ခင်လွန်း - ဝရမ်းပြေးဘဝ စားခဲ့ရသော ဆွမ်းတနပ်

ဝရမ်းပြေးဘဝ စားခဲ့ရသော ဆွမ်းတနပ်
(ကိုယ့်အကြောင်းကိုယ်ပြောတာ ... )
ခင်လွန်း
(သစ်ခက်သံလွင်) မေ ၁၉၊ ၂၀၂၂
- "ကဆုန်လပြည့် ဗုဒ္ဓနေ့" ဟုဆိုသောအခါ တလောလေးရက်များက လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ကိုယ့်ရှေ့စီနီယာကြီးနှစ်ဦး အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများလုပ်နေစဉ် မိစ္ဆာတို့ကအနံ့ရသွားပြီး သည်းကြီးမည်းကြီးလိုက်နေသည့်အတွက် သာသနာ့ဘောင်သို့ဝင်ခဲ့ရဖူးကြောင်း အပြန်အလှန်ပြောဆိုနေသည်ကိုဖတ်လိုက်မိရာ ထိုစဉ်ကတည်းက ဗုဒ္ဓအရိပ်အာဝါသနှင့်ပတ်သက်ပြီး ကျနော့်၏ဘဝတကွေ့အတွေ့အကြုံတခုကိုလည်း ပြန်ပြောင်းပြောပြချင်စိတ်ဖြစ်ပေါ်နေခဲ့သည်။
တခါသား ကျနော်လည်း ပြေးလွှားရှောင်တိမ်းဂျက်စီဂျိမ်းလုပ်ရင်း မတတ်သာတော့သည့်အဆုံး သာသနာဘောင်သို့ဝင်ရောက်ခိုလှုံခဲ့ဖူးကြောင်းကိုလည်း သူတို့နှစ်ဦးအကြား ဝင်ပြောမိခဲ့သေးသည်။ ထိုအပေါ် စီနီယာကြီးများက တစုံတရာပြန်လည်မှတ်ချက်ပေးခဲ့ခြင်းမရှိသော်လည်း ကျနော့်အာရုံရိပ်ထဲမှာတော့ လွန်ခဲ့သောအနှစ် ၂၀ ကျော်က တနေ့သားတွင် တင်ကူးရည်ရွယ်ထားဖူးခြင်းအလျဉ်းမရှိဖူးပါဘဲ ခါးမှာဝတ်လာသည့်အဝတ်ကို အပြေး အလွှား ကမန်းကတန်းချွတ်ကာ သင်္ကန်းပြေးဝတ်ခဲ့ရပုံကိုသာ တရေးရေးပြန်လည်မြင်ယောင်နေမိလေသည်။
ထိုအကြောင်းကို ပြည်ပသာသနာပြုအဖြစ် ကျနော်နေထိုင်ရာတောင်ပစိဖိတ်သမုဒ္ဒရာထဲကကျွန်းကလေးဆီ သီတင်းသုံးရန်ရောက်ရှိနေသည့် ဆရာတော်ထံလည်း လျှောက်ထားခဲ့ဖူးတာသတိရသွားသည်။
ငယ်ဆရာဘုန်းကြီးအချစ် တော် တပည့်ကျော် (ဓမ္မစရိယဆရာတော် အရှင်ဒေဝါနန္ဒ) ၏ (ဘ.မ.က- ဘုန်းတော်ကြီးမူလတန်းကျောင်း) ဘောလုံးအသင်းလက်ရွေးစင်ကျနော်သည် ငယ်ငယ်က ဗုဒ္ဓဘာသာစာမေးပွဲတိုင်းတွင် ကျောင်းတိုက်ကချီးမြှင့်သည့်ဆုများကိုတောက် လျှောက်ရခဲ့သည့်တိုင် စောစောကပြောခဲ့သည့်ဒုတိယအရွယ်ကြီးရောက်ခါမှ အရေးတကြီးလိုအပ်ချက်အရ ကျောင်းရိပ်ကန်ရိပ်သို့အားထား ပြေးခိုမိချိန်တွင် သင်္ကန်းတောင်းအစ ဩကာသကန်တော့ချိုးကိုပင် ဘယ်လိုမှစဆုံးအလွတ်မရလောက်အောင်ဖြစ်နေခဲ့ပုံလျှောက်ထားခဲ့ခြင်းဖြစ် သည်။
" လူကလဲ မည်းပိန်စုတ်ချွန်းနေတော့ ကျောင်းထိုင်ဆရာတော်ကြီးက တပည့် တော်ကို ဘာသာခြားထင်နေတာဘုရား၊ ဟဲ့ မင်းဟာက ဘုန်းကြီးဝတ်ချင်တယ်လဲပြောသေး၊ ဩကာသတောင်မရဘူးဆိုတော့ ဟုတ်တော့ဟုတ်နေပြီကွာ.. လို့မိန့်တာဘုရား၊ တပည့်တော်မှာ ဘယ်လိုမျက်နှာထားရမယ်မှန်းတောင် မသိတော့ဘူးဖြစ်တာ၊ ကျောင်းတိုက်ကမှ ကိုရင်ကြီးမစည်းပေးဖူးဆိုရင် တပည့် တော် ရှေ့ဆက်ဖို့က ခက်ပြီလေဘုရား "
