ဖေ့စ်ဘွတ်စာပေ(၁၂- ၁၃)
မောင်ခေတ်စည်
(သစ်ခက်သံလွင်) နိုဝင်ဘာ ၁၄၊ ၂၀၂၂
ဖေ့စ်ဘွတ်စာပေ(၁၂)
11.11.22
ဒေါ်ခင်ကြီး၏စာကိုဖတ်ရသည်မှာ ညက်ညက်ညောညောမရှိလှပါ။
ဝါကျအထားအသို အစပ်အဟပ် မပြေပြစ်လှသောကြောင့်လည်းကောင်း၊ စကားဟန်(တယ် ,မယ်,တဲ့)များနှင့် စာဟန်(သည်,၏)များ ရောထွေးနေသော ဝါကျများဖြစ်နေသောကြောင့်လည်းကောင်း၊ ဆောင်းပါးပါ အပြန် အလှန်စကားပြောခန်းနှင့် စကားပြောရေးဟန်တို့ကို သဲကွဲအောင်ပုဒ်ဖြတ် ပုဒ်ရပ်များဖြင့်မခြားဘဲ အရောရောအထွေးထွေး ရေးထားခြင်းကြောင့်လည်းကောင်း၊ ဖတ်ရသည်မှာ အဆင်မပြေလှဘဲ အထစ်ထစ် အငေါ့ငေါ့ဖြစ်ရပါသည်။
ဤသို့ဖြစ်ရသည်မှာ ဒေါ်ခင်ကြီးအနေဖြင့် စာအရေးအသားလေ့အကျက် နည်းသောကြောင့်ဟုထင်မိသည်။
ဒေါ်ခင်ကြီးစာရေးသည်ဟူ၍ မကြားမိခဲ့ဖူးပါ။ ဖော်ပြခဲ့ပါစာစောင် (စာအုပ်)ငယ်တွင် ဒေါ်ခင်ကြီးအပြင် ဆရာမကြီး လူထုဒေါ်အမာစသည့် အခြား (၁၁)ဦးတို့၏ဆောင်းပါးများလည်း ပါသေးသည်ဖြစ်ရာ နီမောင် ဟူသော ကလောင်နာမည်မှအပ ကျန်သည့် ကလောင်ရှင်(၁၀) ဦးတို့ရေးသည့်စာများကို ကျွန်တော်တွေ့ဖူးဖတ်ဖူးပါ သည်။ ဒေါ်ခင်ကြီးရေးသည့်စာကိုကား တစ်ခါမှ တွေ့လည်းမတွေ့ဖူး ဖတ်လည်းမဖတ်ဖူးခဲ့ပါ။
သို့သော် သခင်ဗဟိန်းအား ချစ်ခင်ကြည်ညိုလေးစားသည့် စိတ်အခံ ပုဂ္ဂိုလ်စွဲရှိနေသောကြောင့် သခင်ဗဟိန်း ၏ဇနီး ဒေါ်ခင်ကြီးရေးသည့်ဆောင်းပါးကို အလေးအနက်သဘောထားကာ ကျွန်တော်အားတက် သရော ဂရု တစိုက်ဖတ်ခဲ့သည်။ ယခုဤဆောင်းပါးမရေးမီတွင်လည်း ပြန်ဖတ်ပါသေးသည်။
ဒေါ်ခင်ကြီးက သူ (၁၀)တန်းအောင်၍ ရန်ကုန်ဆရာဖြစ်သင်ကောလိပ် (TTC) တက်ရန် ထိုကောလိပ်သို့သွား ရောက်စုံစမ်းသည့်အခန်းဖြင့် သူ့ဆောင်းပါးကိုအစ,ပျိုးကာ စတုတ္ထအကြိမ် ယင်းကျောင်းသို့အသွားတွင် ကိုဗဟိန်းနှင့်အမှတ်မထင်ဆုံကြပုံအကြောင်းရေးရာ၌ ..သူ(ဒေါ်ခင်ကြီး) နေ ထိုင်ရာ မြေနီကုန်းရပ်ကွက် မြေနုလမ်းနေအိမ်မှ ရန်ကုန်တက္ကသို့လ်အသွား ဘတ်စ်ကားပေါ်တွင် ထိုင်ခုံမရတော့သောကြောင့် ရှေ့ဆုံးခုံတန်းအနီးတွင်မတ်တပ်လိုက်ပါလာခဲ့ရာ၊ ဟံသာဝတီအဝိုင်းအလွန်တွင် နွားတကောင်ကို ကားက ကွေ့ရှောင်ဘရိအုပ်လိုက်သဖြင့် သူ မှောက်ရက်လဲကျလုနီးပါးယိမ်းယိုင်ကာ လက်ထဲတွင်ပါသော စာအုပ်လွတ်ကျသွားကြောင်း၊ ရှေ့ဆုံးတန်းတွင်ထိုင်သော တိုက်ပုံဝတ် မြန်မာလူငယ်နှစ်ဦးက သူလွတ်ကျသွားသော စာအုပ်ကောက်ပေးကာ သူ့အား သူတို့ထိုင်နေသည့် နေရာတွင်ထိုင်ရန် ထိုင်ခုံနေရာပေးကြောင်း၊ ဆင်းကာနီးဖြစ်၍ မထိုင့်တော့ပါဟု ပြုံးပြနှုတ် ဆက်ကာ ကားပေါ်မှဆင်းခဲ့ကြောင်း ရေးထားရာ...
