ခင်လွန်း - လမ်းသရဲ၊ တောသူ၊ အဖြူနဲ့ ကျနော်တို့၏ကန္တာရနေ့ရက်များ


"လွန်ခဲ့တဲ့အနှစ် ၂၀ က နယ်စပ်မှာ ကျနော်တို့ဘယ်လိုနေခဲ့ကြလဲ"
-
လွန်ခဲ့တဲ့အနှစ် ၂၀ လောက်က ဧရာဝတီအွန်လိုင်းစာမျက်နှာမှာ ရေးဖြစ်ခဲ့တဲ့ ဒီစာလေးကိုပြန်တင်ပါတယ်....
ကိုယ့်တိုင်းပြည်ကိုစွန့်ခွာပြေးထွက်လာရသူတွေများပြားလှတဲ့ဒီလိုအချိန်မှာ ကျနော်တို့လွန်ခဲ့တဲ့အနှစ် ၂၀ နယ်စပ်တနေရာမှာ တော်လှန်ရေးသတင်းစာတစောင်ကိုအခက်အခဲမျိုးစုံကြားက ထုတ်ဝေနေကြချိန်ကာဘဝဖြတ်သန်းမှုပုံရိပ်တချို့နဲ့ အဲဒီကာလက သူတပါးနိုင်ငံဆီ လွင့်လာခဲ့ကြတဲ့ ကျနော်တို့ "ရွှေ" တွေရဲ့ ဘဝအဖြစ်သနစ်တွေကို ဒီနေ့အခြေအနေနဲ့ နှိုင်းယှဉ်ပြန်မြင်မိတဲ့အတွက်ပါ။ ကျနော်မိခင်အဖွဲ့အစည်းဖြစ်တဲ့ မိုးကြိုးသတင်းစာတိုက်ကို နောက်ပိုင်းကျကျမှရောက်လာကြတဲ့ ရဲဘော်များလဲ ဖတ်ကြည့်စေချင်ပါတယ်ခင်ဗျား...
စာကရှည်တာမို့ နားနားပြီးမှ ဖတ်ပါခင်ဗျား...
---- 
လမ်းသရဲ၊ တောသူ၊ အဖြူနဲ့ ကျနော်တို့၏ကန္တာရနေ့ရက်များ
ခင်လွန်း

၁)

“  ဘာတဲ့ ဘာတဲ့ အဲဒီ့ခွေးနံမယ်က “
“ လမ်းသရဲ လမ်းသရဲ ခွေးလမ်းသရဲ ““
“  ကြံကြံဖန်ဖန်ဗျာ ခွေးကိုများ လမ်းသရဲရယ်လို့ “
“    နင်ဘာသိလို့လဲဟဲ့ စူလရဲ့.. အဲဒီ့ခွေးက တနေကုန်လမ်းပေါ်မှာချည်းနေတဲ့ဟာ “
“     ဟာ... အမကလဲဗျာ သခင်မရှိလို့နေမှာပေါ့ဗျ “
“  ဘယ်ကလာသခင်မရှိဘဲနေမှာလဲဟ ကြည့်ပါလား။ လည်ပတ်တွေဘာတွေနဲ့ပဲဟာ “ 

စူလနှင့်ဇနီးသည်တို့ပြောဆိုနေသည်ကိုကြားနေရသဖြင့် ခပ်လှမ်းလှမ်းတွင် သရေတမြားမြား လျှာတွဲ လောင်းချကာ စောင့်ကြောင့်လေးထိုင်နေသည့် ခွေး ကလေးတကောင်ကို ကျနော်ပါလှမ်းကြည့်မိလိုက်သည်။ ခွေးကလေးက ကျနော်တို့သူ့အကြောင်းပြောဆိုနေသည်ကို တစုံတရာနားလည်နေသည့်အလား အမြီးလေးတရမ်းရမ်း ခေါင်းလေးစောင်းကာငဲ့ကာဖြင့် ကျနော်တို့ကို ပြန်ကြည့်နေလေသည်။