အခြေအနေက လုပ်ဖော်ကိုင်ဖက်များမိစ္ဆာတွေလက်ထဲရောက်နှင့်နေပြီမို့ ကျနော်လည်း အချိန်မရွေးသူတို့သားရဲကွန်ချာထဲကျသွားနိုင်ရာ အရာရာသည် ကျနော့်အတွက် အရေးတကြီးဖြစ်နေသည်။ လက်ထဲဆောင်ထားသည့်ငွေစကြေးစလေးကလည်း ပြတ်ပြီ။ စားဖို့လည်းခက်၊ အိပ်စရာနေစရာလည်း ခက်ပြီ။ တဒင်္ဂ နားစရာ ခိုစရာ လုံ ခြုံရာပင်ရှာမရတော့ပြီ။
လွန်ခဲ့သည့်ရက်က အကြောင်းစုံမသိသေးသည့်သူငယ်ချင်းတ‌ဦးတလေအိမ်သွားပြီး ခဏတာခိုလှုံခဲ့သော်လည်း ဘာမဆိုင်ညာမဆိုင် သူတို့ကိုပါနွယ်ပြီး ချောက်ကျနိုင်သည်ကိုတွေးမိလေရာ ဘယ်သူ့ကိုမှသေဖော်မညှိချင်သူ ကျနော်အဖို့ပြေးပေါက်ပိတ်ကာ ဘာဆက်လုပ်ရမှန်းမသိတော့ချိန်လည်းဖြစ်သည်။ သို့သော် မိစ္ဆာတို့ကို ပန်းပေးလို့တော့မဖြစ်သေး။ အမိခံလိုက်လို့က မဖြစ်သေး။ ကျနော့်မှာ လွတ်မြောက်နေသေးသမျှ လုပ်နိုင်တာလုပ်ဖို့တာဝန်တွေက ရှိသေးသည်ဟု စိတ်ထဲက ခံယူထားသည်။
ကျနော်သည် ပါးစပ်ဖျားတွင် ဩကာသ သုံးကြိမ်၏ ဟိုမှာဘက်ကို တာထွက်ခက်နေသည်ဖြစ်ရာ ရင်ထဲဗလောင်ဆူနေလေပြီ။
အသံဩဇာကောင်းလှသည့်ဆရာတော်ကြီးက ရေမိုးမချိုးရသဖြင့် ချွေးစီးများနှင့် အဆီပျံနေသောကျနော်မည်းမည်းတူးတူးစုတ်ချွန်းချွန်းကိုကြည့်ကာ ခေါင်းကိုအသာခါနေ၏။ အရှင်ဒေဝါနန္ဒ၏အချစ်တော် ဗုဒ္ဓဘာသာစာပြန်ဆုရသကောင့်သား ကျနော်သည် ဩကာသသုံးကြိမ်မှအပ ဘာတခွန်းမှဆက်မရွတ်ဆိုနိုင်တော့။
" ဘုန်းကြီးဘုရား သူက ငှက်ဖျားပိုး ဦးနှောက်ထဲဝင်ထားတာမကြာသေးတော့ မှတ်ဉာဏ်တွေ မကောင်းတော့လို့ပါဘုရား။ သူ တပည့်တော်ငယ်သူငယ်ချင်းမို့ အကြောင်းစုံသိနေပါတယ်ဘုရား " မဟာဇနက ပင်လယ်ရေလှိုင်းထဲ မြှပ်ချည်ပေါ်ချည်ဖြစ်နေချိန် နတ်သမီး မေခလာကယ်သကဲ့သို့ ကျနော့်သူငယ် ချင်း မောင်ဇော် (ဦးဇင်း ဇနိတက) က ဘုန်းတော်ကြီးကို ဘေးမှ ဝင်လျှောက်ပေးလာတာ မျက်နှာအောက်ချ လက်အုပ်ချီလျက်က ကျနော်ကြားနေရသည်။
ဆရာတော်ဘုန်းကြီးဆီမှ ဘာတခုမှ မိန့်ကြားသံမကြားရ။ ရေနံကြီးဝနေသည့် ကျောင်းနံရံတဖက်ဆီမှ တိုင်ကပ် နာရီအိုကြီးသည်သာ တဂျောက်ဂျောက် တဂျက်ဂျက်နှင့် မြည်ဟိန်းနေလေသည်။ .... * ဆက်ရေးပါအုံးမယ် ... တကယ့်အဖြစ်မို့ ပြန်လဲပြောပြချင်လာလို့ပါ * ပုံမှာ လွန်ခဲ့သော အနှစ် ၂၀ ကျော်က ဦးပဏ္ဍိတ ဘွဲ့မည်ရ ကိုယ်တော်ဖြစ်ခဲ့သည့် စာရေးသူပါ။

Comments