ခင်လွန်း - ခါကြ ယမ်းကြသူများကိစ္စ (ကလေးကလားအတွေး)

ခါကြ ယမ်းကြသူများကိစ္စ
(ကလေးကလားအတွေး)
ခင်လွန်း
၁၉ ရက်၊ မတ်၊ ၂၀၁၆

အကြောင်းကိစ္စတခုခုနဲ့ လူအများစုရာဝေးရာ နေရာတနေရာရာကိုရောက်တိုင်း တချို့တချို့သောလူတွေကို ကျနော်မသိမသာသတိပြုမိတတ်ပါတယ်။ 
ဘာကြောင့်လဲဆိုတော့ အားလုံးထဲမှာ သူတို့က တခုခုထူးခြားနေသလိုလို(သို့မဟုတ်) အများနဲ့မတူ တမင်ထူးခြားနေအောင် လုပ်နေသလိုလိုဖြစ်နေလို့ပါပဲ။
အဲဒါနဲ့ဆက်စပ်ပြီး ကျနော်ငယ်ငယ်ကလေးဘဝမှာ အမေ့မောင် ဘကြီးဦးလေး ပြောတာလေးကို ဒီနေရာမှာ ပြောချင်လာတယ်။
....

အမေက ကျနော့်ကိုမမွေးခင် ကျနော့်အထက်မှာ အစ်မတော်တွေချည်း ၄ ယောက်မွေးခဲ့တာနဲ့ ဆိုင်မယ်ထင်ပါတယ်။ အဲ့ဒီ့အစ်မများနောက် ကျားကလေးအဖြစ် ကျနော်ကြားညှပ်ပါလာပြီး ကျနော့်အောက် တယောက်ကလဲ ညီမလေးဖြစ်ပြန်ပါတယ်။
ဒီလိုနှုတ်ခမ်းနီပါးနီလက်သည်းနီတို့ရဲ့အကြားမှာ မွေးဖွားကြီးပြင်းခဲ့ရသူများဟာ စိတ်ပညာအရ အစွန်းနှစ်ဘက်စီရောက်သွားနိုင်တယ်လို့ စာတွေလဲ ဖတ်ဖူးခဲ့ပါတယ်။ ဘယ်လိုအစွန်းမျိုးလဲဆိုတော့ သေနပ်ခါးခြေဆုံးခေါင်းဆုံးလိမ်းကျံမွှေးထုံနေတတ်တဲ့ ဓလေ့သဘာဝကိုနှစ်သက်တတ်သူမျိုးနဲ့ အဲဒါတွေရဲ့လုံးဝဆန့်ကျင်တဲ့ ရှူးရှူးရှဲရှဲကျားကျားလျားလျား ခက်ခက်ထန်ထန် တကယ့်ကျားတကောင်စရိုက် အပီအပြင်မျိုးနဲ့ရယ်လို့ပေါ့။
(ခြွင်းချက်အနေနဲ့ ပုံမှန် စိတ်သဘာဝအပြုအမူနဲ့ကြီးပြင်းသွားသူတွေလဲရှိနိုင်မှာပါ။)

ထားပါတော့။ ကျနော်ပြောချင်တာလေးမိအောင် ချုံ့ပါ့မယ်။
အစ်မတွေနှမတွေအကြားမှာကျနော်က ဘယ်လိုဖြစ်နေလဲတော့ မပြောတတ်ပါဘူး။ တနေ့တော့ အမေ့မောင် ကျနော့်ဘကြီးဦးလေးက ကျနော့်ကို ဒီလိုပြောတယ်ဗျာ။ 

" ဟေ့ကောင် ... မင်း မင်းအစ်မတွေလို သေနပ်ခါးလိမ်းတာဘာညာ ငါမပြောလိုဘူးကွ၊ ဒါပေမဲ့ မင်းအစ်မတွေနဲ့လမ်းလျှောက်တဲ့အခါ သူတို့လို ခါးနွဲ့ဖင်ခါပြီး မလျှောက်စမ်းနဲ့တဲ့၊ ငါကြည့်ရတာ မင်းဖင်က ပိုပြီးအခါဆုံးဖြစ်နေတယ်.." တဲ့

