မိုးမြင့်ယံ - အလင်းသစ် ၂၀၂၂

 

အလင်းသစ် ၂၀၂၂ 
မိုးမြင့်ယံ
(သစ်ခက်သံလွင်) ဇန်နဝါရီ ၉၊ ၂၀၂၂

စိတ်ရဲ့ စီးမျောမှုတို့သည် နာကျင်ကျွမ်းမြ လှပစွာကွဲကြေရင်း နှစ်သစ်ကို အစပြုခဲ့လေပြီ ။

ထိုသို့ နှစ်သစ်တခု၏ လင်းမြဖြာဝေခြင်း၌ မော်ကွန်းတင်ခဲ့​လေ​သော ရဲရင့် ကြယ်တို့ရဲ့ ကောင်းကင်​တော် မျက် နှာကြက်သည်  တိုးတိတ်လှပစွာ ဖြာ​ဝေလင်းလက်တောက်ပ အေးငြိမ်းစွာ စီးမျောရင်း နဲ့ ကမ္ဘာမြေကို အားအင်တခု ထုဆစ်ပေးနေသလိုပင် ။

နှစ်သစ်တခု၏ အစပြုခြင်းသည် တိုက်ဆိုင်စွာပင် နတ်တော်လရဲ့ နောက်ဆုံး လကွယ်နေ့ တခုဖြစ်နေပြန်သည် ။

နယ်မြို့လေးတို့၏ ထုံးစံအတိုင်း နှင်းတို့သည် ပြာလဲ့မှုန်ရီစွာ လမိုက်ည ရဲ့ ကြယ်ရောင်တွေ အောက်မှာ အေးမြစွာ လွင့်ဝဲဖြာကျလျက် ရှိနေသည် ။

၂၀၂၁ ခုနှစ် မနှစ်က ဒီနယ်မြို့လေးသို့ ကျွန်တော် ရော်ရွက်ဝါတချပ်လို့လွင့်စင်လာပြီး ၁၅ ရက်မြောက်နေ့ အရောက် ဖေဖော်ရီ ၁ ရက်နေ့ ၌ လင်းပွင့်မှုတွေအားလုံး သည် ယခုလို လမိုက်ညကဲ့သို့ ပိန်းပိတ် မှောင်မဲသွားရလေအောင် နိုင်ငံတော် နှင့် ပြည်သူလူထုသည် စနစ်တကျ မိစ္ဆာတစု၏ အကောက်ကြံမှု အောက်သို့ ကျရောက်ခဲ့ရပေသည်လေ ။
ပြတင်းပေါက်မှတဆင့် တိုး​ဝှေ့ဝင်​ရောက်လာသော ဆောင်းညလေညင်းသည် စိမ့်အေးချမ်းမြလွန်းလှပေသည်။ 

အခန်းထဲ၌ ညအိပ်မီး၏ အလင်းရောင်လေးသည် စူးကျဖြာနေပေမဲ့ ပြတင်းပေါက်လေးမှ တဆင့် လှမ်းမျှော် ကြည့်မိသောအခါ လောကဓာတ်တခုလုံးသည် ပိုး ပုရစ်အော်သံတို့မှအပ တိတ်ဆိတ်မှောင်မိုက် လွန်းလှပေသည် ။

နယ်မြို့လေးများ၏ ထုံးစံအတိုင်း ညဆို စောစောအိပ်ရာဝင်ကြပေသည်ပဲလေ ။
ကျွန်တော်တယောက်သာ ထိုနယ်မြို့လေး ကို ရောက်စနေ့မှ စ၍ ယနေ့အချိန်ထိ စာရေး ခြင်း စာဖတ်ခြင်း အမှုတို့ကို တစိုက်မက်မက်ပြုလုပ်လျက် ည နက်နက်တွေထဲ ၌ အိပ်စက်မပျော်နိုင်စွာ လွန့်လူး နိုးထနေတတ်စမြဲပင်ဖြစ်သည် ။

လမိုက်ည ဖြစ်ပေသောကြောင့်လား မသိ ကျွန်တော် မျှော်မော့​ငေးကြည့်မိ​သော ကောင်းကင်ယံထက်မှာ ကြယ်ကလေးများ၏ လင်းလက်တောက်ပမှု အားသည် ယခင်ညများကထက် ပိုမို လင်းလက်တောက်ပနေကြသည်ဟု စိတ်အတွေးမှာ ထင်နေမိသည် ။

