ခင်လွန်း
(သစ်ခက်သံလွင်) စက်တင်ဘာ ၄၊ ၂၀၂၂
စာကတော့ ကျနော့်ထုံးစံအတိုင်း ဟိုရောက်ဒီရောက်ပဲ၊
ဖတ်သူမရှိလဲ ကိုယ့်ဘာသာသိမ်းထားချင်လို့တင်တာမျိုးပါပဲ.။
ပုံမှာပြထားတာကတော့ မနှစ်က (၂၀၂၁ နိုဝင်ဘာလမှာ) ခါးရိုးထဲ စတီးချောင်းထည့်ကုသခံရစဉ်က ပုံပါ။
ပြီးခဲ့တာတွေကို ရီစရာလုပ်ပြောရရင်တော့ ' နိုင်ငံခြားမှာအလုပ်လုပ်မစားချင်လို့ ဒုက္ခိတအယောင်ဆောင်နေတာပါ' လို့ရုပ်သံဖိုင်လေးပါ အရိုက်ခံခဲ့ရတဲ့လူရဲ့ ဆယ်စု နှစ်စုစာ ခံခဲ့ရတဲ့ ဝေဒနာပေါ့ဗျာ...
-
ဒီနေ့တော့ ပါစင်နယ်ဆန်ရင်လဲဆန်စေတော့ ရေးချင်တာလေးရေးလိုက်အုံးမယ်၊
ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ ၁၁ နှစ် ဒီလို စက်တင်ဘာ ၁ ရက်နေ့မှာ ကျနော်နယူးဇီလန်ကိုရောက်လာခဲ့တဲ့နေ့ဖြစ်လို့အမှတ်တရအနေနဲ့ပါ.
ဒီကိုမရောက်ခင် ၁၀ နှစ်လောက်ကတော့ ဒုက္ခသည်စခန်းတခုအပါအဝင် နယ်စပ်မှာ နေခဲ့ရပါတယ်... ကြားကောင်းအောင်ပြောတာမျိုးမဟုတ်ဘဲအရင်းခံအတိုင်းပြောရရင် နိုင်ငံခြားဆိုတာ ကျနော့်ဘဝအိပ်မက်ထဲမှာ ယောင်မှားပြီးတခါမှမမက်ဖူးခဲ့တဲ့အိပ်မက်ပါ...
နယ်စပ်ရောက်ခါစ ၂၀၀၀ ဝန်းကျင်ကျော်လောက်က ဘာလုပ်ရမှန်းမသိခင် ယူအက်စ်ထီ ထိုးဖူးတာတခုကလွဲရင် နိုင်ငံခြားဆိုတာ ကိုယ်နဲ့မအပ်စပ်ရာသဘောမျိုးပါပဲ... ၂၀၀၄ လောက်မှာ စစ်အကျဉ်းထောင်ထဲရောက်နေတဲ့ ကဗျာဆရာ အကိုပွင့် (မောင်အောင်ပွင်) နဲ့ ဆရာငြိမ်းသစ်တို့ CPJ စာနယ်ဇင်းဆု (the Committee to Protect Journalists’ 2004 International Press Freedom Awards) ရကြတော့ သူတို့နဲ့လုပ်ဖော်ကိုင်ဖက်လဲဖြစ်၊ နယ်စပ်မှာလဲရှိနေတဲ့ ကျနော့်ကို ဆုရှင်တွေကိုယ်စား ယူအက်စ်မှာ လက်ခံရယူဖို့ စီစဉ်ပေးမယ်၊ ပြီးတော့ လက် စနဲ့ ယူအက်စ်မှာ ကျနော်နေထိုင်ခွင့်ရဖို့အတွက် ဆက်လုပ်ကြတာပေါ့ဆိုတဲ့ အကြံပေးမှုမျိုးရခဲ့ဖူးပါတယ်။ * ( အမှန်တကယ်မှာက မြန်မာစာနယ်ဇင်းနယ်ပယ်က ပေါက်မြောက်တဲ့ဆရာများက ဒီဆုကိုအဆိုတင်သွင်းကြရာမှာ ကျနော့်ကိုလဲ ထည့်သွင်းချင်တယ်ပြောဖူးပါတယ်၊ ကျနော်က အချက်အလက်တွေပေးနိုင်ဖို့အားနည်းသွားတာရယ်၊ ကျနော်တို့အဓိကရည်ရွယ်ချက်ဖြစ်တဲ့ နယ်စပ်မှာ အထိုင်ချအလုပ်လုပ်ဖို့ကိစ္စရှိတာရယ်ကြောင့် စိတ်မထက်သန်တာလဲ ပါတာရယ်) နဲ့ ကျနော်ဟာ အမေရိကားတိုက်ကြီးကို ရှာမတွေ့သူဖြစ်ခဲ့ရပါတယ်။ ကျနော့်စိတ်ထဲမှာက လုပ်ဖော်ကိုင်ဘက်ရဲဘော်ကြီးတွေက စစ်အကျဉ်းထောင်ထဲရောက်နေချိန်၊ ကံကောင်းထောက်မစွာလွတ်မြောက်နေတဲ့ကျနော်က သူတို့နဲ့တိုင်ပင်ရည်ရွယ်ထားတဲ့အတိုင်း နယ်စပ်မှာ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကိုဆက်မလုပ်ဘဲ သာတောင့်သာယာတနေရာကို အေးရာအေးကြောင်းထွက်သွားတာမျိုး ဘယ်လိုမှတွေးမရလို့ပါပဲ... ဒါနဲ့ပဲနယ်စပ်မှာ အားလုံးစိတ်ထဲတည်ထားခဲ့ကြတဲ့အတိုင်း မီဒီယာအလုပ်ကိုနိုင်တဲ့ဘက်က ဝင်လုပ်နေခဲ့တာပေါ့...
ဖြစ်ချင်တော့ ၂၀၀၅ မှာကျနော့်ကျန်းမာရေးယိုယွင်းလာပါတယ်၊ အစာအိမ်သွေးကြောပေါက်တယ်၊ ခါးနာရော ဂါ (ခါးရိုးထဲ အာရုံကြောညှပ်တာပါ။ ဖြစ်နေတာကြာလှရှိပေမယ့် ၁၀ နှစ်ကျော်အကြာ နယူးဇီလန်ရောက်မှသိ) ကလဲ ရလာတော့ ကိုယ့်ဘာသာ ပြန်ဆန်းစစ်ပါတယ်၊၊ ကျနော်တို့နယ်စပ်မှာနေရတဲ့အခြေ အနေကလဲ ပြောရင်ယုံပါ့မလားတောင်မသိဘူး။ ကျနော်တို့မှာ ဝင်ငွေ တကျပ်တပြားမှ မရှိကြ မရကြပါဘူး။ ကျနော်မှမရတာမဟုတ်ပါဘူး။ ကျနော့်အောက်ရော အထက်ရော ဘယ်ကမှ ဝင်ငွေမရကြမရှိကြပါဘူး။ အသေးသုံး ဆေးလိပ်ဖိုးလေးဘာလေးတောင် တော်တော်လေးတခါတရံမှရတတ်တာပါ။ ကျနော့်ရဲဘော်မဆိုလဲ အဖွဲ့အစည်းထဲမိန်းမမသားတယောက်ထဲပေမယ့် အခြား ကျားရဲဘော်များလိုပဲ နေရထိုင်ရတာပါပဲ။ အဲဒီအချိန်တွေမှာ ကျနော်အလုပ်ရဆုံးတွေထဲကတခုကတော့ ရဲဘော်မကိုသဘောတရားရေးရာသင်တန်းတွေနဲ့ နှစ်ကိုယ်တော် ဟော ပြောပွဲတွေ လုပ်ရတာပါပဲ၊ ' ဟေ့ .. တော်လှန်ရေးဆိုတာ ... တော်လှန်ရေးဆိုတာ ... '။
တကယ်တော့ အလုံးကြီးကြီးတွေနဲ့သာ သူ့ကိုဖျောင်းဖျနားချနေရပေမယ့် ကျနော်လဲ ဘာမှသိပ်သိတာတော့မဟုတ်ပါဘူး။ သေချာတာက ငါ့တို့တွေဟာ ဒီကိုလခစားလာလုပ်တာမဟုတ်ဘူးလေကွာ၊ ဘာညာပေါ့...
