မောင်ခေတ်စည် - ဖေ့စ်ဘွတ်စာပေ(၁၆ - ၁၇) အခန်းဆက်ဆောင်းပါး

Image- Crd

ဖေ့စ်ဘွတ်စာပေ(၁၆ - ၁၇) 
မောင်ခေတ်စည်
(သစ်ခက်သံလွင်) နိုဝင်ဘာ ၂၃၊ ၂၀၂၂

ဖေ့စ်ဘွတ်စာပေ(၁၆)

ဖေ့စ်ဘွတ်တွင်တွေ့ရဖတ်ရသည့် ကိုယ်တွေ့ဆောင်းပါးများနှင့် အတ္ထုပ္ပတ္တိဆောင်းပါးများ၏ထူးခြားချက်မှာ စာရေးသူကအာရုံကျလျှင် ကျသလောက်ရေးထားသောကြောင့် အကြောင်းခြင်းရာစုံလင်ခြင်းဖြစ်သည်။ 
ဖေ့စ်ဘွတ်စာပေပလက်ဖောင်းတွင်၊ အယ်ဒီတာမရှိ ထုတ်ဝေသူမရှိ၊ ထို့ကြောင့်ဖေ့စ်ဘွတ်တွင်ရေးသည့် စာရေးသူတဦးအနေဖြင့်  မိမိရေးသည့်စာအား အယ်ဒီတာ ထုတ်ဝေ​သူ စသည့် ပုဂ္ဂိုလ်များ ကြိုက်သည် မကြိုက် သည်ကို ငဲ့ကွက်နေစရာမလို၊ မိမိအလိုအတိုင်း နှောင်ကြိုးမဲ့ လွတ်လပ်စွာရေးခွင့်ရကြသည်ဖြစ်သောကြောင့် ဤသို့သော အကြောင်းခြင်းရာစုံလင်သည့် ရသဆောင်းပါးများ ပေါ်ထွက်လာခြင်းဖြစ်သည်ဟု ယူဆရပါသည်။
အထက်တွင် (ဆောင်းပါးအမှတ် ၁၃, ၁၄ ၌) ဖော်ပြခဲ့သည့် လေထီးဦးအုန်းမောင်ရာပြည့်အထိမ်းအမှတ်စာ စောင်၌ ဖော်ပြပါရှိသော (သခင်ဗဟိန်း၏ကတော်) ဒေါ်ခင်ကြီးရေးသည့်ဆောင်းပါးအား ဖေ့စ်ဘွတ်တွင် ဖတ်ရတတ်သော ကိုယ်တွေ့ဆောင်းပါးအမျိုးအစားများနှင့် တင်ပြပုံ တူ ညီသည်ဟု ကျွန်တော်ဆိုခဲ့သည်မှ၊ ထိုဆောင်းပါးတွင် ဒေါ်ခင်ကြီးအာရုံကျသမျှ ထည့်သွင်းရေးထားသည်ဟု ယူဆရသောကြောင့်ဖြစ်ပါသည်။
ဒေါ်ခင်ကြီး၏ဆောင်းပါးတွင် ...

၁၃၀၀ ရာပြည့် (၁၉၃၈) အရေးတော်ပုံနှင့် ဗိုလ်အောင်ကျော်ကျဆုံးသည့်အဖြစ်များကြောင့် သူ(ဒေါ်ခင်ကြီး) နိုင်ငံရေးစိတ်ဓာတ်နိုးကြာနေသည့်အကြောင်း..
ဆရာဖြစ်သင်ကောလိပ်တက်ရန်၊ သွားရောက်စုံစမ်းရင်း၊ မိတ်ဆွေအသစ်များနှင့်စ,တင်သိကျွမ်းသည့်အကြောင်း..
ကျောင်းအသွားတွင် ၊ကားပေါ၌ လဲကျမလိုဖြစ်ရာမှ သူ့ဓာတ်ပုံ ၃ ပုံထွက်ကျခဲ့သည့်အကြောင်း..
ပခုက္ကူကူမြို့သို့သွားလည်ကြောင်း.. 
အိမ်ပြန်ရောက်သောအခါ၊ သူ့အိမ်ခြံဝင်းထဲရှိအငှားချထားသောအိမ်တွင် ကိုဗဟိန်းတို့တွေ အိမ်ငှားအဖြစ်လာရောက်နေထိုင်ရသည်ကိုတွေ့ရကြောင်း ... စသည်တို့အပါအဝင် အခြားအချက်အလက်ပေါင်းများစွာကိုရေ းထားသည်မှာ (၁၇.၅×၂၀.၅ စင်တီအရွယ်) စာမျက်နှာ ၂၁ မျက်နှာမျှရှိ၏။