ဦးလေးက ကျနော့်အမူအကျင့်ကိုကြည့်ပြီး ဘဝရှေ့ရေးကိုပူလို့ပြောတာလဲ ပါမယ်ပေါ့။

ဟုတ်တယ်။ ကျနော်သာ ဦးလေးစိုးရိမ်ပူပင်ခဲ့သလိုမျိုးစိတ်ထက်သန်သွားရင် ဒီနေ့ဒီအချိန်ထိ ဖင်တခါတခါ ခါးတနွဲ့နွဲ့များ လျှောက်နေမိမလားမသိ။
နို့ ကိုယ်က တုရတာကိုး။ တုရမှာကိုး။ အတုက အစစ်ထက် တခုခုပိုပြနေရတာကိုး။

ကျနော်ပြောမှာက အဲဒါပါပဲ။ တချို့သောလူများဟာ အကြောင်းတခုခုကြောင့် စုကြစုံကြရပြီဆို သူက အားလုံးထက် တမူခြားအောင် ခါပြယမ်းပြနေတာကိုမြင်နေမိတော့ ရီချင်ပက်ကျိ ဖြစ်ရတယ်ဗျာ။ ပမာအားဖြင့် ဘယ် လိုသမိုင်းနောက်ခံအကြောင်းအချင်းရာတွေ၊ စွန့်လွှတ်အနစ်နာခံ ပေးဆပ်မှုတွေ (သို့မဟုတ်) စွန့်စားရဲဝံ့ ရင် ဆိုင်ခဲ့မှုတွေ .. စတဲ့ ဖြတ်သန်းမှုပုံစံတွေ ရှိခဲ့ကြလေသလဲတော့မသိ။ ၈-လေးလုံးနေ့လို သမိုင်းဝင်အခမ်းအနားကြီးတွေမှာဆို သူတို့အံတွေတင်းတင်းကြီး ကြိတ်ထားကြတာတွေ၊ သူတို့လက်သီးတွေ ကျစ်ကျစ်ပါအောင် တင်းတင်းကြီးဆုပ်ထားကြတာတွေမျိုးပေ့ါ။ 

ဒါပေမဲ့ သူတို့မေးရိုးငေါငေါကြီးတွေကိုကြည့်လိုက်ရင် အများသူငါတွေထက် ပိုပြီးအံကြိတ်ထားရသလိုလို၊ သူတို့လက်သီးတွေကလဲ ပိုပြီးကျစ်ကျစ်ပါအောင်ဆုပ်ထားကြရသလိုလို။ အင်း ...ကြည့်ရတာပင်ပမ်းလိုက်တာလေ ...။ (ဟောနွဲ့သွားပြန်ပြီ ငါဟာလေ ..)

အော် ...ဘကြီးကိုသတိရမိတယ်။ မင်းက ပိုခါမနေနဲ့ပေါ့။
လူရှေ့သူရှေ့ရောက်ပြီ လူစုစုဖြစ်ပြီဆိုတာနဲ့ ခါဖို့ယမ်းဖို့ ကြိုးစားနေကြတာကိုတွေ့တိုင်း ဦးလေးဘကြီးကို သတိရမိတာပေါ့။ လူထူလေလေ ခါပြယမ်းပြ လှုပ်ပြကြလေလေ။
အော် အစစ်တွေထက် မာန်ကြီးကြပုံများ သူတို့ခါးတွေတနွဲ့နွဲ့။ သူတို့ဖင်တွေ တယမ်းယမ်း။

ခင်လွန်း
၁၉ရက်၊ မတ်၊ ၂၀၁၆
နံနက် -၁၁း ၁၅ နာရီ


Comments