ရဲဘော်ကြီးများနဲ့အပြိုင် လောဓံကိုပြုံးရွှင်စွာရင်ဆိုင်နေတဲ့ ရဲဘော်မ
သူကလဲ ယူအက်စ်လိုနေရာမှာအခြေချဖို့ဖြစ်လာနိုင်တဲ့အခွင့်အရေးမျိုးကိုတောင် '' ဆရာပွင့်တို့ ဆရာငြိမ်းသစ်တို့မျက်နှာတွေကို မထောက်ရင် သစ္စာဖောက်တာပဲ'' လို့ ကျနော့်ကိုပြောဖူးသူဆိုတော့ ငွေနဲ့ပတ်သက်လာရင် ဘာမှမပတ်သက်ရတာကိုပဲ ရင်ဆိုင်တတ်သူဖြစ်ခဲ့တာပေါ့။ တခါတခါ သူ သိပ်ကြိုက်တဲ့ မုန်းဟင်းခါး (မြန်မာ၊ ထိုင်း မုန့်ဟင်းခါး ၂ မျိုးလုံး) စားချင်လိုက်တာဟာလို့ ပြောတဲ့အခါများ ကျနော်ဟာ မချိသွားဖြဲ ရီကျဲကျဲလေးနဲ့ ရူးချင်ယောင်ဆောင်နေရတာပေါ့...(စိတ်ထဲလဲ ဝမ်းနည်းမိတယ်၊၊ သူက အစားစားတာ ဝါသနာကြီးတဲ့သူမို့လေ)
အဲဲဒီတုန်းက နယ်စပ်မှာနေတဲ့ကျနော့်ဆီကို ဘန်ကောက်မှာမီဒီယာလုပ်နေတဲ့ အဖွဲ့အစည်းတခုက လူရင်းတယောက်လွှတ်ပြီး လစာကောင်းကောင်းပေးမယ် (ဘတ်သောင်းဂဏန်းနော်) ထွက်လာပါလားလို့ တိုးတိုးတိတ် တိတ် လာနားချခဲ့ဖူးပေမယ့် ကျနော်ဟာ အကျဉ်းထောင်ထဲရောက်နေတဲ့ ဆရာနှစ်ပါးမျက်နှာကိုမြင်မြင်ပြီး သူတို့နဲ့တည်ခဲ့တဲ့နေရာလေးမှာပဲ ဗလာဝင်ငွေနဲ့ နေခဲ့ပါတယ်...
ဗလာဝင်ငွေနဲ့သာဆိုပေမယ့် လုပ်ရတာကတော့ ခါးချိမတတ်ပါပဲ၊ ကိုယ်မကျွမ်းကျင်တဲ့လိုင်းကိုး။ ကျနော့်အစစ် အမှန်အဓိပ္ပာယ်က ရသခံစားမှုသမား.။ ဆိုတော့ သတင်းမီဒီယာအလုပ်ဟာကျနော်နဲ့ နပန်းလုံးနေရသလို ပင်ပမ်းလှပါတယ်။ တတ်သလောက်လုပ်ရင်း ခါးနာရောဂါရ၊ အစာအိမ်သွေးကြောပေါက်၊ စတာတွေဖြစ်လာတော့ လူက မြော့မြော့ပဲကျန်ပါတယ်၊ အဖွဲ့အစည်းကလဲချို့တဲ့တော့ ကိုယ်က ဝန်ထုပ်ဝန်ပိုးလိုဖြစ်နေမလား ပြန်သတိ ထားရပါတယ်။ ကြာလာရင် နှစ်ဖက်လုံးအတွက်မကောင်းမှန်းသိတော့ တတိယနိုင်ငံတနိုင်ငံကိုထွက်ကြမှသင့်မယ်လို့ ရဲဘော်မကိုတိုင်ပင်ရပါတယ်။ သူက နယ်စပ်က မိဖမဲ့ကလေးများရဲ့စာသင်ကျောင်းလေးမှာ ဆရာမလုပ်နေချိန်ပေါ့...