ကျွန်တော်မျှော်လင့်နေသော ဇာတ်လိုက်ဝင်လာပြီအထင်ဖြင့် ခပ်သွက် သွက်တွန်းဖတ်လိုက်သောအခါတွင်မူ ကျောင်းအရောက်၌ သူ့အပေါင်း အသင်းသစ်များနှင့် တွေဆုံပြောဆိုစားသောက်ကြသည့်အကြောင်း၊ အိုင်ကျင်းဖွဲ့လျှက်ရေးထားသည်ကိုသာဖတ်နေရသောကြောင့် ကားပေါ်၌တွေ့ သူခဲ့သောလူရွယ်ဆိုသည်မှာ ကိုယ့်ဇာတ်လိုက်မှ ဟုတ်ပါလေစဟု ဖတ်ရင်းမချင့်မရဲဖြစ်နေရာမှ ထိုစာပိုဒ်အဆုံးတွင်...
"ဘတ်စကားပေါ်မှာ ယနေ့ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်က ကျွန်မနဲ့ ကိုဘဟိန်းတို့အကြား အရေးပါသော လွမ်းစရာ ချစ်စရာဇာတ်လမ်းတခု ပေါ် လာလိမ့်မည်ဆိုတာကို ထိုအချိန်က ကျွန်မမထင်မှတ်မိသေးပါ " ဟုဖတ်လိုက်ရသောကြောင့် ရှေ့ဆက်ဖတ်ရန် အာရုံများအသစ်တဖန်လန်းဆန်း နိုးကြွခဲ့ပြန်သည်။
နောက်တခန်းတွင် TTC ကျောင်းဖွင့်ရက်စောင့်နေရသည်ကို ငြီးငွေ့လှသဖြင့် သူ့အဘိုးအဘွားများ၏ ဇာတိအရပ်ပခုက္ကူမှ ဆွေမျိုးများဆီသို့ အလည်အပတ်သွားရန်စီစဥ်သည့်အကြောင်း" ခရာစေ့တွင်းကျ"ရေးထားသည်များကိုဖတ်နေရင်း သူခရီးထွက်ခါနီး နာရီပိုင်းအလိုတွင်မှ သူတို့ခြံဝင်းထဲတွင် အငှားချရန် ဆောက်ထားသောအိမ်၌ အငှားနေလိုသဖြင့်စုံစမ်းကြသည့် လူရွယ်နှစ်ဦးရောက်လာသောကြောင့် ထိုသူနှစ်ဦးနှင့် ထိုက်သင့်သလိုစကားပြောနေပုံများကို ဖတ်ရရာ စာမှာအသစ်တဖန်အသက်ဝင်လာပြန်သကဲ့သို့ ဆွဲဆောင်နေသည်ဟု ဖတ်ရင်းခံစားလိုက်မိသည်။
ထို့ကြောင့် (ယခုပြန်ဖတ်ရာ၌) ဒေါ်ခင်ကြီးသည် ဝတ္ထုစသည်တို့ မရေးခဲ့သော်ငြားလည်း စာဖတ်သူအား တိုး၍ တိုး၍ ဖတ်ချင်လာအောင် အခန်းစဥ်ချဆွဲဆောင်ရေးသည့် စာရေးနည်းအတတ် တခုခုကိုများ လေ့လာခဲ့ဖူးသေးသလောဟု စဥ်းစားနေမိပါ၏။
**********
ဖေ့စ်ဘွတ်စာပေ(၁၃)
12.11.22
ဒေါ်ခင်ကြီး၏ ပခုက္ကူခရီးမှာ အိမ်ပြန်ရောက်သည့်နေ့အထိ ရက်သတ္တ နှစ်ပတ်ခန့်ကြာသည် ထင်ပါသည်။
ပြန်ရောက်သည့်နေ့က အိမ်အောက်ထပ်တွင် ပစ္စည်းပစ္စယများ ချထားခဲ့ပြီးအပေါ်ထပ်သို့အတက်တွင် အပေါ်ထပ်မှ ဆင်းလာသောလူရွယ်တယောက်နှင့်လှေကားတဆစ်ချိုး၌ ဆုံမိကြရာ ထိုလူငယ်က "ပြန်ရောက်ပြီလား" ဟုနှုဆက်ကာ ခပ်သုတ်သုတ်ဆင်းသွားသည်။ ထိုနေ့ညနေပိုင်းတွင်မှ ထိုလူရွယ်မှာ အိမ်ငှားလာနေသူကိုဗဟိန်းဟူ၍ မမအုန်း(ဒေါ်ခင်ကြီး၏အစ်မ)ကပြောပြသဖြင့်ဒေါ်ခင်ကြီးသိရသည်။
