စကားပြောခန်းမပါတဲ့ ငြိမ်းချမ်းရေးဝတ္ထု
ခင်လွန်း
(သစ်ခက်သံလွင်) မတ် ၂၀၊ ၂၀၂၂
စာဖတ်သူများသို့..
ရေးထားတာက ကြာပါပြီ။ ပြည်ပမှာ ထုတ်ဝေနေတဲ့ ဂျာနယ်တခု အတွက် ရေးခဲ့တာပါ။ အခြေအနေ အရပ်ရပ်နဲ့ ဘလော့ပေါ် တင်ဖို့ နောက်ကျခဲ့တာကို နားလည်ပေး စေချင်ပါတယ်။ တချို့ အကျအ ပေါက်လေးတွေ နည်းနည်းတို့ထိ ပြင်ဆင်ထားတဲ့အတွက် ဂျာနယ်မှာပါတဲ့ မူနဲ့ ကွဲလွဲပါလိမ့်မယ်လို့ ပြောပါရစေ။
အားလုံးကို ကျေးဇူးတင်ပါတယ်
စာရေးသူ
TUESDAY, MARCH 9, 2010
မူရင်းဘလော့- https://thitkhetthanlwin.blogspot.com/2010/03/blog-post.html
-
ဟူးခနဲမြည်အောင်ကို သက်ပြင်းမောကြီး မှုတ်ထုတ်လိုက်မိတယ်။ သွားပြီ မမီတော့ဘူး။
ငါ့ကိုက ညံံ့လွန်းချာလွန်းပါတယ်လေလို့လဲ ကိုယ့်ကိုယ်ကိုယ်ပဲ သတ္တုချလိုက်ရတာပေါ့။ ရက် သိပြီး သားပေမယ့် ပြက္ခဒိန်ဆီ အကြည့်ရောက်တယ်။ ၁၈ - ရက်။ ၁၅ - ရက်ဖြစ်လိုက်ပါတော့လား။ ၈- ကို အမြီးရှည်ရှည် အကောက်လေးထည့်လိုက်ရင် ၁၅ - ရက် ဖြစ်သွားမှာ။ ဒါပေမယ့် သူချိန်းထားတဲ့ ၁၅-ရက် ကတော့ ပြန်ဖြစ်မလာတော့ပါဘူး။ ၃ - ရက်လွန်ခဲ့ပြီ။
ဝတ္ထုတိုကောင်းကောင်းလေးတပုဒ်လောက် ချီးမြှင့်ပါဗျို့။ “ကောင်းကောင်းလေး”တဲ့။ “ချီးမြှင့်” ပါတဲ့။ ငါ့နဲ့။ သူကတော့ တလေးတစားပါပဲ။ အယ်ဒီတာလဲ အယ်ဒီတာ၊ ကိုယ်တိုင်လဲ စာရေးကောင်း၊ သူ့လို စာရေးဆရာအယ်ဒီတာဆီက စာမူပေးဖို့တောင်းလာတဲ့စာပါ။ “ချီးမြှင့်” ပါဆိုတဲ့စကားက အယ်ဒီတာ တွေသုံးရိုးသုံးစဉ်လို့ ပြောနိုင်ကောင်းပေမယ့် “ကောင်းကောင်းလေး” ဆိုတဲ့ စကားအသုံးအနှုန်းက ကိုယ့်ကို တာဝန်ကြီးသွားတာပေါ့နော။ စာတပုဒ် “ကောင်းကောင်းလေး” တိတိကျကျပြောရရင် “ ဝတ္ထု တိုတပုဒ် ကောင်းကောင်းလေး” ဖြစ်ဖို့က တော်တော်ဒုလ္လဘဆန်တာပဲ။ ငါလိုကောင်ကရော တကယ် “ကောင်းကောင်းလေး” ရေးတတ်ပါရဲ့လား။ အလဲ့.. ဘယ်ဆိုးမလဲ။ ငါ့ဆီက “ကောင်း ကောင်းလေး” ရနိုင်မယ်လို့မျှော်လင့်တာကိုက ကိုယ့်ကိုယ်ကိုယ် ဘဝင်ကျစရာ အထင်ကြီးစရာ လို့တွေးရင်ရော မရ တတ်လား။