“ သူပေါ့ ငါမနေ့က အဖြူ့ကိုကျွေးထားတဲ့ထမင်းတွေ ဝင်အုပ်သွားတာ“

ကျနော့်ဇနီးမီက အိမ်မွေးခြံပေါက်ဖြစ်သည့်ဖြူမကိုတော့ လူတယောက်နံမယ်ကို အဖျားဆွတ်ခေါ် ဝေါ် သလို “အဖြူ” ဟု ခေါ်လေသည်။ “ ဖြူမက ဟိုဘဝကလူဖြစ်မယ်ထင်တယ်မောင်ရဲ့၊ သိပ် လူရိပ်လူကဲ နားလည်တာ“ ဟု ကျနော့်ကို မကြာမကြာပြောပြတတ်သလို အခြားသူများကိုလည်း စကားဆုံတိုင်း ဖြူမလိမ်မာပုံအကြောင်း ပြောပြလေ့ရှိသည်။

 “ဟုတ်မယ်ကွ။ တခါက ငါမူးလာတုန်း စကားတွေလာပြောတာမှအကြာကြီးပဲ“ ဟု ကျနော်ကအငေါ် တူးတူးပြန်ပြောတော့မှ မီသည် မကျေမချမ်းနှင့် သူ ့စကားကို အဆုံးသတ်လေ့ရှိသည်။
“ အမကလဲဗျာ ဖြူမကြီးကျန်လို့စားတာပဲဟာ။ အဲဒါလေးနဲ့များ ခွေးလမ်းသရဲ ဖြစ်ရတယ်လို့”

 “ ဟဲ့ သူ့သခင်က ငါ့ကိုပြောပြီးပြီဟဲ့စူလရဲ့။ သူ့ကိုတဲ့ အိမ်မှာအမြဲချည်ထားတာတဲ့။ ဒါပေမယ့် ကြိုးကိုကိုက်ကိုက်ဖြတ်ပြီး ဒီလိုပဲလျှောက်သွားနေတာပဲတဲ့“

လမ်းသရဲက ခွေးပျိုပေါက်ကလေးဖြစ်သည်။ စင်စစ် အမွှေးစုတ်ဖွားဖွားလေးဖြစ်သော်လည်း ဆံပင်စုတ်ဖွား ကို့ယို့ကားယားနေတတ်သည့် လူပျိုပေါက် ညစ်သိုးသိုးပုံလေးနှယ် ဖြစ်နေလေသည်။ သပ်သပ်ယပ်ယပ်မရှိ။ နီညိုရောင်လေးဖြစ်၍ နှုတ်သီးကနက်နက်။ အမြီးလေးက ဖွာကျနေသည်။ လမ်းသူရဲလို့ခေါ်ရလောက်အောင်ဖြစ်ခဲ့ပုံကိုတော့ ကျနော်လည်းမသိ။ ဘာပဲပြောပြော မကြာခင်ကမှ ပြောင်းလာရသည့် ဒီဝန်းကျင်သစ်လေးတွင် ကျနော်တို့အတွက်တော့ လမ်းသရဲသည်လည်း သက်ရှိ အဖော်သဟာတော့ဖြင့် ဖြစ်ခဲ့ရလေပြီ။ ဘယ်၍ဘယ်မျှ အတူတကွ ရေစက် ဆုံနေကြရမည် ဆိုသည် ကိုတော့ မသိချေ။ 

၂)

ဒီနေရာလေးသို့ ကျနော်တို့စတင်ပြောင်းရွှေ့ခဲ့ရသောနေ့တွင် ဖြူမပါမလာသဖြင့် မီက တဖျစ်တောက်တောက်။  အရင်နေရာမှ နာရီဝက်ခန့်သွားရသည့်ခရီးအကွာတွင်ရှိနေသဖြင့် ဖြူမလိုက်လာချင်သည့်တိုင် လွယ်လွယ်ကူကူလိုက်မလာနိုင်မှာကို မီစိုးရိမ်နေပုံရသည်။
ယောကျ်ားသားများသာများပြီး မိန်းမသားဟူ၍ မီတယောက်သာရှိသည့်အိမ်တအိမ်အဖို့ မီ့အတွက်တော့ ဖြူမသည် တိုးတိုးဖော်တိုးတိုးဖက်လို ဖြစ်နေသည်။ မီက ဖြူမကို လူတယောက်လို အဖော်ပြုပြောနေဆိုနေပုံကို ကျနော်သတိထားကြည့်မိဖူးသည်။ တကယ့်ကို လူလူချင်းပြောနေဆိုနေပုံမျိုး။ ဖြူမကလည်း မီပြောလေသမျှကို အမြီးတရမ်းရမ်းခေါင်းတခါခါ နားရွက်ဖျားလေးများ လှုပ်ကာလှုပ်ကာနှင့် တစုံတရာနားလည်သလိုလိုဘာလိုလိုဟန်ပြကာ နားစွင့်နေတတ်သည်။  

