မ န အ
(မိုးမခ) အောက်တိုဘာ ၁၇၊၊ ၂၀၂၂
စကားလုံးတွေကို မူလီကြပ်သလို ကြပ်ရင်း
မင်း ဖတ်ကြည့်နေတဲ့ ကဗျာက
ကဗျာမဟုတ်ဘူး ။
မင်းက ကဗျာမဖတ်တတ်ဘူး
စာသားတွေ တဖြတ်စီ တဖြတ်စီကို ကျစ်လို့
မင်း ရစ်ကြည့်နေတဲ့ ကဗျာက
ကဗျာမဟုတ်ဘူး ။
မင်း ဖတ်နေပုံကိုက ကဗျာမဟုတ်ဘူး
ဝေါဟာရကို ဆူးနဲ့ထွင်းသလို ထွင်းရင်း
ကဗျာကို စစ်ခင်းနေတဲ့ မင်းက
ကဗျာမဖတ်တတ်ဘူး ။
မင်းဖတ်နေတဲ့ ကဗျာထဲမှာ
အသံတွေကို ရှာမတွေ့သမျှ
အရောင်တွေကို မမြင်မတွေ့သမျှ
မင်းဖတ်နေတာ ကဗျာမဟုတ်ဘူး
မင်းက ကဗျာမဖတ်တတ်ဘူး ။ ။
၆ အောက်တိုဘာ ၂၀၂၂
Comments
Post a Comment