ဤနေရာ၌ အချက်အလက်ပေါင်းများစွာပါဝင်သည့် ဆောင်းပါးမျိုးမှာ ဖေ့စ်ဘွတ်စာမျက်နှာတွင်သာတွေ့ရတတ်သော(ကိုယ်တွေ့)ဆောင်းပါးတို့၏၊ဝိသေသလက္ခဏာဖြစ်သည်ဟူ၍ ပြောလိုခြင်းဖြစ်ပါသည်။
နောက်တချက်ပြောလိုသေးသည်မှာ ဖေ့စ်ဘွတ်ဆောင်းပါးများသည်လည်း အခြားသောရသဆောင်းပါးများနည်းတူ  ရသ ပါသောစာပေများပင်ဖြစ်သည်ဟူသောအချက်ဖြစ်ပါသည်။

ဖေ့စ်ဘွတ်ပလက်ဖောင်း၌ (ကိုယ်တွေ့)ဆောင်းပါးရေးကြသူများထဲတွင်စာအုပ်စာစောင်များတွင့်ရေးကြဖူးသည့် စာရေးဆရာများလည်းပါ ပါ သည်။ မိုဘိုင်းဖုန်းခေတ်ရောက်သောအခါမှ ဖေ့စ်ဘွတ်တွင်သာ စ,တင်စာရေးသူများလည်းပါ ပါသည်။ 
မည်သူရေးသည့်ကိုယ်တွေ့စာဖြစ်စေ၊ သူတို့၏ဘဝအတွေ့အကြုံများမှာ လောကီဘုံဓလေ့၌ ကြုံတွေ့ရတတ်သည့်အကြောင်းချင်းရာများချည်းပင်ဖြစ်သည်နှင့်အညီ သူတို့စီကုံးသည့်စာများမှာလည်း လောကီထုပ္ပတ်လူတို့ဇာတ်ထဲမှ သူတိုနှင့်ကြုံခဲ့ဆုံခဲ့ သူတို့ခံစားခဲ့ကြရဖူးသည့်လောကဓံများသာဖြစ်သည်။
ထို့ကြောင့်သူတို့စာများထဲတွင် လောကဓံတရား၏သရုပ်လက္ခဏာများဖြစ်သော အလွမ်းအသော အမြင့်အနိမ့် အဆင်းအတက်တို့ကိုဖတ်ရသည်။ 

ထိုထိုဆောင်းပါးရှင်တို့အနေဖြင့်  စာအစီအကုံးမှုအဖွဲ့အနွဲ့ဆိုင်ရာ မတတ်ပွန်သည့်တိုင် အရှိကိုအရှိအတိုင်း ရိုးသားစွာတင်ပြထားသောစာတို့ဖြစ်သောကြောင့် ထိုသူတို့၏ စာကိုဖတ်လျှင် ဖတ်သူစိတ်နှလုံး၌ စာဖတ်ရာမှရရှိအပ်သော ရသတို့ခံစားကြရသည်သာဖြစ်သည်။
 နောက်ဆက်ရေးမည့်ဆောင်းပါးများတွင် ကျွန်တော်အမှတ်ထင်ထင်ဖတ်မိသော ဖေ့စ်ဘွတ်(ကိုယ်တွေ့)ဆောင်းပါးများကိုညွှန်းဆိုကာ ထိုဆောင်း ပါးရေးသည့်ပုဂ္ဂိုလ် (acc အမည်)တို့ကိုလည်း ဖော်ပြသွားပါမည်။
(စာရှုသူတို့ဖတ်လိုက အလွယ်တကူရှာဖွေဖတ်ရှုနိုင်ရန်  သူတို့၏ acc name ကိုဖော်ပြလိုခြင်းဖြစ်ပါသည်။)
ယခုပထမဆုံး ( acc name) ဒေါ်လုံးကြည်၏ ဖေ့စ်ဘွတ်ဆောင်းပါးများကို ညွှန်းဆိုပါမည်။
သူ့စာများအကြောင်းမပြောမီ  သူ့ profile တွင်ဖော်ပြထားသည့် အချက် အလက်များနှင့်၊သူ့စာများအရသိရသည့်  သူ့အကြောင်းကို မိတ်ဆက်အဖြစ်ပြောချင်ပါသည်။

