ခက်သီ - “ အသက်ရဲ့ချိန်သီး ” ( ကဗျာဆရာ ခက်သီ အမှတ်တရ ကဗျာ )

“ အသက်ရဲ့ချိန်သီး ”
ခက်သီ
(သစ်ခက်သံလွင်) မေ ၁၀၊ ၂၀၂၂

အော်ဟစ်ညည်းတွားဖို့တောင်
စွမ်းအားမရှိတော့တဲ့နာကျင်မှုပါပဲ
စိတ်ဟာအစွမ်းရှိသတဲ့
ဆေးရုံမျက်နှာကျက်ပေါ်မှာ ကဗျာတွေရေးနေမိ
ပြန်ပြန်ပြုတ်ကျလာ ပြန်ပြန်ပိကျလာ
ဂြိုဟ်ရံလ ၁၆ စင်းရှိတဲ့ ဂြိုဟ်ဟာ ပြုတ်ပြုတ်ကျလာ
ငါ့ကမ္ဘာကို ငါကာကွယ်ထားတယ်
ကမ္ဘာ့ဝင်ရိုးကို ကဗျာဝင်ရိုးနဲ့ပြောင်းလဲပစ်မယ်
ယုံကြည်ချက်ထံ ငါ့အသက်ကို အပ်နှံထားပြီး
ဘီလူးနက္ခတ်က နားထဲကလေတွေ မှုတ်ထုတ်တယ် 
နတ်နက္ခတ်နဲ့ကဗျာကို ဆက်ရေးတယ်
ငါဟာ တကယ့်လူပါလား
အသက်ရှူသေးတယ် ။ ။ 

(မသေရုံတမယ် နေ့ရက်များသို့ - ၂၃၊ ၂၊ ၂၀၁၈)
*( ၂၀၂၁ မေ ၉ ရက်နေ့ နွေဦးတော်လှန်ရေးအတွင်း အသက်ခန္ဓာပေးလှူသွားသူ ကဗျာဆရာခက်သီ အမှတ်တရ)

Comments