မောင်ခေတ်စည် - ဖေ့စ်ဘွတ်စာပေ ၁၀-၁၁ (အခန်းဆက်)

Image - Crd
ဖေ့စ်ဘွတ်စာပေ (၁၀-၁၁)
မောင်ခေတ်စည်
(သစ်ခက်သံလွင်) နိုဝင်ဘာ ၁၂၊ ၂၀၂၂

ဖေ့စ်ဘွတ်စာပေ(၁၀)
(8.11.22)
ကျွန်တော့်အား ဤဆောင်းပါးစဥ်ကို ရေးစေရန်စေ့ဆော်သည့်အကြောင်းများအနက် ဖေ့စ်ဘွတ်ပလက်ဖောင်းတွင် အကြောင်းအားလျော်စွာရေးကြသည့် စာတို အဆိုအမိန့်လေးများ ၊သဘောထားမှတ်ချက်(comment)များထဲ၌ ထိမိတိုတောင်းသော ရသမြောက်သည့် အရေးအသားကလေးများကို တွေ တွေ့နေရခြင်းသည်လည်းအကြောင်းရင်းတခုဖြစ်သည်။ 

××(ယနေ့ တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက် မနက်စောစောမှာပင်  " ညကအပျိုကြီးတယောက် ကသူ့ကိုယ်သူ ပံ့သကူပစ်တယ်ဆိုပြီး လမ်းပေါ်ထွက်အိပ်တာ မနက်ကျတော့ လူကမိမွေးတိုင်းဖမွေးတိုင်းကျန်ခဲ့ပေမဲ့ ဝတ်ထားတဲ့အဝတ်အစားတွေတော့ အကုန်လုံးပံ့သကူကောက်သွားသတဲ့" ဟူသည့် post ကိုတွေ့လိုက်ရသေးသည်။
post ပိုင်ရှင်အမည် မမှတ်ထားမိသော်လည်း  credit ပေးပါ၏)××