၂၀၂၁ နှစ်တ နှစ်လုံးသည် ပြည်သူလူထုတရပ်လုံး၏ရင်နှလုံးကို ကြိမ်မီးအုံးသကဲ့သို့ ပူပြင်းလောင်မြှိုက်ခြင်းတို့ဖြင့် တိုက်စားခဲ့သောနှစ်တခုပင် ဖြစ်ပေသည်။

နှစ်သစ်တခု အစပြုခြင်းမှာမှ ကျွန်တော်သည် နှစ်ဟောင်းတခုအား မျှော်မောကြည့်မိပြန်သည် ။

ထိုအခါ ရင်သည် တစစ်စစ်နှင့်နာကျင်ကြွမ်းမြေ့ပူလောင်စွာ နွေဦးတော်လှန်ရေးအတွင်း ရဲရင့်စွာကြွေလွင့်သွားကြရှာလေသောလူငယ်များ၊ အနုပညာရှင်များ၊ ကျွန်တော်ချစ်ရ​သောကဗျာများ အရာရာအားလုံးသည် ပုံပြင်တပုဒ်ဝတ္ထုတအုပ်မဟုတ်ခဲ့လေသော ကျွန်တော့်ရင်ထဲက အာဇာနည်သူရဲကောင်းတို့အား ရင်နှလုံးသားထဲမှ တိုးတိတ်စွာ ဂုဏ်ပြုနေမိသည်။
ထိုပြင် လေးဘက်လေးတန် နရသိန်အတွင်း၌ မတရားအဖမ်းဆီးခံ အပြစ်မဲ့ ပြည်သူများ ကျောင်းသားများနှင့် အနုပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များအတွက်လည်း အမြန်ပြန်လည်လွတ်မြောက်စေလိုသောစိတ်ဖြစ်စဉ်သည်လည်း ရံခါမလပ် ဖြစ်ပေါ်နေသည်ပဲလေ ။

ကူးခတ်ရုန်းကန်ရင်း ရေဆန်ပြန်ခဲ့သောငါးများ၊ မိုင်ထောင်ချီ ခရီးနှင်းရင်း လေဟုန်ခွင်း ၍ ပျံသန်းလာကြ​သော ကြိုးကြာငှက်များ၊ လင်းယုန် ငှက်လိုစူးရှထက်မြသော ..... ဖီးနစ်ငှက်လို မီးတောက်မီးလျှံကြားမှ ပျံသန်းလာမည့်လူငယ်တွေရဲ့ ရဲရင့်မှုအားအင်တခုကို ကျွန်တော်သည် ဟိုး ရင်ဘတ်အတွင်းနက်နက် တနေ ရာမှ ရင့်ရင့် ရဲရဲ ယုံကြည်မိနေပါသည် ။

# ကြွကြွရွရွ 2022 #

အသစ်တွေကို ဆာလောင်တောင်းတရင်း
ဟောင်းနွမ်းနေ့ရက်တွေကို ကျောခိုင်းလို့.
ဟိုးခပ်ဝေးဝေး က 
တယောသံလေးကို နားစွင့်လျှက်သာ
ပြက္ခဒိန် အဟောင်းထဲက
လွင့်ဝေးကျန်ရစ် ကြယ်ကြွေ​တွေအစား
ရှိသမျှအားတွေနဲ့ ထတောက်မဲ့
ပြာသိုလ ရဲ့ မီးညွန့်မီးတောက်လေးတခုဟာ
အရာရာကို ဖက်ပြိုင်အံခဲရင်းနဲ့
ဒီတဖက်ကမ်းကို လှလှပပလေး
ခုန်ကူးခဲ့ပြီလေ .......  ။

                                         မိုးမြင့်ယံ
                                  1 . Jan . 2022

ကုန်လွန်ခဲ့သော နှစ်တို့၏ အမှောင်ဖုံးခဲ့​သော နေ့ရက်တို့သည် မကြာမီမှာပင် ချုပ်ငြိမ်း​ပျောက်ကွယ်​ ပေတော့မည် ။

စိတ်အတွေး ၌ ကျွန်တော်သည် အောင်လံတော်တလွင့်လွင့် နှင့်အတူ လူငယ်တွေ၏ ရဲရင့်အားမာန်တို့ဖြင့် ပြန်လည်ဆောင်ကြဉ်းလာသော နိုင်ငံတော်အသစ်တခုကို အလင်းသစ် ၂၀၂၂ မှာ တွေ့မြင်နေရဘိသကဲ့သို့ နှစ်ထောင်းအားရ ရှိလှ​ပေသည် ။

                                                 မိုးမြင့်ယံ
                                             5 . Jan . 2022

Comments