   ”အဖြူ … နင်ရည်းစားရှိနေပြီမဟုတ်လား ပြောစမ်း။ ဟင်း ရုတ်ရုတ် ရုတ်ရုတ်တော့မလုပ်နဲ့ နော်။ ငါဆရာနဲ့တိုင်မှာ”

မီက အဖြူကိုစေ့စေ့ကြည့်ရင်း သည်လိုမေးလျှင် အဖြူသည်သူ့ကိုယ်လုံးကြီးကိုတွန့်ကာခါကာဖြင့် သူ့အမြီးဖွားကြီးကို တရမ်းရမ်းလှုပ်ကာလှုပ်ကာ မီ့ကိုယ်ထဲသို့ ခေါင်းတိုးဝင်လာတတ်သည်။   

“  တွေ့လားမောင်တွေ့လား.. အဖြူဟာလေ တကယ့်ကို လူလိုပဲတွေ့လား။ သူကပဲ ရှက်သလိုလိုဘာလိုလိုနဲ့”

ဟုတ်တော့လည်းဟုတ်သည်။ တကယ့်ဖြူမ၊ တခါတရံ မီက လူတယောက်နှင့်စကား လက်ဆုံကျနေသည့်ဟန်မျိုးဖမ်းကာ ဖြူမကိုကျည်စယ်နေချိန်များမှာတော့ ဖြူမသည်အူယားလာပြီး ခေါင်းကိုမော်ကာ ထ၍အူလေတော့သည်။ 

ကျနော်တို့ သည်နေရာသို့ပြောင်းလာချိန်တွင် ဖြူမမှာတကယ်ပင် ချစ်သူရှိနေလေပြီ၊ ဖြူမက လူများလိုဆိုလျှင်တော့ လုံးကြီးပေါက်လှ ဖွံ့ဖွံ့ထွားထွားကြီး။ ဖွေးဆွတ်နေသည့်အမွှေးထူထူတွင် ရွှေအိုရောင်အကွက်များက ခန္ဓာကိုယ်အနှံ့ဖြန်းကျဲပက်ထားလိုက်သေးရာ သူ့အလှကိုပိုပြီးပေါ်လွင်နေလေသည်။ သူ့ချစ်သူကိုမြင်တော့ မီသာမက ကျနော်တို့အားလုံး အံ့အားပင်သင့်နေတော့၏။

“  ဟယ် ကြည့်စမ်းကြည့်စမ်း ..ဟို မိတ္တူကူးဆိုင်က ခွေးကြီးမဟုတ်လား။ ဒီအထိတောင် လိုက်လာတယ်နော် “

ဖြူမချစ်သူက ကျနော်တို့လူများအလိုအရပြောရလျှင် အလွှာချင်းကတော့ မတူပါလေဟုဆိုရမလိုပင်။

ကျနော်တို့အိမ်ပေါက်ဖြူမသည် ကျနော်တို့နည်းနှင်နှင် သူ့ဘဝသူ့အခြေအနေကလည်း ခိုင်မာလှသည်မဟုတ်။ လမ်းဘေးခွေးတကောင်မဟုတ်သော်ငြား သူလည်းကျနော်တို့လို နေရာတနေရာတွင် အတည်တကျနေနိုင်ဖို့ရာမှာ မသေချာ။ အခြေအနေအရ ကျနော်တို့ပြောင်းကြရွှေ့ကြရလျှင် မိသားစုဝင်လို ဖြစ်နေသည့်ဖြူမကိုလည်း ခေါ်ခဲ့ကြရသည်သာ။ ဟော... သူ့ချစ်သူကတော့ဖြင့် အိမ်ကြီးရှင်၊ အိမ်မှအိမ်ကြီး ရိုးရိုးတောင်မှမဟုတ်။ ဟိန်းဟိန်းထနေသည့်တိုက်ကြီး တတိုက်မှ။ ပြီးတော့ အမျိုးအနွယ်အရပြောကြစတမ်းဆိုလျှင်လည်း မြန်မာပြည်မှာ တော်တော်တန်တန်မြင်ဖူးဖို့ပင်ခက်သည့် ကျပ်ငွေ လေးငါးခြောက်သိန်းတန် ဒိုဘာမင်ခွေးမျိုး၊ ငယ်ငယ်လေးထဲက အမြီးငုတ်လေးပင်မကျန်အောင်ဖြတ်ထားခံရလေ့ရှိသည့် ခွေးမျိုးကောင်းမျိုးသန့်တမျိုး။