အထူးသဖြင့် ဟာသပါသောစာစု စကားစု (phrase) နှင့် ဟာသဇာတ်လမ်းတိုလေးများကို တွေ့ရဖတ်ရသော အခါ ဤစာအမျိုးအစားများကို ဂျာနယ် မဂ္ဂဇင်း သတင်းစာစသည်များတွင် အကျယ်တဝင့်နေရာပေး ၍ဖော်ပြနိုင်မည်မဟုတ်ဘဲ ဖေ့စ်ဘွတ်ကဲ့သိုသော ပလက်ဖောင်းများတွင်သာ တင်ဆက်(present)နိုင်၊ ဖတ်ရှုနိုင်သည်ဖြစ်ရာ ယင်းကဲ့သို့သောစာများက်ု fb တွင်များများရေးကြစေရန် တိုက်တွန်းနှိုးဆော်လိုသည့်စေတ နာ ကျွန်တော့်တွင်ဖြစ်ပေါ်လာပါသည်။
ထို့ပြင် အနှီစာများကို ပြီးပြီးပျောက်ပျောက်မဖြစ်စေဘဲ မှတ်မှတ်သားသား စု​ဆောင်းထိန်းသိမ်းနိုင်လျှင်ကောင်းလေစွဟု ကျွန်တော်တောင့်တမိပါ သည်။
အထက်တွင်ဖေါ်ပြလိုက်သော ကျွန်တော့်စေတနာနှင့်  ကျွန်တော့်တောင့် တမှုအတွက်  *​ဖေ့စ်ဘွတ်တွင်စာများများရေးကြပါ။ 
*မိမိတို့ရေးပြီးသောစာများကို စနစ်တကျ စုစည်းထိမ်းသိမ်းထားပါ။ 
*စုစည်းထိန်းသိမ်းထားသောစာများကိုပြန်လည် တည်းဖြတ်ပြင်ဆင်ကာ စာအုပ် စာစောင်ထုတ်ဖို့ကြံရွယ်ထားကြပါဟု ကျွန်တော်တိုက်တွန်းနှိုး ဆော်ချင်လာပါသည်။ 
ယင်းသို့တိုက်တွန်းနိှုးဆော်လို၍လည်း ဤဆောင်းပါးဆက်ကို ရေးဖြစ်ခြင်းဖြစ်ပါသည်။
ဖေ့စ်ဘွတ်တွင် စာရေးမှုကို ဝါသနာပါသည့် လူသစ်လက်သင်တို့၏ စာများကိုလည်းတွေ့နေရလျက် နာမည်ပေါက်ပြီးသား စာရေးဆရာတို့၏
(စာစောင် မဂ္ဂဇင်း .. စသည်တို့၌ဖော်ပြပြီးသား) ဝတ္ထုတိုဝတ္ထုရှည်နှင့် ကဗျာဆောင်းပါးများ ပြန်လည်ဖော်ပြကြသည်ကိုလည်း မြင်တွေ့နေရသည့်အပြင် လုံးချင်းဝတ္ထုများကို အခန်းလိုက် ပိုင်းကန့်ကာ ပြန်လည်တင်ပြနေ သည်များကိုလည်း တွေ့နေရသည်ဖြစ်ရာ စာပေ၌မွေ့လျော်သူတို့အတွက်လည်းကောင်း၊ မြန်မာစာပေ ပိုမိုဝေစည်တိုးတက်ရေးအတွက်လည်းကောင်း၊ အခါကောင်းကြီးဆိုက်လျက်ရှိပါ၏။ 
ထိုအခါကောင်းတွင် စာကောင်းပေကောင်းများရေးသားကြမည့် စာဆိုအသစ်များ မလွဲမသွေပေါ်ထွက်လာဦးမည်ဟုကျွန်တော်မျှေ်လင့်ယုံကြည်လျှက်ရှိပါ၏။
_စာကောင်းပေကောင်းဟု ကျွန်တော်ရည်ညွှန်းသည်မှာ ကျွန်တော်နှစ်သက်သည့်စာကိုသာ ဆိုလိုကြောင်...
_ရသ ပါသောစာကို ကျွန်တော်နှစ်သက်ကြောင်း...
_ ရသ ကိုးမျိုးတွင် ဟဿရသကို ကျွန်တော်အနှစ်သက်ဆုံးဖြစ်ကြောင်း ဤဆောင်းပါးတွဲ၏နိဒါန်းတွင်အစ,ချီပြီး​နောက် ဟာသဇာတ်အတိုလေးများ၊ ဟာသစကား​ဝေါဟာရအသုံးလေးများကို သာဓကထုတ်ဆောင်ပြခဲ့ပါသည်။ ဤသို့သာဓက ထုတ်ဆောင်းပြခြင်း၌ ဟာသဉာဏ်ရှိသည့် စာရေးဆရာလောင်းလျာတဦးအဖို့... 
*မိမိကျင်လည်ရာ လူမှုဝန်းကျင်၌ (မိမိရေးသည့်စာတွင်ထည့်သွင်းအသုံးပြု၍) ဟာသဖန်တီးရန် ဟာသကုန်ကြမ်းများ မကုန်ခန်းနိုင်အောင်ရှိနေသည်ကို သတိပြုမိစေလို၍လည်းကောင်း...
*တိုတောင်းသောဟာသစာဖြင့် ကျယ်ဝန်းသောလောကဓမ္မတာတရားကို သတိပေး၍ရနိုင်ကောင်း၊ သည်ဖြစ်သောကြောင့် ဟာသစာ၏အရေးပါမှုကိုထင်လင်းသိမြင်စေလို၍လည်းကောင်း၊
*ရသ(စာ)ကိုးမျိုးစလုံးတွင် ဖျော်ဖြေမှုသဘောပါဝင်သည်ချည်းဖြစ်သော် လည်း ဟာသစာသည် ဖျော်ဖြေမှုဘက်တွင် အစွမ်းဆုံးဖြစ်သည့်အလျောက် စာဖတ်ပရိသတ် အများစုက ဟာသစာကို နှစ်သက်ကြသည်ဟူသည့်အချက်အား သတိပြုမိစေရန်အတွက်လည်းကောင်း၊ရည်ရွယ် ချက်ထားရှိခဲ့ပါသည်။
*********

ဖေ့စ်ဘွတ်စာပေ(၁၁)