သူတို့ညီအစ်မ စကားပြောနေစဥ်မှာပင် ကိုဗဟိန်းရောက်လာသဖြင့် ဒေါ်ခင်ကြီးက ကိုဗဟိန်းစားရန်သြဇာသီးချတည်ရင်း သူ့(ဒေါ်ခင်ကြီး)အိမ်တွင်ရှိနေသော ကလေးများကိုလည်း သီးခြားစီစားစေရန် သြဇာသီးယူပေးဦးမည်ဟုပြောရာ ကိုဗဟိန်းက... "အားလုံးဝိုင်းစားကြရင် သြဇာသီးက ပိုချိုပါလိမ့်မယ်" ဟုဆိုသောကြောင့် သြဇာသီးများ ပို၍ယူလာကာ သူတို့ညီ အစ်မနှစ်ယောက်နှင့် ကိုဗဟိန်းတို့ အတူတကွပင် သြဇာသီးစားရင်းဧည့်ခံလိုက်သည် ဟူ၍ရေးထာသည်ကို ဖတ်ရသောအခါ... ကိုဗဟိန်းစကားမှာ ကဗျာဆန်လှသောကြောင့် "ဗဟိန်းသို့မဟုတ်ကဗျာ" ဟူ၍ ဆရာဒဂုန်တာရာက သူ၏ရုပ်ပုံလွှာဆောင်းပါးတွင် ခေါင်းစဥ်တပ်ထားသည်ကို ဖြတ်ကနဲ သတိရမိသည်။
ထိုနောက်အခန်းများတွင်ကား လက်ရှိ( ie; ၁၉၃၈- ၃၉ ခု နှစ်)နိုင်ငံရေးအခြေအနေများအား ကိုဗဟိန်းက ဒေါ်ခင်ကြီးကို ရှင်းပြပုံများဖြစ်သည်။
ထိုကာလအတွင်း တနေ့သောအခါ ကိုဗဟိန်းရောက်လာပြီး၊ ဒေါ်ခင်ကြီးတို့နှင့်အတူရှိနေသော ဒေါ်ခင်ကြီး၏တူလေးသုံးယောက်ကို မဂ္ဂဇင်းစာအုပ်တစ်အုပ်စီပေး၍ဖတ်စေပြီး အငယ်ဆုံးတူမလေးကို သူ၏ပေါင်ပေါ်သို့ ဆွဲတင်ကာ "စာဖတ်တတ်ပြီလား" ဟုမေးရာ သူငယ်မလေးက "ဖတ်တတ်ပြီ" ဟု ဖြေသည်။ ထိုအခါကိုဗဟိန်းက (ကလေးမျာကိုမဂ္ဂဇင်းပေးရင် သူ့ဘာသာရေးခြစ်ထားသော)စာရွက်ကို သူငယ်မလေးအားပြလျက် "ဒါဖတ်ပြပါဦး" ဟု ခိုင်းသည်။ ကလေးက မဖတ်တတ်ပဲ ရပ်နေသောအခါ "အန်တီ့ဆီယူသွားပြီး ဖတ်ပြခိုင်း" ဟုကိုဗဟိန်းက ကလေးကိုပြောသည်။
ဒေါ်ခင်ကြီးထံ စာရွက်ရောက်လာ၍ဖတ်သည် စာက အင်္ဂလိပ်လို I love you very long ,long ago ဟုရေးထားသည်။
"ကျောင်းသွားရအောင် လို့ရေးထားတာ " ဟုဒေါ်ခင်ကြီးကကလေးမလေးကို လှီးလွှဲပြောလိုက်သော်လည်း ကိုဗဟိန်းကို သူဘာပြန်ပြောရမည်မသိ သူ့စိတ်ထဲတွင် ပူထူရှိန်းဖိန်းကာ ကြောင်စီစီဖြင့် နှုတ်ခမ်းကို စေ့စေ့ပိတ်လျှက်သားဖြစ်သွားသည် ဤနေရာတွင် ဒေါ်ခင်ကြီးရေးသည့်စာသားမှာ ...