*****"*************
*"ဒေါ်လုံးကြည်" ဆိုသည်ကသူ့အမည်ရင်းပင်ဖြစ်ပါသည်။
အလက ကျောင်းအုပ် ပင်စင်စား၊ အသက် ၆၃ နှစ်။
၂၀၁၇  ကျမှ fb စာဖတ်/ရေး။
သူ့စာများမှာ ဆောင်းပါးတစ်ပုဒ်ချင်းကို ခေါင်းစဥ်(အမည်)တစ်ခုစီတပ်ထားသောသူ့ဘဝအတွေ့အကြုံများဖြစ်။
အစောပိုင်းရေးသည့်စာများကို archive  တွင်သိမ်းထားသည်ဆိုသော ကြောင့် သူ့​"ဝေါ" တွင်နောက်ပိုင်းရေးသောဆောင်းပါးများသာတွေ့ရ *
******************

ဒေါ်လုံးကြည်ရေးသည့်ဆောင်းပါးတစ်ပုဒ် နှစ်ပုဒ်ကိုဖတ်၊ ထိုစာအောက်မှ comment ရေးထားသည်များကိုလည်းဖတ်ပြီးလျှင် စာဖတ်သူအနေဖြင့်၊ ဒေါ်လုံးကြည်နှင့် ရင်းနှီးကျွမ်းဝင်ပြီးသား မိတ်ဟောင်း ဆွေဟောင်းဖြစ်ပြီးသားဟု ခံစားမိလိမ့်မည်ထင်ပါသည်။
ဤသို့ခံစားမိသည်ကို စေ့ငုကြည့်လျှင်၊ ဒေါ်လုံးကြည်ရေးသည့်ဟန်ပန် (လေယူလေသိမ်း) ကြောင့်ဟု ယူဆပါသည်။
ဒေါ်လုံးကြည်က၊ သူကြားမြင်တွေ့ကြုံခဲ့သမျှကို စာဖတ်သူအား ရယ်ကာပတ်ရွှန်းဖြင့်  အားပါးတရ ပြောပြသလို မျိုးရေးတတ်ပါသည်။ သူ့စာထဲတွင်..
ဝက်ထီးကို ဝက်တောင်း ဝက်သိုး ဟုခေါ်ကြောင်း၊ ဝက်ထီး၏အသားက ဝက်သိုးနံ့ နံသဖြင့်၊ အမဲလိုက်၍ ဝက်သိုးရလာပါက သိုးနံ့မနံစေရန် "ဟိုနေရာ" ကိုကွင်းပြီး လှီးထုတ်ပစ်ကြောင်း ဆိုသည်မျိုးလည်း ဖတ်ရတတ် ၍ ငဖဲဘက်တွင် သတို့သမီးရှင်အား သတို့သားက လက်ဖွဲ့တင်တောင်းရသည့်အဖြစ်ကို " နို့ဖိုး" ဟုခေါ်သည်ဆိုကြောင်း စသည်မျိုးကိုလည်းဖတ်ရတတ်ပါသည်။
(မင်းတုန်း_ငဖဲ ၊ ပတိန်း_ ငဖဲဟူ၍ကြားဖူးရာ၊ ဘယ် ငဖဲကိုပြောသည်မသိ) ဒေါ်လုံးကြည်တွင် ၊(သူ့ profile ဖော်ပြချက်အရ) ဖေ့စ်ဘွတ် mutual မိတ်ဆွေ ၃၁၆၁ ဦး၊ follow လုပ်သူ ၇၆၃ ဦးရှိသည်ဟုသိရပါသည်။
သူ့ဆောင်းပါးတိုင်းတွင်၊ comment ပေးသူ အနည်းဆုံးအားဖြင့်  လူ ၃၀ လောက်ရှိတတ်ရာ အချို့comment များမှာ ဒေါ်လုံးကြည်နှင့် အပြန် အလှန်ရေးနေသေးသောကြောင့် ဒေါ်လုံးကြည်ရေးသည့်မူလဆောင်းပါးကို၊ပို၍ဝေဆာသွားစေပါသည်။
သိုသော် မင့်အားလုံးလိုလိုမှာ  ဒေါ်လုံးကြည်ဆောင်းပါးများကို  စာပေရှုဒေါင့်မှအကဲဖြတ်အကြံပေးသည့် "မင့်"များမဟုတ်ကြ။ (ဖေ့စ်ဘွတ်ယဥ်ကျေးမှုအစဥ်အလာနှင့်အညီ ) ကောင်းကြောင်း ကိုသာ"မင့်"ကြသည်ကိုတွေ့ရ၏။