 မြင်တွေ့နေကျ မဂ္ဂဇင်းစာစောင်များထဲ တွင်ဖတ်ရလေ့မရှိတတ်ဘဲ ဖေ့စ်ဘွတ်မျာက်နှာစာတွင်သာ ဖတ်ရလေ့,တွေ့ရလေ့ရှိသော စာများ၏ ရေးမှုဖွဲ့မှု စီကုံးမှုဆိုင်ရာ ထူးခြားသည့်လက္ခာ ရှိနေသည်ကိုလည်းကောင်း၊ ထိုစာများ၌လည်း စာပေဆိုင်ရာ ဂုဏ် အလင်္ကာနှင့် ရသများပါရှိသည်ပင်ဖြစ်ကြောင်းကိုလည်းကောင်း စာမွေ့သူတို့အမှတ်ထင်ထင် သတိမူမိစေရန်ဤဆောင်းပါး(များ)ကို"ဖေ့စ်ဘွတ်စာပေ"ဟုအမည်တပ်ထားခြင်းဖြစ်ရာ ဖေ့စ်ဘွတ် စာများ၏ရေးဖွဲ့မှုဆိုင်ရာ ထူးခြားသည့်လက္ခဏာများကို ပြောချင်လာသည်ဖြစ်၍ ပြောပါဦးမည်။
ပထမထူးခြားချက်မှာ (သမားရိုးကျ စာစောင်မဂွဂဇင်းများတွင်တွေ့ရ ဖတ်ရလေ့မရှိသော ) comment အရေးအသားများဖြစ်ပါသည်။
comment ဆိုသည့်စကားနှင့်အညီ တပါးသူရေးထားသည့်စာ၊ ဓာတ်ပုံစသည်များအတွက် သဘောထားမှတ် ချက်ရေးကြသည်ဖြစ်ရာ အအုပ်အခံရေးသည့်စာတွင် မူလရေးသည့်စာကို အခံပိုဒ်ဟုယူသော် comment ရေး ထားသည့်စာကို အအုပ်ပိုဒ်ဟုဆိုရမလိုရှိပါသည်။ မူလရေးသည့်စာမှာ ရသစာမဟုတ်သော်လည်း comment စာကြောင့် အခံအအုပ် တစ်စုံဖြစ်သွားသောစာမှာ ရသ စာတစ်ပုဒ်သဖွယ် စိတ်ထဲတွင် စွဲထင်စရာဖြစ်သွားတတ်ပါသည် သာဓကချို့ထုတ်ဆောင်ပြချင်ပါသည်။

၂၀၀၁ ,စကစ အာဏာသိမ်းပြီးစတွင်  acc ပိုင်ရှင်တဦးက ...
 "လက်သီးကြိုက်လား လက်ဝါးကြိုက်လား၊ ကြိုက်တာကို ရွေးစမ်းကိုယ့်လူ " ဟူ၍(စကစအား စိန်ခေါ်သည့်) post တင်ထားသည်ကို "မင့်" ကြသည့်အထဲတွင် (acc ပိုင်ရှင်နှင့် ရင်းနှီးဟန်တူသည့် တယောက်က) ...
"မဟော်သဓာနဲ့ အမရာ တို့ရဲ့ ရည်းစားစကားပြောနည်း" ဟူ၍ရေးထားသည်ကိုတွေ့ရဖူးပါသည်။

(မဟော်သဓာက အမရာတွင် လက်ဆုပ်လက်ကိုင် ကာမပိုင်လင်ယောက်ျား ရှိ-မရှိသိလို၍ လက်သီးဆုပ်ပြသည်ကို မရှိကြောင်း အမရာက လက်ဝါးဖြန့်ထောင်ပြသည့် အခန်းကို ရည်ညွှန်းလျှက် မင့်ထားခြင်း
ဖြစ်သည်။)
"သမိုင်းဘာသာကို မအ,ဖို့သင်တာ" ဟူ၍ (ဆရာကြီးဒေါက်တာသန်းထွန်း၏ကျော်ကြားလှသည့်အဆိုအမိန့် ) ကို တဦးက  post တင်ထားရာ"မင့်"သူတဦးက...
" ယခုတိုင်းပြည်ကို လူလည်ကျနေသူတိုင်းအား သမိုင်းဘာသာ ကျွမ်းကျင် ကြေညက်သူများချည်းဟု မှတ်ရန်" ဟုရေးပါသည်။
စကစ ကြောင့်တိုင်းပြည်ပျက်စီးကြောင်း ရေးထားသည့်ဆောင်းပါးတစောင်အဆုံးတွင် acc တဦးက...