ဒါပေမယ့် ဒီအတွေးက သက်ဆိုးမရှည်ဘူး၊ ခဏလေးပဲ ရပ်သွားတယ်။ “ကောင်းကောင်းလေး” ဖြစ်ဖို့ အသာထား။ ဒီမှာ ဝတ္ထုတိုတပုဒ် ရေးလို့မရဘူး ဖြစ်နေတယ်။ ဒါလဲ မဟုတ်သေးဘူး။ ရေးလက်စ အ တိုလေးသုံးပုဒ်ရှိတယ်။ ရေးချင်နေတာလဲ သုံးပုဒ်မကရှိတယ်။ ရေးလက်စကို အနားလုံး (အချောကိုင် ပြီး) ပို့လိုက်ရင်ရော။ ဒါဆို စာမူပို့ဖို့ (၁၅- ရက်နေ့နောက်ဆုံးထား ချီးမြှင့်ပါ) ရက်သတ်ထားတာကို မီ မှာ။ ခက်တာက ဒီသုံးပုဒ်လုံးနဲ့ သူတို့ဂျာနယ်က သိပ် ဟာမိုနီမဖြစ်ဘူး။ အတိုလို့ဆိုပေမယ့် ကိုယ့်စာက စပေ့ (Space) နဲနဲများနေတယ်၊ ရှည်နေတယ်။ အကြောင်းအရာပိုင်းလဲ ပါတာပေါ့။ ချုံ့လိုက်ရင်လဲ ဝန် မင်းပုဆိုး ကြွက်ကိုက်ထားသလို ဖြစ်သွားလိမ့်မယ်၊ မမိုက်ဘူး။
ဒါနဲ့ပဲ ခေါင်းထဲမှာ အပြင်ထွက်ချင်လို့ကဆုန်ပေါက်နေတဲ့ အမီနာကျီ့အကြောင်း ရေးရကောင်း မလား စိတ်ကူးမိတယ်။ ရန်ကုန်ဆင်ခြေဖုံးက နို့ကုလားမတယောက်အကြောင်း။ စတီးရောင်ပြေးေနေတဲ့ နို့ ပုန်းတွေကိုခေါင်းပေါ်ရွက်ပြီး ရန်ကုန်မြို့ လေဟာပြင်စျေးနားက နို့စျေးကို နေ့စဉ်နို့ပို့နေတဲ့ မြန်မာပြည် ပေါက် အိန္ဒိယသူပေါ့။ နားပေါက်အကျယ်ကြီးမှာ ကြေးကွင်းကြီးတွေတဖက်တချက်နဲ့။ နှာသီးဖျားမှာလဲ အပေါက်ဖောက်ပြီး နားမှာပန်သလို ကျောက်နီနှာကပ်ပန်လို့။ အဲဒါကို ဘာခေါ် လဲမသိဘူး။ (ရေးသာ ရေးချင် မလေ့လာမိခဲ့)။ ထားပါတော့၊ နားမှာကပ်ပန်ထားတာကို နားကပ် လို့ခေါ်ရင် နှာခေါင်းမှာ အပေါက်ဖောက်ကပ်ထားတဲ့ဟာကို နှာကပ်လို့ပဲ ရေးမယ်။
အဲဒီ့အမီနာကျီက စာဖတ်တယ်။ ပေါ့ပေါ့တော့မထင်နဲ့။ မောင်စိန်ဝင်း (ပုတီးကုန်း) တို့၊ နွမ်ဂျာသိုင်းတို့၊ ငြိမ်းကျော်တို့ကိုမှ ဖတ်တာ။ ဖတ်တာမှ နွားကျောင်းရင်းနဲ့ဖတ်တာ။ နွားတွေကိုစားကျက်ထဲမှာ လှန် ထားပြီး သူက နေရိပ်ကောင်းကောင်းလေးမှာ အမှီရှာပြီး ဝတ္ထုဖတ်တော့တာ။ ဗမာစာ ဘယ်နှတန်း တတ်တယ်မသိဘူး။ သူ့လက်ထဲမှာ ဝတ္ထုစာအုပ်ကတော့ ပြတ်တယ်ကိုမရှိတာ။
ညနေညနေ နွားသွင်းချိန်ရောက်ရင် အမီနာကျီ့ခြေလှမ်းက စားကျက်ထဲက စပိုးနင့်ပြီးပြန်လာတဲ့ သူ နွားအုပ်လိုပဲ ခြေလှမ်းတွေ လေးတိလေးကန်နဲ့။ သူကတော့ အစာဝ (အဲလေ) တခုခုစားလာလို့တော့ မဟုတ်ဘူး။ မော့လာလို့။ မောလာလို့မဟုတ်ဘူးနော်။ မော့လာလို့။ သူနွားကျောင်းရင် ယူယူသွား တတ်တဲ့ လွယ်အိတ်ထဲမှာက ငုံဖို့ကွမ်း၊ သောက်ဖို့ရေဗူး၊ ဝတ္ထုစာအုပ်နဲ့ ပုလင်းပြားလေးတပြားဗျ။ ကွမ်းလေးငုံ၊ ဝတ္ထုလေးဖတ်ပြီး ညနေစောင်းလို့ နွားတွေ စားကျက်ထဲက ခေါင်းတမော့မော့ဖြစ်လာပြီ တောင်တောင်အီအီတွေ (အစာဝတော့ ဘာဖြစ်တယ်ဆိုလားဗျာ) ဖြစ်လာပြီဆိုရင် သူကလဲ ချိန်သား ကိုက် ပုလင်းပြားလေးကို ဖွင့်ပြီ။ အရက်တကျိုက်၊ ရေတကျိုက်။ နွားတွေချည်တိုင်ပြန်ပြီဆိုမှဖြင့် အမီ နာကျီ့ခြေလှမ်းကလဲ ဟိုလူ့ဝင်တိုက်တော့မလို၊ ဒီလူ့ ဝင်တိုက်တော့မလို ဒယီးဒယိုင်။ တနေကုန် နွား စားကျက်ထဲ မပြောခဲ့ရတဲ့ ပါးစပ်ကလဲ ဘာတွေပြောလာဆိုလာသလဲ မသိ။ ဆဲတာလား ဆိုတာလား မကွဲဘူး။ ဆို တယ်ဆိုတာ သီချင်းကိုပြောတာ၊ ဗမာသီချင်းလား၊ ကုလားသီချင်းလား လေလုံးက မကွဲ တော့ဘူး။
အမီနာကျီဘာကြောင့်အရက်သောက်တာလဲဆိုတော့ ကိုယ်လဲမသိဘူး။ ကုလားမတယောက်မို့ပါလို့ ပြောရင် ကိုယ်တို့လမ်းထိပ်က ပန်းရောင်းတဲ့ ဒေါ်လှမြင့်ကြီးလဲ အရက်သောက်တာပဲ။ ကုလားမတွေ ဗမာမတွေနဲ့တော့ အရက်သောက်တာမဆိုင်ဘူး ထင်တာပဲ။
ဒေါ်လှမြင့်ကြီး ထွေလာမူးလာပြီလားဆို ရင် …
“ငါ _ ီး တဲ့ မှ ပဲ” ဆိုတဲ့
သူ့မရှိတဲ့ဟာနဲ့ တိုင်းထွာဆဲတော့တာမှ မိုးမွှန်နေရောပဲ။ အမီနာကျီ ကတော့ ဆဲတာလား ဆိုတာလား ဆိုတာကို ကိုယ်လဲမသိဘူး။
ကိုင်း အမီနာကျီ့အကြောင်း ဘယ်လောက်ရေးဖို့ကောင်းသလဲ။ ခေါင်းထဲမှာ စီထားပြီးသား။ ဟို ရေး လက်စ သုံးပုဒ်ကိုလှည့်မကိုင်သေးဘဲ အမီနာကျီ့အကြောင်းရေးလိုက်ရင် မကောင်းဘူးလား။ ၁၅ ရက် နေ့မီအောင် ဝေါခနဲရေသွန်လိုက်သလို ချရေးလိုက်ရင် ရမှာ။
ဒါပေမယ့် သူတို့ဂျာနယ်နဲ့က မကိုက်ပြန်ဘူးထင်တယ်။ ပြီးတော့ အမီနာကျီအကြောင်းက ဟိုး လွန်ခဲ့ တဲ့ အနှစ် ၂ဝ- အစိတ်က။ ခုနေပြန်ကြည့်ရင် ဝတ္ထုတော့ဖြစ်ကောင်းဖြစ်မယ်။ အယ်ဒီတာမင်းပြော တဲ့ “ကောင်းကောင်းလေး”တော့ ဖြစ်မှာမဟုတ်ဘူး။ ကိုယ်တွေဘက်ကတော့ ရေးရင်ကောင်းမှာပဲ ဆိုပြီး ရေးကြတာပါပဲ။ ကောင်းခြင်းမကောင်းခြင်းဆိုတာကတော့ စာဖတ်သူရဲ့မနှောနဲ့“ဟပ်မိ”မှ ဖြစ်ရတာ မျိုး မဟုတ်လား။ နောက်ပြီး ကိုယ်စဉ်းစားမိတာက လတ်တလောကိုယ်နေနေရတဲ့ ဘဝပတ်ဝန်းကျင် အငွေ့ အသက်ကိုရေးတာကမှ ပိုကောင်းမလားထင်မိတယ်။ လက်ရှိကိုယ့်ဘဝက တောကြီးမျက်မည်း ထဲရောက်နေရတဲ့ ဒုက္ခသည်တယောက်လေ။ အဲဒီ့အကြောင်းတွေရေးရင် ပိုကောင်းမှာပေါ့။ တာဝန် လဲ ရှိတယ်လေ။ စာရေးသမားဆိုတာ ကိုယ်နေတဲ့ဘဝဝန်းကျင်ကို ထပ်ဟပ်ရိုက်ခတ်နိုင်မယ်ဆိုတယ် မဟုတ်လား။