*ပြောလိုသည်မှာ ဒေါ်လုံးကြည်အပါအဝင် ဖေ့စ်ဘွတ်ဆောင်းပါးရှင်များအနေဖြင့် ကိုယ်ရေးသည့်စာကို ကောင်းသည်ထက်ကောင်းစေရန်  ကိုယ့်ဘာသာတည်းဖြတ်ဝေဖန်ကြရပါလိမ့်မည်။ ဖေ့စ်ဘွတ် ပလက်ဖောင်းပေါ်တက်ကာ မည်သူကမှတော့ ဝေဖန်အကြံပေးမည်မထင်။*
ဒေါ်လုံးကြည်ရေးသည့် သူ့အတွေ့အကြုံဆောင်းပါးတစ်ပုဒ်ကို (စိတ်ဝင်စားပါက) မြည်းစမ်းဖတ်ရှုစေရန် ကျွန်တော် share ထားပါသည်။
ထိုစာတွင်  ဒေါ်လုံးကြည်၏စာကိုဖတ်ရုံမျှမက၊ ဒေါ်လုံးကြည် စာပိုဒ်ခွဲထားပုံများကိုလည်း ၊ခပ်ဆမ်းဆန်းလေးရှုစားကြရပါလိမ့်မည်။
20.11.22

**********
ဖေ့စ်ဘွတ်စာပေ(၁၇)

ကျွန်တော့် ဖေ့စ်ဘွတ်စာမျက်နှာတွင်၊share အဖြစ်လည်းကောင်း၊ ကော်ပီအဖြစ်လည်းကောင်း၊ post တင်ထားသည့် "နံနက်ခင်းအတွေး"ဟုခေါင်းစဥ်တပ်ထားသော ဒေါ်လုံးကြည်၏ဆောင်းပါးကိုဖတ်လျှင် ဒေါ်လုံးကြည်
စာ​ရေးဟန်ကို အနည်းအကျဥ်းမျှပင်ဖြစ်စေ ရိပ်စားနိုင်မိလောက်မည်ထင်ပါသည်။
သူ၏ဤဆောင်းပါးမှာ မနက်စောစောအိပ်ရာမှ မထ,သေးပဲ လူးလွန့်ရင်း၊ အတွေးပေါ်လာသမျှ ရေးသည့်သဘောဖြစ်သောကြောင့် အခြားအကြောင်းအရာများရေးထားသည့် ဆောင်းပါးများတွင်တွေ့ရလေ့ရှိသော၊ ဒေါ်လုံးကြည်၏ ဝေ​ဝေဆာဆာရေးဟန်ကို ဤဆောင်းပါ၌ "လက်ကုန်"
မတွေ့ရဟု ဆိုချင်ပါသည်။
သို့နှင့်တိုင် အဖိအဖေါ့ အတက်အဆင်းကလေးများဖြင့် သွက်လက်ပေါ့ပါးစွာရေးတတ်သည်မှာ၊ဒေါ်လုံးကြည်၏ စာ​ရေးမှုဆိုင်ရာအတတ်ဟုဆိုသော် အကျဥ်းအားဖြင့်လုံလောက်ပြီဟုဆိုနိုင်မည်ထင်ပါသည်။
ဤ၌ "အဖိအဖော့အတက်အဆင်း" ဟူသည်မှာ ဆောင်းပါးဖွဲ့စည်း(စီစဥ်)၊ပုံကိုအဓိကရည်ညွှန်းလိုခြင်း ဖြစ်ပါသည်။ "သွက်လက််ပေါပါးစွာ" ဟူ သည်က စာရေးသူ၏ပြောဆိုတင်ပြသည့် လေသံဟန်ပန်ကို ဆိုလိုခြင်းဖြစ်ပါသည်။
ရသဆောင်းပါးများတွင် ဆောင်းပါးရေးသူ၏ "လေ" က လွန်စွာအရေးပါ သည်ဟု ကျွန်တော်ယူဆပါသည်။ ထို"လေ" က၊ ဆောင်းပါးရေးသူနှင့် ဆောင်းပါးဖတ်သူတို့အကြား ရင်းနှီးချစ်ခင်မှု အကွာအဝေး အတိမ်အအနက်ကို ပြဋ္ဌာန်းတတ်သည်ဟုလည်း ကျွန်တော်မှတ်ယူပါသည်။

