ခင်လွန်း - '' အိပ်မက် မက်ဖူးခဲ့ကြတယ် "

''  အိပ်မက် မက်ဖူးခဲ့ကြတယ် "
ခင်လွန်း
(သစ်ခက်သံလွင်) ဩဂုတ် ၃၁၊ ၂၀၂၂

အိပ်မက်ဖူး အမှတ် ၂ ၊ စက်တင်ဘာလထုတ်၊ ၁၉၈၈ ..တဲ့။
အနှစ် ၃၀ နီးခဲ့ပြီ။ 
ကျနော်တို့အလယ်တန်းကျောင်းသားဘဝထဲက စာပေ ကဗျာ အနုပညာမှာ ဝါသနာတူညီခဲ့တဲ့ ငယ်သူငယ်ချင်း ၅ ယောက်ဟာ ၇၀- ဝန်းကျင်လောက်မှာစပြီး စာပေရင်ခွင်ထဲကို ကဗျာလေးတွေရေး၊ ဝတ္ထုတိုလေးတွေရေးနဲ့ ရှုမဝ၊ မိုးဝေတို့လိုမဂ္ဂဇင်းတွေမှာ ကိုယ်စီကိုယ်စီ လျှောက်လှမ်းပါဝင်ခွင့်ရကြပြီဆိုတဲ့အခါ ကိုယ်တိုင်လဲ စာပေဘက်နွယ်တဲ့မဂ္ဂဇင်းတစောင်လောက်လုပ်ကြည့်မလားဆိုတဲ့စိတ်ကူးလေး ဝင်လာခဲ့ကြတာ ၈၅ ခုလောက်ထဲကပါ။
ဒီလိုစိတ်ကူးဖြစ်ကြရတာက ကျနော်တို့မှာ ကိုယ်ပိုင်ငွေကြေးလောက်လောက်လားလားမရှိကြသေးပေမယ့် အဲဒီ့အခါက အရောင်းအဝယ်လုပ်ငန်းနဲ့အဆင်ပြေတဲ့ ကျနော်တို့ထဲက နေစိမ့်ရဲ့ဖခင် ဦးလေးဦးအေးသောင်းရဲ့အား ပေးထောက်ခံမှုကြောင့်လဲ ပါပါတယ်။ သူက ဆရာကြီးဦးဝင်းတင်လက်ထွက် ကြေးမုံတပ်သားဟောင်းကြီးမဟုတ်လား။

ကျနော်တို့နေ့တိုင်းညတိုင်း ဆုံဖြစ်နေကြ အာကာသဆိုတဲ့ မြောက်ဥက္ကလာပတနေရာက ကာဖီဆိုင်လေးရဲ့ဗာဒံ ပင်ကြီးအောက် စားပွဲခုံပေါ်မှာ တကယ်ဖြစ်လာမယ်လို့ မသေချာသေးတဲ့ မဂ္ဂဇင်းတစောင်ကိုလဲ စိတ်ကူးကိုယ် စီနဲ့ အမည်လေးတွေ ပေးနေခဲ့ ကြတာပေါ့။

ကျနော်တို့ဆိုတာက အဲဒီတုန်းမှာ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ အချိန်ပိုင်းနည်းပြလေးအဖြစ်တာဝန်ယူနေတဲ့အပြင် လူသိထင်ရှား ကလောင်အရှိန်မြင့်သထက်မြင့်လာနေတဲ့  ယနေ့မောင်သာချို တနည်း ဂျက်ဆရာ ကြီး။ ပြီးတော့ အထက်တန်းကျောင်းသားဘဝ အသက် ၁၆ နှစ်သားအရွယ်ကတဲက စာပေမဂ္ဂဇင်းလို့ အတိ အလင်းခံယူပြီး မျက်နှာဖုံးကို မြန်မာပန်းချီအကျော်တွေရဲ့ လက်ရာပန်းချီတွေသာတင်ပြီး အတွင်းသရုပ်ဖော်ပန်းချီပါလေရုံနဲ့ထုတ်ဝေနေတဲ့ ဘဝသရုပ်မှန်စာပေလိုင်းအဖြစ်ရပ်တဲ့ မိုးဝေမဂ္ဂဇင်းမှာ ဝတ္ထုတိုတပုဒ်လက်စမ်းလှမ်းပို့ရာက စင်တင်ခံခဲ့ရတဲ့ ဒီနေ့ကဗျာအကျော်ဆရာတပါးဖြစ်တဲ့ နေစိမ့်၊ နောက် အရေးထက်အဖတ်ဘက်ကိုအားသာတဲ့ ကျနော်နဲ့ ဒီနေ့လှိုင်းသစ်မဂ္ဂဇင်းမှာ အယ်ဒီတာလုပ်နေတယ်လို့သိရတဲ့ ယမုံဆိုတဲ့ကဗျာဆရာတို့ပေါ့။ (ဒီစာက ၂၀၁၅ က ရေးခဲ့တာဖြစ်ပြီး ၂၀၁၉ ဇန်နဝါရီလမှာ ကဗျာဆရာ အယ်ဒီတာ ယမုံ ကွယ်လွန်ခဲ့ပါပြီ)