အကောင်ကြီးကလည်း ထွားလိုက်ကျိုင်းလိုက်သည်မှ တော်တော်တန်တန်လူတယောက်လောက်ရှိသည်။ ခွေးဥပဓိအတန်းအစားအရ ခန့်ညားထည်ဝါလိုက်သည်ကလည်း ဖြူမကိုပိုင်ရသည့်ကျနော်တို့ကပင် ခပ်ရွံ့ရွံ့။ မျက်လုံးချင်းပင် မဆိုင်ရဲ၊ မတော် ခုန်တဲ့့ပြီး မျက်နှာကိုလှမ်းဟပ်လိုက်မှဖြင့်ဆိုသည့်စိတ်က ကျနော်တို့တွေကို အသည်းတယားယားဖြစ်စေသည်။ ပြီးတော့ အခြေကြီးသည့်ခွေးမျိုးမို့ ကျနော်တို့စားသည့်အစားအစာတွေကို သူကငဲ့လို့ပင်မကြည့်။

“  မတတ်နိုင်ဘူးမောင်.. သမီးပေးသမက်ရဆိုပေမယ့် ကိုယ့်ရှိတဲ့ဟာပဲကျွေးရမှာပဲ။ မစားနိုင်ရင် သူ့ အိမ်သူပြန်ပေါ့ “ 

သို့တိုင် သကောင့်သားက အချစ်နှင့်ပေါင်မုန့်တွင် အချစ်ကိုရွေးချယ်ပြီး ဖြူမနားက တဖဝါးမခွာတော့ဘဲရှိရာ သိက္ခာကိုရိက္ခာနဲ့လဲကာ မီစီစဉ်ပေးသည့် ထမင်းကျန်ဟင်းကျန်ကို အတူလွေးရရှာသည်။ နောက်များမကြာမီမှာတော့ မီက သူ့ကို “ဒိုးလုံးကြီး” ဟု  အမည်စာရင်း သွင်းလိုက်ပါလေသည်။      

၃)

ဘဝချင်းတူသော်လည်း အလွှာချင်းကွာခြားခြင်းတိုင်းကွာခြားလှသည့် ဖြူမနှင့်ဒိုးလုံးကြီးတို့၏အချစ်သည် နောက်တော့လည်း ခွဲခွာခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရလေသည်။ ဒိုးလုံးကြီးမရှိသည့်နောက် ဖြူမတွင်နောက် အဖော်သစ်များရလာသည်။ မီပြောသည့် လမ်းသရဲဆိုသည့် အကောင်သေးသေးခွေးထီးလေးတကောင်နှင့် မှုန်တေတေနိုင်လှသည့် ခွေးပိန်မလေးတကောင်တို့ ဖြစ်သည်။ ထိုခွေးလေးနှစ်ကောင်လုံးမှာ ပိန်ချုံးနေလေသည်။ ခွေးပိန်မလေးမှာ လမ်းပင်ကောင်းကောင်းမလျှောက်နိုင်သဖြင့် မြင်ခါစမှာ ကျနော်က မသန်မစွမ်းခွေးတကောင်ဟု ထင်မှတ်ခဲ့သည်။ စင်စစ်မဟုတ်။  ခွေးမလေးမှာ သခင်ပစ်သွားသဖြင့် အစာရေစာမမှန်ဘဲ အငတ်ငတ်အပြတ်ပြတ်ဖြစ်ကာ အင်အား ချို့တဲ့နေခြင်းဖြစ်ကြောင်း နောက်မှကျနော်သိခဲ့ရသည်။

“ ဒီနေရာက ဟိုဘက်ကမ်းနဲ့က နီးနီးလေးရယ်။ အညိုတို့လိုပေါ့နော်။ ကိုယ့်ဗမာပြည်သားတွေ ဒီအချိန်ဆိုရင် ဒီဘက်ကမ်းကိုလာပြီးအလုပ်လုပ်ကြ။ ငွေကလေးစုကြ။ ပြီးတော့ ယာတွေငန်းတွေသိမ်းချိန်ရောက်တော့ ပြန်သွားလိုက်ကြနဲ့”