ဒီလိုနဲ့ နယ်စပ်မှာလုပ်မြဲတာဝန်ကိုစွန့်ပြီး တတိယနိုင်ငံသွားဖို့လုပ်ပါတယ်။ သူများတွေလို ဆယ်လီဘရယ်တီတွေမဟုတ်လို့လားတော့ မသိ။ နိုင်ငံခြားကို တိုက်ရိုက်ခေါ်မယ့်သူ မရှိခဲ့ပါဘူး။ ကျနော်တို့တော့ တတိယနိုင်ငံထွက်ရေးအတွက် ယူအန်အစီအစဉ်အရ တောထဲတောင် ထဲတည်ထားတဲ့ ဒုက္ခသည်စခန်းတခုမှာ ငါးနှစ်တိတိနေခဲ့ရပါတယ်။ ပျော်ပါတယ်။ ဘဝတူတိုင်းရင်းသားညီအကိုလူမျိုးစုံတို့ရဲ့ ဘဝအိပ်မက်တွေ၊ အနာဂတ်မျှော် လင့်မှုတွေ၊ ထဲထဲဝင်ဝင်နားလည်ခွင့်ရသလောက် ရခဲ့လို့ပါ...(ပြည်မမှာ ဘယ်လိုမှမရနိုင်တဲ့ အရာတွေပါ)
ဒီလိုနဲ့ ၂၀၁၁ စက်တင်ဘာ ၁ ရက်၊ ဒီလိုနေ့မှာ နယူးဇီလန်ကိုရောက်ပါတယ်။
အိပ်မက်အလွန်ဆန်ပါတယ်။ နိုင်ငံခြားဆိုတာနဲ့လုံးလုံးမပတ်သက် မဆက်စပ်ဖူးတဲ့ အသက် ၅၀ ကျော် ၆၀ နားလူက ဘာမဆိုင်ညာမဆိုင်ရောက်လာခဲ့တာကိုး။ ဒီနေရာမှာအမှန်ပြောရရင်တော့ ထိုင်းကိုပြေးခဲ့ရတုန်းက ခံစား မှုထက် ပိုဆိုးပါတယ်။ ထိုင်းကိုရောက်တော့ အမေနဲ့နီးသေးတယ်။ အိမ်နဲ့နီးသေးတယ်။ စိတ်နဲ့မှန်းပြီး လွမ်းလို့ရသေးတယ်။ နွေ မိုး ဆောင်း ရာသီလဲတူ။ ရေ မြေ သဘာဝ အစားအသောက်တွေကလဲတူ။ ဘာသာတရားအရ စေတီကျောင်း ကန်နဲ့ ဝန်းကျင်အငွေ့အသက်တွေလဲ တူ။ လူပုံအရွယ်အစားတွေကလဲ တူတော့ အမေနဲ့ အိမ်ကိုလွမ်းတာတောင် တိုင်းပြည်အခြေအနေကောင်းတာနဲ့ နာရီပိုင်းအတွင်းပြန်ပြေးလို့ရတာပဲလို့ ဖြေပြီး နေနိုင်ပေမယ့် နယူးဇီလန်ကိုရောက်တော့ ခံစားမှုက အလွန်ကွာခြားသွားခဲ့ပါပြီ...အရာရာ အကွာကြီးကွာခြားခဲ့ပြီကိုး။
အမေရေ ...ပြေးရင်းပြေးရင်း သားတော့ ပင်လယ်ထဲမျောရပါပေါ့ .. လို့တောင် ရောက်ခါစက မျက်ရည် သီမိပါသေးတယ်...
