မိုးမြင့်ယံ - စိတ်အန်ဖတ် အနက်ရောင်များ

စိတ်အန်ဖတ် အနက်ရောင်များ 
မိုးမြင့်ယံ
(သစ်ခက်သံလွင်) ဇူလိုင် ၂၊ ၂၀၂၂

ငါ က ကမ္ဘာကြီးကို ကယ်တင်ဖို့ဆိုပြီး
အနက်ရောင်ဝတ်ရုံတွေကို ကျကျနနဆင်မြန်းလိုက်တယ်
အက္ခရာတွေက မီးကျိုးမောင်းပျက်ဆိုပေမဲ့
ဒါဟာ ငါ့ စိတ်ရဲ့ဖြစ်တည်မှုတခုပဲလေ
နည်းနည်းလေးတော့ အာဟာရချိုတဲ့နေတာလဲပါမယ်
အနက်ရောင် ခေါင်တလားထဲက ပွင့်လာတဲ့ပန်းတွေကို ခူးဆွတ်ပြီး
စမ်းချောင်းလေးထဲမျောလိုက်ဖို့ကိုလဲ
စိတ်က မဝံ့ရဲပြန်ဘူး
ငါ့ ကမ္ဘာငယ်ငယ်လေးထဲမှာ အာလူးစားသူတွေသာ တဖြည်းဖြည်း ကြီးထွားလာကြ
နှဲ တယော လင်ကွင်း ဗုံသံတွေနဲ့
ကြားနာရတဲ့ အမြိုက်တရားဆိုတော့လဲ
မျက်စိစပ်ပြီး နားတော့ နည်းနည်းခါးလိမ့်မယ်
ဝင်သက်နဲ့ ထွက်သက်ကလဲ မထိခလုပ် ထိခလုပ်
မျက်နှာခြင်းဆိုင် ဆုံကြတိုင်း ခဏခဏ ခလုပ်တိုက်တယ်
ပါဠိသက်ကိုတော့ ငါလဲ အနက်ပြန်ဖို့ မကြိုးစားမိတော့ပါဘူး
စိတ်အမှောင်တွေထဲမှာ ညွှတ်​ပျောင်းအိကျရင်းနဲ့သာ
သေခြင်းတရားဆိုတာကြီးကို
ငါ့ ခန္ဓာကိုယ် အနှံ့အပြားမှာ မပျောက်ပျက်အောင် တက်တူး ထိုးထားလိုက်တော့တယ်
ကမ္ဘာကြီးကို ကယ်တင်မယ်ဆိုတဲ့ ငါကပေါ့လေ  ။

Comments