"ကိုဘဟိန်းမှာ မွေးရာပါ ပြုံးချိုဖေါ်ရွေသော မျက်နှာရှိသူဖြစ်၍ ခင်မင်စရာကောင်းပါသည် ဒါပေမဲ့ကျွန်မ၏ စိတ်ခံစားမှုမှာ သူ့အပေါ်တွင် ချစ်မေတ္တာနိုးကြားမှု မပေါ်ပေါက်ဖူးသဖြင့် ဘာကို ဘယ်လ်ုဖြေရမှန်းမသိ ဖိန်း....ရှိန်းသွားသည်" ..ဟူ၍ဖြစ်သည်။
အကင်းပါးသော ကိုဗဟိန်းက ဒေါ်ခင်ကြီး၏ ထိုတဒင်္ဂစိတ်အခြေအနေကို သိသည်ဖြစ်၍ ချက်ချင်းအဖြေပေးဖို့မဟုတ် အချိန်ယူစဥ်းစားဖို့သာဖြစ်ကြောင်းအစချီကာ သူ့နိုင်ငံရေးအလုပ်များကိုပါ ရှင်းပြရင်း .. "ကားပေါ်တွင် တွေ့အကတည်းက ဂရုဏာသက်၍ ချစ်မိခဲ့ရာ နှစ်လခန့်ကြာမြင့်ခဲ့ဖြစ်၍ တစ်ရက်ကို တစ်လလောက် အထင်ရှိသောကြောင့် စာထဲတွင် long ao ဟူရေးမိပါတယ်" ...ဟု ပြောနေသော်လည်း ဒေါ်ခင်ကြီးမှာ အံ့သြစွာနား ထောင်နေရင်းကပင် တကယ်ပြောနေသည်များမှ ဟုတ်ပါလေစဟု သူ့ဘာသာ သံသယ ဝင်နေမိသည်ဖြစ်ရာ ကိုဗဟိန်းပြန်သွားပြီးမှသာ ပြောသွားသည်များကို စာရင်းချကြည့်မိကြောင်းနှင့် ကိုဗဟိန်းပြောသွားသည်များထဲမှ သူမှတ်မိသည်များက်ု နံပါတ်စဥ်တပ်လျှက် ရေးပြထားသည်။
အချက် ၁၅ ချက်ရှိသည်ကိုတွေ့ရ၏ထို့နောက်အခန်းများတွင် ကိုဗဟိန်းက ခရီးတခုသွားခါနီးတွင် လာနှုတ်ဆက်ကြောင်း ထိုခရီးမှပြန်ရောက်လာသောအခါ ကိုဗဟိန်းအား ပါရမီဖြည့်ဖို့ သူဆုံးဖြတ်သည်က်ု အသိပေးကာ သမီးရည်းစားဘဝသို့ ရောက်ကြောင်းနှင့် ကိုဗဟိန်းက မိတ်ဆက်ပေးသောကြောင့် လေထီးဦးအုန်းမောင်နှင့် အသိမိတ်ဆွေဖြစ်ရကြောင်းတို့ဖြစ်သည်။
ထို့နောက်တွင်ဆက်ရေးထားသည်များကား အလုံပန်းခြံ(ယခုသခင်မြပန်းခြံ) ၌ ကျင်းပသော မေဒေးနေ့အခမ်းအနားသို့ ကိုဗဟိန်း လေထီးဦးအုန်းမောင် စစ်ကိုင်းဦးသိန်းတန် တို့နှင့်အတူတက်ရောက်ကြပုံ၊အခမ်း အနားတွင် သခင်စ်ုးက ဒို့ဗမာသီချင်းဆိုလိုက်ချိန်၌ သူရင်ဆို့သွားသဖြင့် လေထီးဦးအုန်းမောင်က စိုးရိမ်တကြီး ဖြစ်သွားပုံများကိုရေးထားသည်။
ဒေါ်ခင်ကြီးက သူ့စာနိဂုံးတွင်...
