မောင်ရဲနွေ(ပလိပ်) - ချိုးဖြူဖြူငှက်ငယ်လေး ပျံသန်းနေဆဲ......


Image- Crd
ချိုးဖြူဖြူငှက်ငယ်လေး ပျံသန်းနေဆဲ......
မောင်ရဲနွေ(ပလိပ်)
(သစ်ခက်သံလွင်) ဧပြီ ၁၂၊ ၂၀၂၂

ကျွန်တော် ချိုးဖြူငှက်ငယ်လေးတကောင်ပါ။ ကျွန်တော် ပျံသန်းနေရတုန်းပါပဲ။
ဘယ်လောက် ဘယ်အချိန်အထိပျံသန်းနေရမှာလဲဆိုတာမပြောတတ်။ ဘယ်သူမှ တတ်အပ်မသိနိုင်။ ဘယ်သူမှ လမ်းပြမြေပုံမလုပ်နိုင်။ ဘယ်သူမှမဆုံးဖြတ်နိုင်။ ခြေညောင်းလည်း ပျံသန်း၊ အတောင် ညောင်းလည်း ပျံသန်း၊ အနိမ့်ဆုံးအထိ ပျံသန်းရသလို အမြင့်ဆုံးအထိလည်း မကြောက်မရွံ့ပျံသန်း။ မောပန်းလည်း ပျံသန်း၊ သံလွင်ခက်လေး ပြုတ်မကျအောင်ပျံသန်း။ ကြေကွဲစရာပါပဲ။ 

ဟိုတုန်းကတော့ တောတောင်တွေထဲမှာ ပျံသန်းခဲ့ရတယ်။ မျှော်လင့်ခြင်းအလင်းရောင်အတွက်ပေါ့။ ပျံရင်းသန်းရင်းနဲ့ မျှော်လင့်ခြင်းတွေ စောင့်စားခဲ့ရတယ်။ အိမ်ဆာနေတဲ့ ရှင်သန်မှုတွေ၊ အိမ်ဆာနေတဲ့အသက်ရူသံတွေ ရပ်တန့်မသွားရအောင်။ ကိုယ့်လယ် ကိုယ့်ယာ ကိုယ့်ရွာ ကိုယ့်အိမ် ရှင်သန်ခြင်း။ ကိုယ့်ကျောင်း ကိုယ့်မြေ ထွန်ယက်စိုက်ပျိုးရမယ်လေ။ အခုလည်း တောတောင်တွေထဲကနေ မြို့ပြအလယ်မှာ ပျံသန်းနေရပြန်ရော။ တောတွေတောင်တွေထဲကနေ မြို့ပြမှာ ပျံသန်းရလိမ့်မယ်လို့တွေးထင်ခဲ့တာမျိုး မရှိခဲ့။ တောတောင်ထဲမှာတော့ လေကောင်းလေသန့်ရှူရှိုက်ရင်း ပျံသန်းခဲ့ရပေမယ် မြို့ပြမှာတော့ မသန့်ရှင်းတဲ့လေတွေကိုရှူရှိုက်ရင်း ပျံသန်းရပြန်ရော။ ပြီးတော့ တောတောင်ထဲမှာ ပျံသန်းရတာထက် မြို့ပြမှာပျံသန်းရတာ အလုပ်တခု ပိုတယ်။သံလွင်ခက်ကိုကိုက်ရင်း ပိုလုံခြုံမှာလားဆိုတဲ့အသိနဲ့ အလံဖြူထောင်ရင်း ပျံသန်းရပြန်ရော။ ဒါကရော အလုပ်ဖြစ်ရဲ့လား မတွေးတတ်တော့။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အလုပ်က ပျံသန်းခြင်းပါပဲ။ သေချာတာတခုကတော့ ကျွန်​တော့်မှာ မွေးရာပါအခွင့်အရေးတွေ ဆုံးရှုံးနေရတယ်။

ကျွန်တော် ဆက်ပျံသန်းနေရဦးမှာလား။ ပျံ ပျံ လွတ်လွတ်လပ်လပ် ပျံ။ သံလွင်ခက်လေးကိုက်ချီရင်း ပျံ။ အလံဖြူထောင်ရင်း ပျံ။ 
အသက်ရှူသံတွေအားလုံး ကောင်းသောနိုးထခြင်းတွေရတဲ့အထိ ပျံ။ ငြိမ်းငြိမ်းချမ်းချမ်းသီးပွင့်ရတဲ့အထိ ပျံ။
ပျံ ပျံ ပျံ။ ပျံ ပျံ ပျံ။ ပျံ ပျံ ပျံ။ မြန်မြန် ပျံ။ အမြင့်ဆုံးအထိ ပျံ။
တောင်ကို ထိုးဖောက် ပျံ။ တိမ်ကို ထိုးဖောက် ပျံ။ ကောင်းသောပျံသန်းခြင်း။ 
ပျံ ပျံ ပျံ။
အဆုံးစွန်အထိ ပျံသန်းနေရဦးမယ်လေ။

မောင်ရဲနွေ(ပလိပ်)
7.6.21

Comments