပန်သော်လည်း ဦးပေါစံကလုံးဝလက်မခံတော့ပဲ
မအေးမြင့်၏နေရာတွင်အခြားမင်းသမီးတစ်လက်ကိုအစားထိုးငှားရမ်းလိုက်သည်။

ဤသို့ဖြင့် လာမည့်နှစ်ပွဲရာသီအတွက် မအေးမြင့်အလုပ်လက်မဲ့ဘဝသို့ရောက်မည့်ကိန်းကြုံလာရာ  ဦးထင်ပေါ်က သဘင်အစည်းအရုံးသို့တိုင်တန်းကာ အမှုရှင်းခိုင်းသည်။ထိုအစည်းအရုံးတွင်ဦးပေါစံအမှု နိုင်သွားသည်။
ထို့ကြောင့်ဦးထင်ပေါ်က ဦးပေါစံအားတရားစွဲရာ တရားရုံးက ဦးထင်ပေါ်အားအမှုအနိုင်ပေးလျက် ဦးပေါစံအနေဖြင့် မအေးမြင့်နေရာတွင် အစား ထိုးငှားရမ်းလိုက်သောမင်းသမီးအားပေးရသည့် ညကြေးအတိုင်း မအေးမြင့်အားလည်းအလျော်ပေးရမည်ဟု အမိန့်ချမှတ်လိုက်သည်။
တရားရုံးအဆုံးအဖြတ်အတိုင်း ဦးပေါစံကဦးထင် ပေါ်တို့အားအလျော်ပေးပါ၏။
သို့သော်ထိုအလျော်ငွေကို ဦးထင်ပေါ်မယူခဲ့တော့။
အဘယ့်ကြောင့်ကြောင့်ဦးပေါစံပေးသည့်လျော်ကြေးငွေကိုမယူခဲ့တော့ကြောင်းနှင့်စပ်လျဥ်း၍မူကား ဦးထင်ပေါ်ကသူ့ဆောင်းပါးထဲတွင်ထည့်မရေးခဲ့။
သို့သော် ဦးထင်ပေါ်၏သူ့ဘဝအကြောင်းမဟုတ်ပဲ အခြားခေါင်းစဥ် အ​ထွေထွေတပ်ကာရေးထားသည့်ဆောင်း ပါးများကိုဖတ်ကြည့်လျှင် ဦးပေါစံပေးသည့်လျော်ကြေးအား ဦးထင်ပေါ် အဘယ်ကြောင့်လက်မခံသနည်းဟူ သောအမေးပုစ္ဆာအတွက်အဖြေကို စာဖတ်သူတို့ ရိပ်စားမိလောက်မည်ဟုကျွန်တော်ထင်ပါသည်။
ဦးထင်ပေါ်ရေးသည့် ဆောင်းပါးတို ရှည်အထွေထွေထဲတွင် မြို့တော်သိန်းအောင်နှင့်မြို့တော်မိသားစုအကြောင်းရေးသည့်ဆောင်းပါးချည်း ၅ စောင်တွေ့ရပါသည်။
"မန္နလေးကိုချစ်တဲ့မြို့တော်"
"မြို့တော်ရဲ့မသွေးဘဲထက်တဲ့ဓား"
"မပြီးသေးသောမြို့တော်"
"မြိုတော်သိန်းအောင်" နှင့် "ရင်ထဲကကျေးဇူး" ဟူသော ဆောင်းပါးများဖြစ်ပါသည်။
ဤအရေတွက်မှာ ကျွန်တော်တွေ့သမျှကိုသာပြောခြင်းဖြစ်ပါသည် ထိုမျှမကသောအရေအတွက်ရှိကောင်းရှိန်ုင်ပါသေးသည်။
ထိုဆောင်းပါးများအရ မြို့တော်ဇာတ်အဖွဲနှင့်မြို့တော်သိန်းအောင်မိသားစုများအပေါ်၌ ဦးထင်ပေါ် လွန်စွာသံယောဇဥ်ကြီးကြောင်းသိရပါသည်။မြို့တော် (ဦး)သိန်းအောင်အားဦးထင်ပေါ်က"ဘထွေး" ဟုခေါ်၍ဦးထင် ပေါ်အားမြို့တော်(ဦး)သိန်းအောင်က"သား" ဟုခေါ်ကြောင်းလည်း သိရပါသည်။
ဤနေရာတွင် "ဤမျှသံယောဇဥ်ကြီးပါလျက်နှင့် ဦးပေါစံနှင့် ဦးထင်ပေါ်တို့ အဘယ့်ကြောင့် တရားတဘောင်ဖြစ်သည်အထိ ပြဿနာတက်ခဲ့ကြပါသနည်း" ဟု မေးချင်စရာဖြစ်ပါသည်။
ဤအမေးအတွက်အဖြေကိုလည်း ဦးထင်ပေါ်၏အခြားသောဆောင်းပါးများကို စုံစေ့စွာဖတ်မိလျှင်စာဖတ်သူတို့ရိပ်စားမိနိုင်လောက်သည်ဟုပင် ကျွန်တော်ဆိုချင်ပါသည်။
အကြောင်းသော်ကား ဦးထင်ပေါ်ရေးသောဆောင်းပါးများက ဇာတ်သူဇာတ်သားတို့၏သဘောသဘာဝကို...
"ရန်ဖြစ်စရာအခင်းပေါ်လျှင် ဒေါသအလျှောက် တဦးနှင့်တဦးရိုက် မောင်းပုတ်မောင်းလုပ်သည်အထိ လက်လွန်ခြေလွန်ဖြစ်တတ်စေကာမူလည်း သွေးအေးသွားသည့်အခါ ဘာမှမဖြစ်ခဲ့သလိုမျိုး တဦးနှင့်တဦး ဆက်ဆံမြဲဆက်ဆံတတ်ကြသည်" ဟူ၍  ကျေနပ်လောက်အောင်သရုပ်ဖော်ရှင်းပြထားသောကြောင့် ဖြစ်ပါ၏။

ထိုသဘောကိုသိလွယ်စေရန် ဦးထင်ပေါ်၏ ..."ရှေးကတော့ပိုချစ်ကြတယ်" ...အမည်ရှိဆောင်းပါးကို ကျွန်တော် share ယူပြီး post လုပ်ထားပါသည်။
ဖတ်ရှုခံစားကြည့်ကြပါကုန်။
(ဆက်ရန်)
**********

  

Comments