ဟုတ်တယ်။ ဒုက္ခသည်စခန်းထဲက ဘဝပုံရိပ်တွေလဲ ကိုယ့်မှာရေးချင်တာတွေအများကြီး။ ရေးဖို့ မောင်းတင်ထားတာတွေမှ တကယ့်ကို အများကြီးပဲ။ ဒီက ဘဝတွေလဲ စာဖတ်သူတွေ သိစေချင် တယ်။ ကိုယ်တို့တတွေဟာ ဘဝတလျှောက်လုံး ဘယ်စဉ်ကမှ သဲ့သဲ့လေးတောင် မစဉ်းစားဘူးတဲ့ “ဒုက္ခသည်” ဆိုတဲ့ဘဝကို ရောက်နေတာရတာကလား။ ရိုးရိုးပဲ စဉ်းစားကြည့်ပေါ့။ ကျနော်ကြီးလာ ရင် ဒုက္ခသည်လုပ် စားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘယ်သူမှ စာစီစာကုံးတပုဒ် ရေးခဲ့ဖူးမယ် မထင် ပါဘူး။ ခက်တာက ခုပြန်ကြည့်တော့ ဒို့ ဒုက္ခသည် သွားလုပ်ကြမယ်၊ ဒါမှ အမေရိကားတို့ ဘာတို့ ရောက်မှာဆိုတဲ့ မျှော်မှန်း ချက်နဲ့ လာတဲ့လူတွေလဲ တွေ့လာရတော့ ပြောရခက်ကြီးပဲ။ ဒုက္ခသည် လာလုပ်ဖို့ ငွေပုံငွေရင်းနဲ့လာတဲ့ လူတွေ ရှိလာသဗျ။ တချို့ ကိုယ်တို့ဆီမှာ ဒုက္ခသည်လာလုပ်တဲ့ လူ တွေကိုကြည့်လိုက်ရင် မိုးကြိုးပစ်ရ ပါစေရဲ့ ဒုက္ခသည်ပါဗျလို့ ကြိမ်ပြောရမလောက်ပဲ။ ကြေးရတတ် တွေ၊ လူကုံထံတွေ၊ ပညာတတ်လေးတွေ၊ ရွှေ တွဲလွဲ ငွေတွဲလွဲ။ တချို့ ငွေစက္ကူအစိမ်းတွေဘာတွေ ကိုင်ပြီးသုံးနိုင်တဲ့လူတွေ။ ဝတ်ပုံစားပုံ တွေကလဲ မခေကြပါခင်ဗျ။ စကပ်ပေါင်တိုအကွဲ၊ ဘောင်းဘီ ထည်လဲ၊ ဘွတ်တွေ ရွှတ်တွေအမျိုးမျိုး။ လူ ဒီဇိုင်းမျိုးစုံ အရွယ်ကလဲ မျိုးစုံပဲကိုဗျာ။ ဒုက္ခသည်စခန်းထဲ မှာ သူတို့က ကိုယ်ပိုင်ကွန်ပျူတာ လက်ပတော့တွေ နုတ်ဘုတ်တွေ ကိုယ်စီကိုယ်စီနဲ့။ ဇာတ်လမ်း သဘောနဲ့ပြောရရင် တောခန်းတောင်ခန်းထဲ ရောက်နေတာတောင် ကိုယ်ရောင် ကိုယ်ဝါတွေက တ ညီးညီး တဝင်းဝင်းနဲ့ပါ။
ဆိုတော့ နှစ်ပိုင်းခွဲပြောရမယ်ထင်တယ်။ ဒုက္ခသည် တကယ်ဖြစ်ရမှာမို့ ဖြစ်လာတာရယ်၊ ဒုက္ခသည် ဖြစ်ချင်လွန်းလို့ ဒုက္ခရှိရာနေရာကို တမင်ဒုက္ခရှာလာတဲ့သူရယ်လို့။ ဒီနှစ်ခုပေါ့နော။ ဒီလို အတန်းအ စား နှစ်ခုခွဲကွဲတယ်။ ဒါတွေကို ကိုယ်စာရေးချင်တယ်။ ရေးလို့ကိုမဆုံးနိုင်အောင် ရေးချင်စရာတွေပဲ။ ဘယ်လိုပဲဆိုစေ လူတွေစုဝေးနေရင် လူ့အဖွဲ့အစည်းတရပ်ဖြစ်လာတယ်။
လူအဖွဲ့အစည်းဆိုတာတိုင်းမှာ လူမှုပဋိပက္ခတွေမကင်းဘူး။ မတူညီတဲ့ အတန်းအစားနှစ်ခုကြောင့် ပြ ဿနာတွေရှိနိုင်သလို အတန်းအစားတခုချင်းမှာလဲ လူမှုပဋိပက္ခတွေဆိုတာ ရှိတာပဲ။ အစုလိုက်အ ဖွဲ့လိုက် ပြဿနာကြီးငယ်ရှိသလို တဦးချင်းတမိသားစုချင်းဆီမှာလဲ ပြဿနာရှိတာပဲ။ ပြီးတော့ သူတို့ တွေ ဘာလို့ဒုက္ခသည်ဖြစ်လာကြရတာလဲ။ ပြဿနာ အများကြီးရှိတယ်။ ပြောစရာတွေအများကြီး။ ဆုံး နိုင်မယ်တောင်မထင်ဘူး။
