ဉာဏဉာဏ် - ကောက်ရိုးစဉ်းကောပွဲတော်

ကောက်ရိုးစဉ်းကောပွဲတော်
ဉာဏဉာဏ်
(သစ်ခက်သံလွင်) မေ ၉၊ ၂၀၂၀

တောနှင်းပင်လေးတွေက 
ရှင်ဘုရင်ရဲ့ ဝတ်ရုံထက် ပိုပြီး
ရာသီဥတုဒဏ်ခံနိုင်ကြတယ်
အသွေး  အသား  အသက်ကို သတိကပ်ရုံနဲ့
နတ်ဆိုးနှောင့်ယှက်ခြင်းက လုံခြုံပြီတဲ့လား
ကောင်းကင်တမာန်များ မြူနှင်းတွေလို
တပ်ဖြန့်ထားကြ
စီရင်ရာနေ့မရောက်မီတိုင်အောင် စောင့်စားနေရုံနဲ့
ငါတို့ရဲ့ ကောက်ရိုးခန္ဓာမှာအမှုန်အမွားများကပ်ငြိ
ငါတို့ဟာ ရှို့မီးများ
အမှောင်ထုထဲ ခဏသာ ဟုန်းဟုန်းထတဲ့
ကောက်ရိုးမီးများ
လင်းလို့ ထင်းလို့
အချိန်စက္ကန့်မျှသာ
သစ်လွင်ခြင်းများ မရှိတော့ချိန်ထဲက
ပွဲတော်ဟာ စည်ကားခဲ့တာပါ
ကောက်ရိုးများရဲ့ အသုံးဝင်ခြင်း
ကျေးဇူးတော်ဟာ မကုန်နိုင်ရာ
ပစ်လိုက်တဲ့ မီးစက်လက်နက်တွေကို ကာစီးနိုင်ဖို့
ငါတို့ရဲ့ ကောက်ရိုးဒိုင်းတွေက ရေဝနေပါစေ
‌ခြေတွေလက်တွေ ဆေးကြောပြီးမှ
သန့်ရှင်းခြင်းနဲ့အတူ စင်းကောပွဲတော်ဝင်ခဲ့ပါ
ကောက်ရိုးများသည် ကောက်ရိုးများအတွက်
အသက်ကို ပဓာနမထား အချင်းချင်းချစ်ကြသည်
ကောက်ရိုးများ မတ်တပ်ရပ်လို့ ဟစ်ကြွေးတောင်းဆိုခဲ့ကြ
ကောက်ရိုးများ လက်နက်ကိုင် တော်လှန်ခဲ့ကြ
ငါ့အသွေးသည် ငါ့အသားသည်
ဤလောကအတွက် အမှတ်တရ မရှိစေရ
ပွဲတော်လာလူတိုင်းရင်ထဲ ပူလောင်နေကြပါတယ်
နာကျင်လို့ အော်ဟစ်ကြမယ်
ပျော်ပျော်ကြီးအော်ဟစ်မြည်တမ်းကြစို့ရယ်
ခေတ်အသစ် စနစ်အသစ်
အခွင့်အရေးအသစ် ဥပဒေအသစ်
ကောက်ရိုးစဉ်းကောပွဲမှသည် 
ကောက်ရိုးများ လွတ်‌မြောက်မှုတရပ်ဆီ ။

Comments