ဒီနေရာမှာ စကားကြုံတုန်း နိုင်ငံခြားရောက်ခြင်းကိစ္စကို ပကတိအကြောင်း တရားစစ်စစ်ပြောမယ်ဆိုရင် ကျနော်တို့ရောက်လာတာက ပြေးလွှားဒုက္ခ ရောက်လာသူအဖြစ်နဲ့ပါ။ ပညာတော်သင်လာရတာ၊ စီးပွားရေးကူး သန်းရောင်းဝယ်ဖို့လာရတာ၊ သံတမန်အဖြစ်လာရတာ၊ သာသနာပြုဖို့လာရတာ၊ ချမ်းသာကြွယ်ဝလို့လာရတာမျိုးမဟုတ်တာပါပဲ။ ကျန်းမာပြီး အရွယ်ကောင်းသေးသူ များအတွက် နိုင်ငံခြားဆိုတာ အခွင့်အလန်းပေါင်းများစွာ ရနိုင်တဲ့နေရာဖြစ်ပေမယ့် ရောက်လာထဲက ခါးရိုးကျိုးလာတဲ့သက်ကြားအိုကျနော့်အတွက်တော့ နိုင်ငံ ခြားဆိုတာ မဲဇာပါပဲ။ ကဗျာအိုးဝေ ဆရာငြိမ်းဝေပြောသလို ဉရောပမဲဇာဆိုတာမျိုးပြောရင်တော့ နယူးဇီလန်မဲဇာပေါ့...
ခွဲစိတ်ကုသမှုခံပြီး တုတ်ကောက်အကူလွတ်သွားတဲ့ မိမိကို ခပ်ဝါးဝါးမြင်ရပုံ
သို့သော် ဒီမဲဇာမှာပဲ ကျနော်ဟာ ဆယ်စုကျော်ခံစားနေရတဲ့ ခါးရိုးထဲအာရုံ ကြောညှပ်နေတဲ့ဝေဒနာကို ကုသခွင့်ရခဲ့ပါတယ်။ မနှစ်က နိုဝင်ဘာမှာ စောင်းနေတဲ့ခါးရိုးထဲ စတီးချောင်းထည့်ပြီး ခါးကိုတည့်လိုက်နိုင်ပါတယ်။ ဒါပေမဲ့ ခုထိတော့ အရင်လိုပဲ လမ်းကြာကြာမလျှောက်နိုင်သေးပါဘူး။ ကြာကြာလဲ ဆက်တိုက်မထိုင်နိုင်ပါဘူး။ မခွဲခင်ကလိုပဲ ၃-၄ ကီလိုလောက်အလေးအပင်လေးကိုတောင် ကြာကြာသယ်ပိုး မထားနိုင်သေးပါဘူး။ ကွန်ပြူတာအိတ်တွေဘာတွေတောင် မသယ်နိုင်တော့ပါဘူး...