ဆိုတော့ ဒုက္ခသည်စခန်းအကြောင်းပဲပြောကြမယ်။ စခန်းထဲမှာလဲ ပြဿနာတွေရှိတာပေါ့။ အဓိကအ ကျဆုံး အခြေခံပြဿနာကတော့ စား၊ ဝတ်၊ နေရေး ပြဿနာ။ ဒါ အဓိက အကျဆုံး။
ကြည့်၊ ကိုယ်ဆိုရင်ပဲ သက်ဆိုင်ရာကနေရာချထားပေးတဲ့ အိမ်ကလေးက (တကယ်တော့ တဲအိမ် လေးပါ) ယိုင်ရွဲ့နေပြီ။ ဘေးကိုစောင်းပြီး ရှေ့ကိုငိုက်ကျနေပြီ။ ဒါက တဲရှေ့က အမြင်။ နောက်ဘက် ကကြည့်ရင် နောက်ဖေးအဖီက ပယ်တယ်တယ်ဖြစ်နေပြီ။ ပြိုကျလုကျခင်ပဲ။ မဖြစ်ခံမလားဗျာ။ တနှစ် နေရမယ့် တဲကို သုံးနှစ်သုံးမိုးမက နေနေရတာမဟုတ်လား။ ခေါင်ယိုရင် ခေါင်တက်ဖာ၊ တိုင်ဆွေးရင် တိုင် ဆွွေးနဲ့ပြန်ဆက်။ ကြမ်းကျိုးရင် ရှိတာနဲ့စပ်။ ဒီလိုစခန်းသွားနေရတာမဟုတ်လား။ ကိုယ့်အိမ်ဆို တိုင်ခြေတွေအားလုံးပြတ်ပြီး မြေကြီးပေါ်တင်ရုံလေး တင်နေတော့တာ။ အိမ်ပေါ်တက်လိုက်လို့ များဖြင့် ငြိမ့်ခနဲ သိမ့်ခနဲ။
ယူအဲန်အိပ်ချ်စီအာရ်လို့ခေါ်တဲ့ ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ကြီးမှာက ရန်ပုံငွေ ပြတ်နေပြီ တဲ့။ ဒုက္ခသည်စခန်းမှာက ဒုက္ခသည်တွေ တနေ့တခြား တိုးတိုးလာ။ ကိုယ်တို့ဆို ပြီးခဲ့တဲ့ မိုးဦးအစမှာ အိမ်ပြန်ဆောက်ဖို့ဆိုပြီး ယူကလစ်တိုင် နှစ်တိုင်၊ အင်ဖက်မိုးက (၁ဝဝ) လား၊ (၁၅ဝ) လား၊ ပြီးတော့ ဝါးက အလုံး (၄ဝ-၅ဝ) ယူအဲန်က ပေးတယ်။
အိမ်တအိမ်လုံးက ပစ်ရနေပြီ။ ဒါနဲ့ပြန်ဆောက်ရမယ်ဆို တော့ .. အင်း တိုင်နှစ်လုံးနဲ့ အိမ်တအိမ် ဘယ်လို အင်ဂျင်နီယာမျိုးက ဆောက်တတ်လေမလဲဆိုတာတော့ စဉ်းစားသာကြည့်ပေတော့။ ဒါပေ မယ့် အကျိုးတော့မယုတ်ဘူးဗျ။ ဝါးတို့တိုင်တို့ အင်ဖက်မိုးတို့ လက်သိပ်ထိုးစျေးကွက်လေးဖြစ် သွား တာပေါ့။
တတ်နိုင်တဲ့လူတွေက မတတ်နိုင်တဲ့လူတွေဆီမှာ လိုတာဝယ်ကြ။ ပြီးတော့ မြေကွက်လပ်လေးတွေ ရှိ ရာမှာ အိမ်သစ်လေးတွေဆောက်ကြ။ စခန်းမှာ တရားဝင် သတ်မှတ်ထားတဲ့အိမ်တွေအပြင် နံပါတ်ပွား အိမ်ကလေးတွေ ဟိုနေရာက ဘွားခနဲ ဒီနေရာက ဘွားခနဲ ပေါ် ပေါ်လာတာပေါ့။ မိုးဦးကျ မှိုလေးတွေ လိုပေါ့ဗျာ၊ နော။