"သေသော်မှတည့်..ဪ ကောင်း၏"ဟု မင့်ထားရာ ထိုသူအားအမည်တပ် (mention ခေါ်) လျက်...

"ဘော်ဒါရေ ချက်ချင်းကြီးတော့လည်း လုပ်မပစ်နဲ့နော်၊ ဘော်ဒါရဲ့မိန်းမက နေ့စေ့လစေ့ကြီးနဲ့ဆိုတော့ ငဲ့ပါဦး" ဟု အခြားတယောက်က  ဝင်ရေးထား၏။ 
အခြားအခြားသော post များစွာတို့၌လည်း ထိုနည်းနှင်နှင် ရေးကြသည့် ကွန်မင့်စာများကို ဖေ့စ်ဘွတ် အသုံးပြုသည့် စာပေဝါသနာရှင်များမြင်တွေ့ ဖတ်ရှုခံစားမိကြပြီးဖြစ်ပါလိမ့်မည်။ 
ထိုစာမျိုးများကို ဖေ့စ်ဘွတ်ပလက်ဖောင်းမှာသာ ဖတ်ရသည်ဖြစ်သေ ကြောင့် ထူးခြားမှုရှိသော ဖေ့စ်ဘွတ်စာရေးဖွဲ့မှုပုံစံဟု ကျွန်တော်မှတ်ယူပါသည်။

ဒုတိယထူးခြားချက်မှာ ဖေ့စ်ဘွတ်စာမျက်နှာများတွင် တွေ့ရ ဖတ်ရသည့် ပုံမှန်မဂ္ဂဇင်းစာစောင် စသည်များ၌ ဖော်ပြခွင့်ရနိုင်ဖွယ်မရှိသော ဘဝအတွေ့အကြုံ ရေးသားဖော်ပြကြသည့်စာများဖြစ်သည်။ 
ထိုစာမျိုးများတွင် ပုဂ္ဂိုလ်တဦးတယောက်၏ ဘဝအတွေ့အကြုံများကို ရွှန်းရွှန်း​ဝေမျှ အားပါးတရရေးကြသည်ဖြစ်ရာ ရေးသူ၏စိတ်ဘဝင်တွင် အမှတ်ထင်ထင်စွဲတင်ကျန်ရစ်သမျှကို ဖတ်သူငြိုငြင်ဖွယ်မဖြစ် အောင်လှလှပပထည်သွင်းလေ့ရှိသောကြောင့် ရှည်လျားသောစာများဖြစ်နေတတ်သည်။

ယင်းစာများကို မဂ္ဂဇင်းစာစောင်စ,သည်များသို့ပေးပို့ပါက စာပါအချက် အလက်အားလုံးကိုဖြစ်စေ အချက် အလက်အချို့ကိုဖြစ်စေ (စာဖွဲ့လောက်သည့်အရာများမဟုတ်ဟု မဂ္ဂဇင်း စာစောင်တည်းဖြတ်ကြသည့် အယ် ဒီတာများအနေဖြင့် သဘောထားသည်ဖြစ်ပါက) စာတစ်ပုဒ်လုံး "ပယ်'" စာမူအဖြစ်သို့ရောက်သွားစရာရှိပါ သည်။ 
"ရွေး"စာမူဖြစ်လာပါကလည်း မူလစာရေးသူ တင်ပြထားသည်များ အင်္ဂါမစုံတော့သောကြောင့် စာဖတ်သူများအဖို့ ထိုစာဖတ်ရာမှ ရအပ်သောစာအရသာကိုလည်းကောင်း ထိုစာ၌ပါသော ဆင်ခြင်ဖွယ်လောကခြင်းရာ ဘုံဓမ္မတာတရား တခုခုကိုလည်းကောင်း လက်လွတ်ဆုံးရှုံးသွားမည်ဖြစ်ပါသည်။
ထို့ကြောင်စာရေးလိုသူ ဆန္ဒရှိသမျှ  တပါးသူ၏အတည်းအဖြတ်မရှိ ရေး ထားသည့်စာမျိုး ကိုလည်း(ဖေ့စ်ဘွတ်စာမျက်နှာ၌သာ တွေ့ရ ဖတ်ရသည်ဖြစ်သောကြောင့်) ဖေ့စ်ဘွတ်စာပေ၏ သီးခြားစာပုံစံဟု ကျွန်တော်မှတ်ယူပါသည်။
 (ထိုစာအမျိုးစား နမူနာအချို့ကိုအမှတ် ၁၂_ ၁၃ ဆောင်းပါးများတွင် ထုတ်ဆောင်ညွှန်းဆိုပြရန် ရည်ရွယ် ရာထားပြီးဖြစ်ပါသည်။)

