မိုး သက် ငြိမ် ဦး - ဆု ရ တီ နွေ ဦး ရဲ့ နွေဦး

ဆု ရ တီ နွေ ဦး ရဲ့ နွေဦး
မိုး သက် ငြိမ် ဦး
(သစ်ခက်သံလွင်) ဧပြီ ၂၂၊ ၂၀၂၂

တော်လှန်ပန်းတွေပွင့်ဖူးကြတဲ့အဦးအစ
သေနတ်သံဗုံးသံညံနေတဲ့သန်းခေါင်ကျော်
ညမှာ
လှပစွာပွင့်ဖူးလာတဲ့နွေဦးသမီးငယ်

သမီးကအဖေ့ကို နွေရဲ့အပူတွေကြား
ထီးအရိပ်လိုအေးမြစေခဲ့
အဖေ့အတွက်သမီးက နွေဦးရဲ့ ဆုလာဘ်
နွေဦးရဲ့ ဆုလာဘ်သပ်ပကာတွေ
ရတီချိန်တွယ်ရယူစေကြောင်း
မျှော်လင့်ယုံကြည်စိတ်နဲ့
သမီးဟာ ဆုရတီနွေဦး ဖြစ်တည်လာခဲ့

အသင့်ထုပ်ပိုးထားတဲ့အိတ်ထဲမှာ
အဖေ့အသက်ကိုစာအုပ်ကြားထဲညှပ်ထားပြီး
သမီးနို့ဗူးကို ဝါဂွမ်းစနဲ့ပတ်ထားတယ်
အိပ်ယာနိုးရင်နားဆင်စရာ
...အရေးကြီးပြီ..သီချင်းမယ်လိုဒီကို 
ထည့်သိမ်းထားတယ်
ဒို့အရေး..ဒို့အရေးကို လက်သီးဆုပ်ပြီး
အော်တတ်အောင် သင်ပေးထားတယ်

ည ည ခွေးတွေအူကြရင် 
သမီးလန့်နိုးမသွားရအောင် 
ကြွေးကြော်သံ အနှီးစနဲ့ 
သမီးတစ်ကိုယ်လုံးပတ်အုပ်ထားတယ်
ယုံကြည်ချက်မီးအိမ်ကို
တစ်ညလုံးထွန်းထားတယ်
ခွေးတွေအိမ်တံခါးအတင်းဖျက်ဝင်လာခဲ့ရင်
အသေခံတိုက်ဖို့ဓားသွေးထားတယ်

စစ်အာဏာရှင် အလိုမရှိ စစ်အာဏာရှင်အလိုမရှိ
ဘဝဂ်တိုင်တဲ့အသံတွေ
သမီးနားထဲဆူညံနေလိမ့်မယ်
အနီရောင်ရဲရဲ တော်လှန်ဆဲအရောင်တွေ
သမီးအမြင်မှာ စွဲထင်နေလိမ့်မယ်
နိုင်ငံသစ်တစ်ခုရဲ့နိဒါန်းရင်ခုန်သံတွေ
သမီးရင်မှာ လှိုင်းထန်နေလိမ့်မယ်
ပေးဆပ်စွန့်လွှတ်ခဲ့ရသူတို့ရဲ့
အာဇာနည်ဝိဉာဥ်တွေ သမီးအပါးမှာ
ပွတ်သပ်ချော့မြှူနေလိမ့်မယ်

အချိန်တစ်ခုစောင့်ရတာကလွဲလို့
ဓမ္မနဲ့အဓမ္မအားပြိုင်တဲ့အခါ
အဓမ္မက အနိုင်ရရိုးထုံးစံမရှိဘူးသမီး

ဒီနွေဦးဟာ အာဏာရူးကိုအလဲထိုးမယ့်နွေဦး
ဒီနွေဦးဟာအာဏာရှင်ကိုသင်းကွပ်မယ့်နွေဦး
ဒီနွေဦးဟာအာဏာသူခိုးကိုငရဲပို့မယ့်နွေဦး
ဒီနွေဦးဟာဓမ္မဘက်တော်သားတို့ရဲ့နွေဦး

ဒီနွေဦးဟာ  ဆုရတီနွေဦး ရဲ့ နွေဦးပါပဲ ။


Comments