ဒီလိုနဲ့အာကာသရဲ့ညတာတော်တော်များများမှာ တကယ်ပဲ မိုးကောင်းကင်ကိုမော်ကြည့် လိုက်၊ ဆေးပေါ့လိပ်ကို မီးခိုးတွေအူထနေအောင် ဖွာရှိုက်လိုက်။ တခါတခါလဲ စိတ်ထဲပေါ် လာတဲ့နံမည်တွေကို ထရွတ်ကြည့်လိုက်၊ တယောက်ပါးစပ်ဖျားကထွက်လာတဲ့အမည်တခုကို ကျန်လူတွေက ငံလင်းတကြီးနဲ့ နားထောင်လိုက်၊ ဘက်စုံပြန်စဉ်းစားကြည့်လိုက်၊ ထင်မြင်ချက်ပေးလိုက်။ ငြင်းလိုက် ခုန်လိုက်၊ ဝေဖန်လိုက်။ 

ဒီနေရာမှာ ကျနော်တို့စဉ်းစားကြတဲ့ အခြေခံမူက လူငယ်လူရွယ်တွေ ပါးစပ်ဖျားထဲ ခေါ်ရလွယ်၊ စိတ်ထဲမှတ်ရလွယ်ပြီး ငယ်ရွယ်သူတွေရဲ့စိတ်ကို လှုပ်လှုပ်ခတ်ခတ်လေးလဲဖြစ်စေရမယ် ...စိတ်ကူးယဉ်ဆန်ပေမယ့် အနု ပညာအရလဲ လှရမယ် နောက် သစ်ရမယ်၊ စကားလုံးအသစ်လေးဖြစ်ချင်တာမျိုး...ဥပမာ သက်တန့်တို့ လှိုင်းတို့ ....စိတ္တဇဘက်ကလဲနွယ်ချင်ချင် ....စသဖြင့်ပေါ့။ ဒါပေမဲ့ တခုက အဲဒီ့အမည်ရဲ့နောက်မှာ ဆင့်ပွားအနက်တခုလဲ ရှိနေရမှာမျိုးပေါ့။

ဒီလိုနဲ့တလကိုးသီတင်းလောက်ကြာတော့ "အိပ်မက်ဖူး"ဆိုတဲ့ အမည်လေးကို ရလိုက်ကြတယ်။ 

ဆေးလိပ်မီးခိုးတွေငုံထားတဲ့ ကျနော့်နှုတ်ဖျားကနေ "အိပ်မက်ဖူးလို့ဆိုရင်ရောကွာ" လို့ စိတ်ကူးဒုန်းဆိုင်းနေတဲ့မြင်းတွေကို ဆတ်ခနဲ ဇက်ကြိုးစောင့်ဆွဲသလို ပြောချလိုက်တာပါ။
အားလုံးငြိမ်သွားတယ်။ တော်တော်ကိုငြိမ်ကျသွားတယ်။
ကောင်းတယ်ကွ၊ အဲဒါ အတည်ပဲတဲ့။ အားလုံးတညီတညွတ်ထဲ။

အဲဒီ့မဂ္ဂဇင်းနံမည်လေးကို မင်းသားကြီးမြတ်လေးကလဲ ကြိုက်တယ်။ သူက ဘိုလို ဒီလိုခေါ်ရမယ်ဆိုပြီး Dream လဲ ပါပြီး Bud လဲပါတဲ့အမည်တလုံးကို ကောက်ကာ ငင်ကာပေးလိုက်တယ်။ ကျနော်က သူတို့စကားဝိုင်းရဲ့အဝေမှာမို့ ကောင်းကောင်းမကြားလိုက်ရဘူး။ ကိုအောင်ဝေး (ခရမ်းပြာမြင်းရိုင်းကြီး)ကတော့ ကြားလိုက်ပုံရတယ်။ မသေချာတော့ ကျနော်ရေး မပြတော့ဘူး။