အိမ်တအိမ်ဆို အေ ဘီ စီ ဆိုပြီး အိမ်နံပါတ်တွေ ပွားယူလိုက်တာ လက်ဆယ်ချောင်းတောင် ရှိဆိုပဲ။ ဖက် ဝါး ရောင်းလိုက်ရတဲ့ လူတွေအဖို့ကတော့ ခရိုး ခယိုင်တဲကုပ်လေးတွေထဲမှာ နေမြင်လမြင် ဖြစ် သလိုနေပြီး တတိယနိုင်ငံတခုခုကို မြန်မြန် ရောက်ရပါစေကြောင်း ဘုရားမှာသာ ပုဆိန်ပေါက်ဆု တောင်းကြပေရော့။
အင်း..၊ ဒါတွေကိုကျော်ပြီး အမီနာကျီရဲ့ “အရက်ချို အချစ်ခါး” အကြောင်းရေးပြန်ရင် မကောင်းဘူး ထင်တယ်။ စာရေးသူဆိုတာ လက်တွေ့ပစ္စက္ခ ဘဝအခြေကိုပိုပြီး စူးစူးရှရှပြတ်ပြတ်သားသား မြင်ပြ ရေးပြဖို့ တာဝန်ရှိတာကလား။ ခက်တာက ဒါတွေချည်းရေးပြနေလို့က ဒုက္ခသည် ညည်းချင်းတွေပဲ ဖြစ် နေမလား။ ဘယ်သူမပြု မိမိမှု ဆိုသလို ကိုယ့်အဖြစ်နဲ့ကိုယ် ဒီလမ်းကိုရွေးချယ်ခဲ့တာကိုပဲ ရိုးမယ်ဖွဲ့ ရေး နေရတာလဲ လမ်းမကျသေးပါဘူး။ တကယ်ပဲ ဒုက္ခသည်စခန်းတနေရာမှာ ကိုယ်တို့တွေက ဘဝကို ရေစုန်မျောနေကြပြီလား။ ရေစုံမျောလိုက်ကြပြီလား။ အားမဲ့မာန်မဲ့ အဓိပ္ပာယ်မဲ့ကုန်ကြ ရော့သလား။
ဒါလဲ မဟုတ်သေးဘူး။ ဟောကြည့်။ ကိုယ် ၁၅-ရက်နေ့အမီ စာမူပို့ပေးပါလို့ အကြောင်းကြားလာတာကို မီအောင်မရေးလိုက်နိုင်တာကပဲ ရေစုန်မျောနေလို့မှမဟုတ်ရတာ။ အဓိပ္ပာယ်ရှိတဲ့အလုပ်တခုကို တာဝန်အရ ခံယူမှုအရ လုပ်နေရတာကြောင့်ပဲဟာ။ ဟုတ်တယ်။ ကိုယ်တို့ ဒုက္ခသည်စခန်းမှာ ရေရှည် အကျိုးရှိမယ့် အလုပ်တခုကို ကိုယ်ယုံယုံကြည်ကြည် စွဲစွဲမြဲမြဲလုပ်နေလို့ပဲလေ။ ဒါက ချဲ့ရင် ချဲ့ သလို ကြီးကျယ်တဲ့ရေရှည်အကျိုးစီးပွား။ တိုင်းရင်းသားတွေအချင်းချင်းကြား တဦးအပေါ်တဦး ယုံကြည်နား လည် ချစ်ကြည်ပေါင်းစည်းနိုင်ဖို့ မျှော်မှန်းချက်။ ဒါကိုပြောနေကြတာကြာပြီ။ အစည်းအဝေးခန်းမတွေ မှာ မိန့်မိန့်ကြီးထိုင် လက်ပိုက်ပြီး အတည်အခန့်ပြောချင်ပြောမယ်၊ ရှေ့တန်းစစ်မျက်နှာတွေမှာ သေနတ်ကိုပိုက်တိုက်ပွဲတွေဆင်နွှဲပြီး ပြောကောင်းပြောနေမယ်။ တခုမှမမှားဘူး။ သူ့နည်းနဲ့သူ အဟုတ်ချည်းပါပဲ။ ကိုယ်တို့ကတော့ ဒါကို ဒုက္ခသည်စခန်းတနေရာမှာ လုပ်နေကြတာဆိုတော့ တမျိုးကြီးများ ဖြစ်နေ မလားပေါ့။