 ဒေါ်လုံးကြည်က သူ၏ဆောင်းပါးများကိုရေးရာ၌  စာဖတ်သူအား သူ့အနီးသိုခေါ်ယူကာ ..."ဒီမှာဟဲ့ ငါပြောပြဦးမယ်သိလား" ..ဟူသော "လေ" မျိုးဖြင့် သူ့ကိုယ်တွေ့အဖြစ် သူ့အတွေးစသည်များကို ရေးလေ့ရှိသည်ဖြစ်ရာ  သူ့ဆောင်းပါး(များ) ဖတ်ရှုပြီးသောအခါ စာဖတ်သူ၏စိတ်ဝယ် ဒေါ်လုံးကြည်အား ရင်းနီီးသည့်မိတ်ဆွေရောင်းရင်းတဦးသဖွယ် အထင်ရောက်သွားလောက်အောင်  သူ့စာများက အစွမ်းပြလိမ့်မည်ဖြစ်ပါသည်။
ဤ၌ လေ (သံဟန်ပန်)ကိစ္စနှင့်စပ်လျဥ်းသည့်  ကျွန်တော့်အယူအဆကို၊ပြောချင်လာသဖြင့် ပြောပါဦးမည်။
 ရသဆောင်းပါးတိုင်းတွင် ဆောင်းပါးရှင်၏ "လေ" ကို တွေ့ရမြဲဖြစ်ပါ သည်။ ဆရာကြီးရွှေဥဒေါင်းရေးသည့်ဆောင်းပါးတွင်  ဆရာကြီးရွှေဥဒေါင်း၏ "လေ" ကိုတွေ့ရပါမည်။ ဆရာ(ကြီး) ဇော်ဂျီရေးသည့်ဆောင်းပါးတွင် ဆရာကြီးဇော်ဂျီ၏"လေ" ကို တွေ့ရပါမည်။ ထို့အတူပင် ဆရာဒဂုန်တာရာ၊( ဦး)သိန်းဖေမြင့်၊ တက်တိုး၊ (ဦး)အောင်သင်း၊ စသူတို့ရေးသည့်ဆောင်းပါးများတွင်လည်း ထိုပုဂ္ဂိလ်အသီးသီးတို့၏၊ "လေ" များကို တွေ့ရမည်ပင်ဖြစ်ပါသည်။ 
အနှီ"လေ"(သံဟန်ပန်)ကား စာရေးသူ၏အတတ်ပညာမှ၊ ပေါက်ဖွားလာသည့်အရာမဟုတ်၊ စာရေးသူ၏ အစ္ဇျတ္တသန္တာန်မှ၊ ထိုးထွက်လာသောအရာဟု ၊ကျွန်တော်မှတ်ယူပါသည်။ ဆရာကြီးရွှေဥဒေါင်းရေးသည့်စာများတွင် တင်းမာပြတ်သားသည့် "လေ' ပါနေသည်မှာ ဆရာကြီးရွှေဥဒေါင်း
၏ အစ္ဇျတ္တစိတ်သန္နာန်၌  တင်းမာပြတ်သားသောသဘောရှိနေသေ ာကြောင့်ဖြစ်သည်ဟုလည်းကောင်း၊ ဆရာဇော်ဂျီ၏စာများတွင်၊ ငြင်သာပျော့ပျောင်းသည့်"လေ" ပါနေသည်မှာ ဆရာဇော်ဂျီ၏ အစ္ဇျတ္တစိတ် သန္တာန်၌ ငြင်သာပျော့ပျောင်းသောသဘောရှိနေသောကြောင့်ဖြစ်သည်၊လည်းကောင်း ကျွန်တော်ယူဆပါသည်။ ဆရာဒဂုန်တာရာ၏ဆောင်းပါးများ၌ ကဗျာ့"လေ"ပါနေသည်ကိုလည်း  သူ၏အစ္ဇျတ္တစိတ်သန္တာန်တွင် 'ကဗျာစိတ္တုပါဒ်' (စိတ္တဥပါဒ်)စွဲနေသည်ကို ဖော်ပြခြင်းဖြစ်သည်ဟုပင်ကျွန်တော်မှတ်ယူပါသည်။
ကျွန်တော့်ယူဆချက်ကို၊ ယေဘုယျအနေဖြင့်ဆိုရလျှင်..
* ရသဆောင်းပါးရှင်တစ်ဦးရေးသည့်စာတွင် ထိုဆောင်းပါးရှင်၏ အစ္ဇျတ္တစိတ်သန္တာန်ကိုဖော်ပြသည့်"လေ" မပါမဖြစ် ပါသည်ဖြစ်၍ ယင်း "လေ" သည် စာရေးသူနှင့် စာဖတ်သူအကြား  ရင်းနှီးချစ်ခင်မှု အနီးအဝေး အတိမ် အနက်ကို ပြဋ္ဌာန်းသည် * ဟူ၍ ဖြစ်ပါသည်။

