နေသွင်နိုင်း - လေပြင်အနေအထား

လေပြင်အနေအထား
နေသွင်နိုင်း
(သစ်ခက်သံလွင်) မေ ၂၊ ၂၀၂၂

ငါးမျှားဖို့အစီအစဥ်မရှိဘူးဆိုရင်
တီကောင်ထည့်ထားတဲ့ဘူးကိုဘယ်တော့မှမဖွင့်လေနဲ့
အမှားဗေဒမှာ ကိုင်ဇာကတီကောင်ဘူးကို ပိတ်ထားခဲ့လေတယ်။

ဒီမှာလေ
ငါးလည်းမမျှားဘဲ တီကောင်ဘူးကိုဖွင့်ကြသူတွေ
စိတ်ကူးလေသားတန်ချိန်များ
ဟိုလိုလုပ်ပါလား
ဒီလိုလုပ်ပါလား
ငါလည်း မလုပ်တတ်ဘူး
ငါ့မှာရှိတဲ့ပိုက်ဆံလေးနဲ့ ဘယ်လိုလုပ်ပြီးဖြစ်မှာလဲ
ငါ့မှာ သားလည်းရှိ မယားလည်းရှိ
အကြွေးလည်းရှိ ခွေးလည်းရှိသတဲ့
လေပြင်အနေအထားမှာတော့
တိုက်ပွဲတစ်ထောင်ကျော်ဖြတ်
မာရသွန်တိုက်ပွဲ တိုက်
ဝါတာလူးမှာ နပိုလီယန်ရဲ့ နှစ်နာရီကို 
သိမ်းဝှက်ထားသလိုလို
ကွန်လုံ ဟိုက်ကမ်းဘားရက်ပေါင်းလေးဆယ်
ဆင်နွှဲခဲ့သလိုလို
သူပဲ ခေးအော့
သူပဲ ဇုစ်နတ်
တိုက်ပွဲရှောင်လက်ဖက်ရည်ခွက်ထဲ
နှုတ်ဆက်ခဲ့ပါတယ်ကောင်လေးရေ သိပ်ချစ်ခဲ့ရပါတယ်
နာစစ်ဆပ်စ်ရဲ့ နောက်ဆုံးစကားကြားခဲ့ရသလိုလို
မြေပြင်မသွား
လေပြင်မှာ သွားကြတယ်
သူတို့က နွေဦးကြောက်ရောဂါနဲ့
ဘီယာဘားမှာ ဖြစ်ဖြစ်
ငပလီကမ်းခြေမှာဖြစ်ဖြစ်
လေထဲက ငါးကိုမျှား
ဘုရားလောင်းလိုလို သူတော်ကောင်းလိုလို
အောင်မြင်တိုးတက်ရေး အချောင်သမား
ဘုရားဟောကို လက်ကမချ
ဒေးလ်ကာနယ်ဂျီလိုလို
မက်စ်ဝဲလ်လိုလို
လူလည်ဖဲသမား ဖဲကစားသလို
ဘဏ်ကတ်တွေ ကစားကြပြန်တယ်
တီကောင်ဘူးကို ဖွင့်ကြပြန်ပြီ
ပူတင်နဲ့ဂေါက်ရိုက်ဖူးသလိုလို
ဟစ်တလာနဲ့ ပန်းချီဆွဲဖူးသလိုလို
မြေ​ပြင်မှာမပျံရဲလို့ လေကိုဖမ်း ဒန်းစီးကြသူတွေ
သားကြီးရေ...အိပ်ရေးပျက်ခံ ထကြည့်မနေနဲ့
မှောက်ထားတဲ့ခွက်ထဲက နှံကောင်တွေထားခဲ့
မခုန်တော့တဲ့ဖားတွေထားခဲ့
အကောင်ကြီးလို့ နှစ်ခေါက်ပြန်လျှောက်ခံရမယ့်
ဂဏန်းတွေကိုထားခဲ့
ရဲဘော်ရေ......
ငါတို့စပါးကျီထဲ ကုတ်ခြစ်တက်လာတဲ့ဆန်ဟာ
ကျည်ဆန်ဖြစ်သွားတဲ့အကြောင်း
သွေးမရှိတဲ့သင်္ဘောအူတိုင်တွေအကြောင်း
မယုံကြည်ဖွယ်လိပ်ပြာဆွံ့အသေဆုံးသွားကြတဲ့ခြံစည်းရိုးသမားတွေကိုထားခဲ့
ချစ်ခြင်းမေတ္တာမရှိတဲ့အခါ
မီးနဲ့ဆေးကြောနေရတဲ့ကမ္ဘာ
ကိုယ့်ဓားကို စမ်း
ကိုယ့်လှံကို ထမ်းကြမယ်
ချစ်သောရဲဘော်ရေ.....
သမိုင်းကိုမျိုးစိတ်ခွဲတဲ့အခါ
နွေဦးပွဲတော်ကမ္ဘာအခြမ်းမှာ
ငါတို့လိပ်ပြာ သိပ်လှနေတော့မှာ
စစ်ပွဲတွေက သမိုင်းစာမျက်နှာဖြစ်လာပြီးနေ့
ယောက်ဖအိုးစား​ဖက်ရေ.....
စစ်မှာတမူ ငါ့နှမကိုယူပေတော့
စစ်မှာဆွေမျိုး ငါ့နှမကိုခိုးပေတော့...။။

နေသွင်နိုင်း
၂၇၄၂၀၂၂

Comments