အဲဒီ့အတွက် ကျနော်ဟာ ဝင်ငွေရတဲ့အလုပ်တခုခုကိုလဲ မလုပ်နိုင်သေးပါဘူး။ လုပ်ရအောင်လဲ အသက်က ၆၅ စွန်းလာပါပြီ.. . ( ရောက်ထဲက ခုထိ အလုပ်တခုမှမလုပ်နိုင်ပါဘဲလျက် နေစရာပေး၊ ထမင်းကျွေး၊ ဆေးဝါးကုသခွင့်ပါပေးထားတဲ့ ဒီနိုင်ငံရဲ့ကျေးဇူးကတော့ ကြီးလှပါတယ်။ )
နိုင်ငံခြားကိုရောက် ဒေါ်လာတွေရှာ၊ ကားဝယ်၊ အိမ်ဝယ်၊ အမျိုးအဆွေတွေ အပေါင်းအသင်းတွေဆီ ပို့၊ ဒီဖက်မှာရော မြန်မာပြည်ဘက်မှာပါ ကျောင်းဒကာ ဘုရားဒကာတွေ လုပ်၊ လူပုံအလယ် တင့်တယ်မော်ကြွားနိုင်... တော်လှန်ရေးအတွက် လူရှိန်လောက်အောင် လုပ်ပြ လှူပြ ... စသဖြင့် ကျနော်မလုပ်နိုင်တော့ပါဘူး။ အဲဒီအတွက် ကျနော်က ရဲဘော်မကို ဟိုးနယ်စပ်မှာ ဆင်းဆင်းရဲရဲနေခဲ့တုန်းကပြောခဲ့သလိုပဲ ' တော်လှန်ရေးဆိုတာ... တော်လှန်ရေးဆိုတာ ...ဆိုတဲ့အလုံးကြီးကို ပလုပ်ပလောင်းကြီးပြောပြီး '' ငါတို့လဲ မသေလို့ ခုထိကျန်နေတာကွ၊ အပ်တိုတချောင်းတောင်မဆောင်ဘဲ တိုက်ပွဲတွေကြားထဲ ကိုယ့်အသက်ကိုယ်စတေးရင်း နိုင်တာ စွန့်ပြီး လုပ်ခဲ့ကြတာပဲ။ ဒို့အလှူလဲ မနည်းလှပါဘူးကွ'' ... လို့ အားပေးရတာပေါ့။
ခုလဲ ငါတတ်စွမ်းတဲ့ဘက်ကနေ စာပေယဉ်ကျေးမှုမျက်နှာစာက တိုက်ပွဲဝင်နေတာ နွေဦးတော်လှန်ရေးတို့ဘာတို့ မတိုင်ခင်ထဲကမဟုတ်ဘူးလားကွ .. ဘာညာပေါ့...
သူကတော့ မျက်စောင်းလေးခဲပြီးပြောပါတယ်၊ ' အဘိုးကြီးရယ် ...ခါချဉ် ကောင်မာန်ကြီးလို့ တောင်ကြီးဖြိုမယ်ကြံ ... ခါးက မသန်ဆိုတာ ....ရှင်မှ ရှင်မှအစစ် ' တဲ့...
ဒါပါပဲခင်ဗျာ
-
*နယ်စပ်ရောက် ရဲဘော်ကြီးများ၊ မြန်မာပြည်အရပ်ရပ်စစ်မျက်နှာတို့မှာ တိုက်ပွဲဝင်နေဆဲ ရဲဘော်ကြီးငယ်များခင်ဗျား။ ကျနော်နိုင်သလောက် တော်လှန်ရေးအတွက်ကူညီနေတာ ပမာဏအားနည်းနေခဲ့ရင် နားလည်ပေးကြပါခင်ဗျား...
နွေဦးတော်လှန်ရေးအမြန်ဆုံး အောင်ပါစေ
အချောင်သမား အခွင့်အရေးသမားများ နွေဦးအောင်ပွဲနဲ့အတူ ကျဆုံးပါစေ
အားလုံးလေးစားလျက် ..
ခင်လွန်း
စက်တင်ဘာ ၁၊ ၂၀၂၂
_
** ပုံ ၁ ကတော့ မနှစ် နိုဝင်ဘာလမှာ ခါးရိုးထဲ စတီးချောင်းထည့်ကုသခံရစဉ်က ပုံပါ။
** ပုံ ၂ က ရဲဘော်အများကြားမှာ ပြုံးပြုံးကြီးမြင်ရတဲ့ ရဲဘော်မကို တွေ့ရပုံ
** နောက်ဆုံး ပုံ ၃ က ခွဲစိတ်အပြီး တုတ်ကောက်ဆောင်စရာမလိုတော့တဲ့ပုံနဲ့
Comments
Post a Comment