{ကျွန်တော်၏၊ စာအသွားအလာ(လေသံဟန်ပန်ဆိုင်ရာ သီဝရီ)အယူအဆအရ }ဒေါ်လုံးကြည်ရေးသောဆောင်းပါးများကို  ဖတ်ပြီးသည့် စာဖတ်သူတစ်ဦးက  စာပေဆိုင်ရာရသတမျိုးမျိုးကိုခံစားရပါသည်ဟုဆိုလာလျှင် ထိုရသကို ဒေါ်လုံးကြည်၏ 'စာရေးဖွဲ့မှုဆိုင်ရာ  အလင်္ကာအသုံးအနှုန်း တတ် ပွန်လိမ္မာမှုကြောင့် ထွန်းပေါ်လာသည့်ရသဖြစ်ပေ၏' ဟု တစ်ထစ်ချ မဆိုချင်ပါ။
ဒေါ်လုံးကြည်ရေးသည့် "လေ"(သံဟန်ပန်)က၊ ထိုရသပေါ်ထွန်းစေရေးအတွက် ကြီးစွာသောအထောက်အပံ့ပေးထားသည်ဟူ၍ မှတ်ချက်စကား ထည့်ပြောလိုက်ချင်ပါသည်။     ။
* မှတ်ချက်။   ။ ဒေါ်လုံးကြည် (fb acc) page တွင် သူရေးသည့် ဆောင်းပါးများရှိနေပါသည်။
နောက်ထပ် ကျွန်တော်ရေးမည့်ဆောင်းပါးများတွင်၊ ဇာတ်အငြိမ့်လူရွှင်တော်ကြီး ဦးထင်ပေါ်ရေးသည့် သူ့ကိုယ်ရေးအတ္ထုပ္ပတ္တိ fb ဆောင်းပါးများကို မိတ်ဆက်တင်ပြပါမည်။

22.11.22
*********

Comments