ဤနေရာ၌ လူပုဂ္ဂိုလ်တဦးတယောက်က သူကြုံတွေ့ခဲ့သည်များထဲမှ သူပြန်လည် ဖော်က်သည်ချလိုသမျှ ရေးထားသည့်စာများသည် အရေးတယူဖတ်လောက်သည့်စာ (တနည်းအားဖြင့် )စာပေအရာဝင်သည့်စာ ဖြစ်ပါ၏လောဟု မေးချင်ကောင်း မေးချင်ကြလိမ့်မည်ထင်ပါသည်။

ကျွန်တော့်အမြင်ကား အချက်အလက်လည်း မှန်ကန်၍ နှစ်သက်ဖွယ်လည်းဖြစ်အောင် (တနည်းအားဖြင့်)ရသလည်းပါအောင် ရေးထားသည့် ဘဝအတွေအကြုံစာများမှာ ဖတ်ထိုက်သည့်စာများ, စာပေအရာဝင်သည့်စာများချည်းဖြစ်သည် ဟူ၍ဖြစ်ပါသည်။
ဤနေရာတွင် အကြောင်းဆိုက်လာသဖြင့် သခင်ဗဟိန်း၏ ဇနီး ဒေါ်ခင် ကြီးက သူ့ဘဝအတွေ့အကြုံတခုကို ဖေ့စ်ဘွတ်ဆောင်းပါးဆန်ဆန် ရေးထားသည့်စာတပုဒ်အကြောင်းပြောချင်လာ၍ ပြောလိုက်ပါဦးမည်။

သူ့စာမှာ  ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)၏ ဗဟိုကော်မတီဝင်ဟောင်း လေထီး(ဦး)အုန်းမောင် ၂၀၀၀ ပြည့်နှစ်က ကွယ်လွန်သောအခါ ဦးအုန်းမောင်အမှတ်တရအဖြစ် စာများရေးသည့်ထဲတွင် ပါဝင်ရေးသားခဲ့သည့်စာဖြစ်ဟန်တူပါသည်။

(၄င်းစာများထဲမှ ဆောင်းပါတမျှ ရှည်လျားသောစာများကို ရွေးထုတ်ကာ စာစောင်ပြုလုပ်ထားသည်လောမသိ) ၂၀၁၉ ခုနှစ် လေထီးဦးအုန်းမောင် ရာပြည့်အထိမ်းအမှတ် ဆွမ်းကပ်ပွဲသို့လာရောက်ကြသူ နိုင်ငံရေးမိတ်ဆွေများအား စာစောင်(စာအုပ်ငယ်)တစ်စောင်စီဝေငှရာ ကျွန်တော်လည်းတစောင်ရခဲ့သောကြောင့် ထိုစာစောင်၌ ထိုစာကို ဖတ်ရခြင်းဖြစ်ပါသည်။
သူရေးသားတင်ပြပုံမှာ ဖေ့စ်ဘွတ်မှ ဘဝအတွေ့အကြုံဆောင်းများပါးများ ရေးဟန်နှင့် နီးကပ်စွာတူညီလျက်ရှိသောကြောင့် လေထီး(ဦး)အုန်းမောင်အမှတ်တရထဲတွင်  ကိုဗဟိန်းနှင့်သူ(ဒေါ်ခင်ကြီး)တို့ ရေစက်ဆုံကြပုံနှင့်ကိုဗဟိန်းကသူ့အား ချစ်ရေးဆိုသည့်အခန်းများကိုပါ  ချစ်စဖွယ်ဖတ်လိုက်ရပါသည်။
ဤသို့ဖတ်ရသည်ထဲမှ အမှတ်ထင်ထင် ခံစားသိရှိလိုက်ရသည်များကိုလည်း လာမည့်ဆောင်းပါးအမှတ် ၁၂ ကျမှ ရေးပါဦးမည်။

(ဆက်ရန်)

Comments