စခန်းထဲမှာ စစ်စစ်ပေါက်ပေါက် သတိထားမိတော့ တိုင်းရင်းသားလူမျိုးစုံသလောက်ရှိတယ်။ ကရင်လူ ထုက အများဆုံး။ နောက် ဗမာ၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကချင်၊ ဘိတ် (မြိတ်) ထားဝယ်၊ ကယန်း။ ပြီး တော့ ပအို့ဝ်း။ စုံမှစုံပဲ။ ယုံကြည်ကိုးကွယ်ရာ ဘာသာပေါင်းကလဲ စုံတယ်။ ခရစ်ယာန်၊ အစ္စလာမ်၊ ဗုဒ္ဓ ဘာသာ အစုံရှိကြတာပါ။ လူဦးရေကလဲ သောင်းဂဏန်း။ ကလေးလူကြီးပေါင်း နှစ်သောင်းဝန်းကျင် ရှိမယ်။ လူမျိုးဘာသာခြားသလို ဓလေ့ထုံးတမ်း ယဉ်ကျေးမှုတွေကလဲ စုံတယ်။ ဘဝနယ်ပယ်အရ ကြည့် ရင်လဲ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ဘာသာရပ်ဆိုင်ရာ မဟာဘွဲ့ယူထားတဲ့လူတွေ၊ အိုင်တီနည်း ပညာတတ်မြောက်ကျွမ်းကျင်သူတွေ၊ ဂျပန်၊ ကိုရီးယား စတဲ့ ဘာသာစကားတတ်မြောက်သူတွေ၊ ပြီး တော့ ရုပ်ရှင်မင်းသား၊ အဆိုတော်၊ စာရေးဆရာ၊ ကဗျာဆရာ၊ အယ်ဒီတာ၊ ပန်းချီဆရာ စုံလိုက်သမှ။ ပန်းပုဆရာတောင်ပါသေး။
ဒါကို ကရင်အမျိုးသားကြီးတဦးက သတိပြုမိတယ်။ သူက အရင်ကတော့ လက်နက်ကိုင်တိုက် ပွဲဆင်နွှဲ လာတဲ့ ခေါင်းဆောင်တဦးပေါ့။ ဒီဖထီးက တခါတော့ စခန်းထဲမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုမျိုးစုံကိုဖိတ်ပြီး ဒုက္ခသည်ဘဝတူချင်း ဒီနေရာကနေစပြီး အချင်းချင်းကြား တဦးနဲ့တဦး နားလည်မှုတည်ဆောက်ကြရအောင်လား။ ချစ်ကြည်မှုတည်ဆောက်ကြည့်ရအောင်လားဆိုပြီး အဆိုပြုတယ်။ အနိမ့် ဆုံး မျှော်မှန်းချက်အဖြစ် စခန်းထဲမှာ လူမျိုးတမျိုးနဲ့ တမျိုး ခိုက်ရန်ဖြစ်ပွားမှု ထိန်းသိမ်းနိုင်လိမ့်မယ် ပေါ့။ လုံခြုံရေးအရလည်း ပါတယ်ပေါ့။ ဒီ့ထက် လူမျိုးတမျိုးနဲ့ တမျိုး ခြားနားကွဲပြားတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ အပြန်အလှန်နားလည်အောင် လုပ်ကြည့်ကြရအောင်လားပေါ့။
ကိုယ်တော့ ဒီအဆိုကိုသဘောကျသွားတယ်။ ဟုတ်တယ်။ ဒါ သိပ်အခြေခံကျတာပဲ။ လက်တွေ့ ဘဝနဲ့လဲ စပ်ဟပ်တယ်။ တတိယနိုင်ငံ တနိုင်ငံကိုထွက်ခွာဖို့ ဆုံးဖြတ်လာခဲ့တာမှန်ပေမယ့် စခန်းထဲမှာ အ လကားမတ်တင်းနေမယ်ဆိုတဲ့စိတ်မျိုး ကိုယ်မထားနိုင်ဘူး။ ကိုယ်တို့တတ်နိုင်သမျှ မျှော်ရည်ခဲ့တဲ့ အလုပ်တွေထဲမှာ ကိုယ့်လူထု ကိုယ့်နိုင်ငံအတွက် အကျိုးရှိရာရှိကြောင်း ရတဲ့ဒေါင့်ကနေလုပ်ဖို့ မမေ့မလျော့တဲ့စိတ် အမြဲရှိတယ်။ အထူးသဖြင့် စစ်အာဏာရှင်စနစ်ကြောင့် နေရာတကာမှာ နိမ့်ကျနေခဲ့ရ တဲ့ တိုင်းရင်းသား ညီအကိုမောင်နှမတွေအတွက် ကိုယ်တို့မှာလဲ တာဝန်မကင်းဘူးလို့ ခံယူတယ်။ ဒီတော့ ဒီ ဖထီးအဆိုပြုလာတဲ့အပေါ် ကိုယ်နိုင်တဲ့ဘက်ကနေ တက်တက်ကြွကြွပဲ ဝင်လုပ်ခဲ့တယ်။