"×××၂၀၀၀ ပြည့်နှစ်နှစ်လည်အတွင်းက နောက်ဆုံးအကြိမ်တွေ့ဆုံစဥ် နှစ်ယောက်စလုံးက လက်လေးဘက်ကိုအပြန်အလှန်ဆုပ်ကိုင်ရင်း နှုတ်ဆက်ခဲ့ကြသည်။ ထိုစဥ်က ရဲဘော်က်ုအုန်းမောင်ချစ်သော ကိုဘဟိန်းကို ပြန်လည်မြင်ယောင်လာသဖြင့် ကျွန်မမျက်ရည်လည်ခဲ့ဖူးသည်။
မကြာမီမှာ လုံးဝမမျော်လင့်ခဲ့သော ရဲဘော်ကွယ်လွန်သည့် သတင်း ကြားရသည်မှာ ရွှင်ပြုံးနေသော ကိုဘဟိန်းမျက်နာကို မြင်လာသည်တွင်...
ကျွန်မဘဝ အသက်နှင့်ခနွဓာမြဲနေသ၍ရဲဘော်တို့နှင့်အတူ ကျဆုံးသွားပြီးသော ရဲဘော်ကြီး ငယ်တို့အား ရည်စူးပြီး လှိုက်လှဲစွာ အလေးပြုပါကြောင်း.. " ဟူ၍ ရေးထားသည်ကိုဖတ်ရသည်မှာ ဆို့နင့်ကြေကွဲဖွယ်ပင် ။
ယခု ဤစာရေးနေချိန်၌ ဒေါ်ခင်ကြီးသည်ပင် မရှိလောက်တော့ပြီကိုတွေးဆလျှက် ရော်ရမ်းကာလွမ်းမိပါ၏။
ဒေါ်ခင်ကြီး၏ ဆောင်းပါးခေါင်းစဥ်အမည်မှာ ..."လေးစားချစ်ခင်ရသော ဦးအုန်းမောင်ရှင့်" ဟူ၍ ဖြစ်သည်။
ဤဆောင်းပါးအမည်ကို သူကိုယ်တိုင်တပ်သလော၊ သူ့စာကို စာအုပ်ထဲတွင်ထည့်သွင်းသည့်အခါတွင်မှ စာအုပ်စီစဥ်သူက ထိုအမည်တပ်သလော ဆိုသည်ကိုကားမသိပါ။
ဆောင်းပါးအဆုံးသတ်ပြီးမှ သီးခြားရေးထားသော ဒေါ်ခင်ကြီး၏စာတိုလေးတခုကိုလည်း စာအုပ်ထဲ၌ ထည့်သွင်းထားသေးရာ ထိုစာထဲတွင်ကား...
"××× ×ကိုအုန်းမောင်နှင့်တွေ့လျှင် ပြောနေကျဖြစ်သော ကိုဘဟိန်းနှင့်ကျွန်မအကြောင်း၊ ကိုအုန်းမောင်နှင့် စ,တင်တွေ့ဆုံကြသည့်အကြောင်းအမှတ်တရ ရေးမိပါသည်" ဟု ဆိုထားသောကြောင့် ဆောင်းပါးခေါင်စဥ်အမည်ကို မည်သူက တပ်သနည်းဆိုသည်မှာ မသဲကွဲလှပါ။
မှတ်ချက်။ ။ဒေါ်ခင်ကြီးက ကို""ဘ"ဟိန်းဟုရေးထားပါသည်။
စာအများအပြားတွင် ကိုဗဟိန်းဟု"ဗ"လချိုက်နှင့်ရေးကြသည်ကို ဖတ်ရသည်ကတကြောင်း ကိုယ်က်ုယ်တိုင်က"ဗ";ဟု ရေးသည်ကိုပို၍နှစ်သက် သည်ကလည်းတကြောင်းတို့ကြောင့် ကို"ဗ" ဟိန်းဟု ကျွန်တာ်ရေးပါသည်။
(ဆက်ရန်)
-
Comments
Post a Comment