ဒီလိုပဲ မြန်မာပြည်အထက်ပိုင်းတနေရာက မြို့ကြီးတမြို့ကိုရောက်တုန်းက စာအုပ်အငှားဆိုင်ကြီးတခုကို ကျနော် မြင်ဖူးတယ်။ အိပ်မက်ဖူးမဂ္ဂဇင်းလက်ရေးစာလုံးပုံမူအတိုင်းနဲ့ အိပ်မက်ဖူးဆိုတဲ့ ဆိုင်ကြီး။ 
ကျနော့်ရင်ထဲ နွေးသွားသလို ခံစားရဖူးတယ်။

ထားပါ။ အိပ်မက်ဖူးတဲ့။ အဲဒီ့မဂ္ဂဇင်းအမည်လက်ရေးစာလုံးလေး အခုတွဲတင်တဲ့ ပုံမှာ တွေ့ကြပါလိမ့်မယ်။ ဒါကို ကွယ်လွန်သွားပြီဖြစ်တဲ့ ပန်းချီဆရာ အကိုကြီး စံတိုးရေးပေးသွားတာပါ။ 
အဲဒီ့အကြောင်းလေးလဲ သပ်သပ်ပြောပြချင်သေးတယ်။ နောက်မှပေါ့။

ဟုတ်တယ်။ အိပ်မက်ဖူး စထုတ်တာ ၁၉၈၈ သြဂုတ်လမှာပါ။ အမှတ် ၁ အိပ်မက်ဖူးကာဗာဟာ အဲဒီ့ရက်များက ၈-လေး လုံးပြည်သူ့အရေးတော်ပုံကြီးထဲမှာ ဖြစ်နေပေမယ့် ပရိတ်သတ်ထဲမှာ အသံလေးသာကြားကြားနေရပြီး ကိုယ်ယောင်ပြခဲ ထွက်ခဲလှတဲ့လူထုအချစ်တော် ဟေမာနေဝင်းမို့ လူငယ်လေး တွေ ကြိုက်ကြသလို လူ လတ်ပိုင်းတွေ စာပေအနုပညာနယ်သားတွေလဲ စိတ်တွေ့ခဲ့ကြပါတယ်။ ဓာတ်ပုံက Ray မြဝင်း။ 

ကျနော်အမှတ်မမှားဘူးဆိုရင်တော့ ဟေမာနေဝင်းကို မျက်နှာဖုံးရှင်စတင်တာလဲ အိပ်မက်ဖူးပဲဖြစ်မယ်ထင်ပါတယ်။ ဆရာဒဂုန်တာရာရဲ့အကူအညီကိုယူပြီးမှ ကျနော်တို့ရခဲ့တာပါ။

ကံနဲ့ပတ်သက်လာတဲ့စကားဆိုရိုးတွေထဲမှာ အဆိုးဘက်ကံသမားကိုပြောရင် သေမယ့်နှစ်မှ စစ်ထဲလိုက်တယ်ဆိုတာမျိုးလိုပဲ အိပ်မက်ဖူးဆိုတဲ့ ကျနော်တို့လူငယ်ဘဝရဲ့ အိပ်မက်အဖူးအနုလေးတခုဟာ ၈-လေးလုံးအရေး တော်ပုံကြီးထဲမှာ ဖူးခဲ့ဝေခဲ့ ဖူးပါတယ်။
အနှစ် ၃၀ နားနီးဆိုပေမယ့် တချို့အိပ်မက်တွေက မက်ကောင်းဆဲ။
----------------------------------------------------------------------------------
(အိပ်မက်ဖူး မဂ္ဂဇင်းအဖုံးဓာတ်ပုံလေးတွေ တခုတ်တရ ပို့ပေးပြီး လိပ်ပြာလွမ်းဝေစေခဲ့တဲ့ ကိုဇော်ဇော်ထွန်း (ကဗျာရေးရာ ကျွမ်းဝင်သူသုံးရမလားမသိ) ကို ကျေးဇူးအထူးတင်ပါတယ်။
************************

Comments