ခုဆိုရင် ဒုက္ခသည်အချင်းချင်းကြားမှာ တယောက်ရဲ့အားသာချက်ကို တယောက်ကိုဝေမျှတဲ့ ပညာရပ် ဆိုင်ရာဖလှယ်တဲ့ (သင်ကြားတဲ့) သင်တန်းတွေ၊ ကွန်ပျူတာအင်တာနက်လို အိုင်တီနည်းပညာနဲ့ ပတ်သက်တဲ့သင်တန်းမျိုးတွေ၊ အင်္ဂလိပ်စာ စကား။ ဂျပန်စာ စကား၊ ကိုရီးယားစာ စကား စတာတွေသင်ဖို့ တိုင်းရင်းသားသင်တန်းကျောင်း ငြိမ်းချမ်းရေးရင်ပြင်ဆိုတာကို ဖွင့်လှစ်ပြီး ကိုယ့်အားကိုယ့်မာန်နဲ့ ကိုယ်တို့ လှမ်းလျှောက်ကြည့်နေကြပြီ။ အခက်အခဲတွေတော့ အများကြီးပေါ့။ ဒုက္ခသည်စခန်းဆိုတော့ ရုပ်ဝတ္ထုပစ္စည်းကလဲ ရှားပါးသား။ ငွေကလဲ တွင်းနက်လိုက်သမှ။ ဒီကြားထဲ နှစ်ပရိစ္ဆေဒနဲ့ တည် အောင် ရှည်ကြာခဲ့တဲ့ တဦးအပေါ်တဦးသံသယစိတ်ကလဲ ချက်ချင်း ဘယ်အကင်းသေနိုင်ကြပါ့အုံး မလဲ။ ဒီလိုသင်တန်းတွေအပြင် တိုင်းရင်းသားတွေရဲ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို တဦးနဲ့တဦး ကြား သိမြင်နားလည်လာဖို့ တပတ်တခါအလှည့်ကျထုတ်ဖော်ဟောပြောပွဲလေးတွေလဲ လုပ်ကြဦးမှာ။ မိမိရိုးရာ ဂီတအဆိုအက၊ အတီးအမှုတ်၊ သီချင်း၊ စာပေ၊ အစားအသောက်တွေကအစ ဒါတွေ အားလုံးကို လုပ်ကြမှာလေ။
ဖထီးကတော့ပြောတယ်၊ ဒါ အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် လက်တွေ့ ကျတဲ့ စမ်းသပ်ကွင်းလေးတဲ့။ ငါတို့ ဒုက္ခသည်ရိက္ခာ ထိုင်စားပြီးနေတာထက် အဓိပ္ပာယ်တခုကို ယုံ ယုံကြည်ကြည်ဖော်ဆောင်နေတာ အရှုံးထဲက အမြတ်ရှာတာတဲ့။
ဟုတ်တယ်။ ကိုယ်တို့တွေဟာ အဲဒီ့ တိုင်းရင်းသားသင်တန်းကျောင်းရဲ့ ငြိမ်းချမ်းရေးရင်ပြင်ထဲမှာ တ ယောက်ရဲ့တယောက် အပြုံးချင်းဖလှယ်လာကြတယ်။ တယောက်ရင်ကိုတယောက် ရင်းရင်းနှီးနှီး ဖွင့် ဖတ်နေကြတယ်။ ယဉ်ကျေးမှုချင်း ဝတ်မှုန်ကူးကြတာလေ။ ဒီအခြေခံကနေန ချစ်ကြည်မှုကို တည် ဆောက်ကြရမှာ မဟုတ်လား။ အာဏာရှင်တယောက်ယောက်က အတင်းဇွတ်လုပ်ခိုင်းတာမဟုတ်တဲ့ ချစ်ကြည်မှုတွေ လတ်ဆတ်တဲ့အပြုံးတွေနဲ့ လက်ချင်းယှက်လို့။
အင်း ဒါလဲ ဝတ္ထုတပုဒ်လောက်ရေးမယ်ဆို ရေးလို့ရတာပဲ။ အယ်ဒီတာမင်းများ ကြိုက်မကြိုက်တော့မသိ။ သူပြောတဲ့ ဝတ္ထုတိုကောင်းကောင်းလေးတပုဒ်တော့ ဖြစ်လာကောင်းရဲ့လို့ ထင်မိတာပဲလေ။ ငြိမ်းချမ်းရေးဝတ္ထုတပုဒ်ပေါ့ဗျာ။ နော။
ခင်လွန်း
နိုဝင်ဘာ၊ (၁၉)၊ ၂ဝဝ၉
Comments
Post a Comment