ခင်လွန်း
(သစ်ခက်သံလွင်) ဇူလိုင် ၂၉၊ ၂၀၂၂
ဒီနေ့ ကိုယ်က အစာအိမ်နာထနေတာနဲ့ အိပ်ရာထဲအနေများတယ်။
တကယ်ဆို ဒီရက်များအတွင်း ဒီနေ့က ရှားပါးရွှေရောင်နေခြည်လင်းဝါဝါနေ့ပါ။
မိုးရယ်အအေးဒဏ်ရယ်ကြောင့် အိမ်ထဲပိတ်မိနေတဲ့ရက်တွေအစား အချိန်နဲနဲပေးပြီး နေရောင်နဲ့ အနွေးဓာတ်လေး ထွက်ယူဖို့ကောင်းတာ။ ဒါမှမဟုတ် သစ်စေ့ပျိုးတာလေး သစ်ပင်ကိုင်းကူးတာလေး ထွက်လုပ်ရမှာ။
စိတ်ထဲရှိတာတွေများလှသောင်းသောင်းပေမယ့် အစာအိမ်နာထတော့ ထမင်းတောင် စားမရ၊ လူလဲ ထိုင်တောင်မနေချင်တာနဲ့ အိပ်ရာထဲဝင် နွေးအောင်နေရတော့တယ်။
ဝမ်းတလုံးမကောင်းရင် ခေါင်းခဲဆိုသလို ဘာစာမှလဲဖတ်မရတော့ဘူးပေါ့။
အဲဒီမှာ ရဲဘော်မက စာမဖတ်နိုင်ရင် အတိုဆုံးဓာတ်ပုံဇာတ်လမ်းလေးတခု ကြည့်မလားတဲ့။
ရသသမားတွေ တရသသချည်းပြောလွန်းလို့ ဇာတ်လမ်းရသပါတဲ့ဓာတ်ပုံရထားလို့ဆိုပဲ။
ကြော်ငြာကောင်းတာနဲ့ ကြည့်ပါ့မယ်ပေါ့၊
ပုံက ၂ ပုံထဲပါ။ တပုံက ပါတိတ်ဆင်ဝတ်ထားတဲ့ဒီဇိုင်းမျိုးရှိလို့ "မယ်ပါတိတ်"လိုခေါ်တဲ့ကြောင်ကလေးဟာ သစ်ပင်ခြုံကွယ်ကနေ အိမ်ခေါင်မိုး ငါးရိုးတိုင်မှာနားနေတဲ့ငှက်ကလေးကိုကြည့်ပြီး မစားရဝခမမ်းနဲ့လျှာသိမ်းနေတဲ့ပုံ။
တပုံက ခုနပြောတဲ့ ငါးရိုးတိုင်နား ငှက်ကလေး။
ကြောင် နဲ့ ငှက်။
ငှက်ကိုမြင်ပြီး ကျွတ်ကျွတ်ဝါးစားချင်နေတဲ့ကောင်နဲ့ အထာသိနေပုံရတဲ့ငှက်ကလေး။
ဒီ ၂ ပုံပေါင်းရင် ရသတမျိုးမျိုးမပေါ်ဘူးလားတဲဲ့။
ကိုယ်ကတော့ ငှက်ကလေးကိုကြည့်လိုက်။ ကြောင်ကလေးကိုကြည့်လိုက်။
ရဲဘော်မမျက်နှာကိုကြည့်လိုက်။ အစာအိမ်နာဆီ စိတ်ရောက်သွားလိုက်နဲ့။
အော်. သူမို့ စိတ်ရှည်တယ်၊ ရသရဖို့ဖန်တီးရတာကလဲ
လွယ်လွယ်တော့လဲမဟုတ်ရပါတကား...။
* ဇူလိုင် ၂၇၊ ၂၀၂၀ က ရေးခဲ့တဲ့စာ
...
* Photo -Mimi Thaw*
Comments
Post a Comment