“ ဒါဆို ဒီခွေးပိုင်ရှင်ဗမာပြည် ပြန်သွားလို့ သူကျန်ခဲ့တာပေါ့”

စင်စစ် သည်နေရာသည် နယ်ခြားမြို့လေး၏အစွန်အဖျားဖြစ်နေရာ ဟိုဘက်ကမ်းနှင့်သည်ဘက်ကမ်း (ထိုင်းနှင့် မြန်မာ) ဥဒဟိုဝင်ထွက်သွားလာ၍ လွယ် ကူသည်။ ကျနော်တို့ရွှေတွေ အကြောင်းအမျိုးမျိုးကြောင့် ဟိုမှာဘက်ကမ်းမှာအသက်ရှုကြပ်ရလေတိုင်း ဒီမှာဘက်ကမ်းသို့ နည်းအမျိုးမျိုးဖြင့်ဝင်ရောက်ကာ ဒေသခံတို့လယ်ယာလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်လေ့ရှိသည်။ တချို့နှစ်ပတ်လည်သည့်တိုင်လုပ်ကြရသည်။ တချို့လည်း တရာသီ နှစ်ရာသီ ..စသဖြင့် ငွေယားလေးစုမိဆောင်းမိပြီဆိုလျှင် အထုပ်လေးပိုက်၍ ပြန်ကြပြီ။

“ ဒီခွေးမလေးက ကံကောင်းလို့မသေတာ။ ဟိုတလောက သူ့ကိုသတ်စားဖို့ ဝိုင်းဖမ်းကြတာလေ။ ချည်ပြီးတုတ်ပြီး ရိုက်နေတုန်း ကြိုးပြေပြီးလွတ်သွားတာ။ အဲဒါ အခုဘယ်သူမှ သူ့အနားကပ်မခံတော့ဘူး။ လူတွေကိုကြောက်နေပြီလေ “

ဒေသခံလိုဖြစ်နေသည့်အညိုက ကျနော့်ကို ပြောပြနေလေသည်။ မြန်မာပြည်မြေလတ်ပိုင်းသူ ဗမာမလေးအညိုသည် စီးပွားရေးအခြေအနေကြောင့် ဒီဘက်သို့စွန့်စွန့်စားစားထွက်လာပြီး ကျပန်းလုပ်ကိုင် စားသောက်နေရာမှဒေသခံ လယ်သမားတဦးနှင့်အိမ်ထောင်ကျကာ ဒီမှာအသားကျနေလေပြီ။ သို့တိုင် အညာဟန် အညာသံက မပျောက်သေး။

  “ နို့ ဘယ်သူတွေက သူ့ကို စားကြဖို့လုပ်တာလဲ။ ဒို့ ဗမာတွေပဲလား”

“ ဒါပေါ့ ဦးရဲ့.. ဒီမှာအလုပ်လာလုပ်တဲ့ဗမာတွေ တခါတလေ သူတို့ထင်သလို အလုပ်ကမကောင်းတော့ စရိတ်ပြတ်ပြီး ငတ်ငတ်နဲ့ သူ့ကိုစားကြမလို့လေ”

“  သြော် အလုပ်က ဒီလိုပဲ ပြတ်တတ်လား”

  “ အမှန်က အလုပ်က ပြတ်တာတော့မဟုတ်ဘူးဦးရဲ့။ ဒီလိုအချိန်ဆိုရင် အညိုတို့ဗမာတွေ ဆင်းဆင်းလာတာ နည်းတာမှတ်လို့၊ လူကများပြီးအလုပ်ကရှားတော့ အခက်အခဲတွေဖြစ်ကြတာပေါ့၊ တချို့ဆို အပြန်စရိတ်မရှိလို့ ဒီမှာတင် လည်ပြီး မဟုတ်ကဟုတ်ကတွေလုပ်ကုန်ကြရောလေ”

အညို့စကားအဆုံးမှာတော့ ကျနော်သည် ပင့်သက်ရောရှိုက်သက်ပါ တပြိုင်တည်း ချမိသွားသည်၊ သြော် ဒို့ပြည်သားတွေဘဝ ဘယ်တော့များမှ လှပသာယာလာပါ့မလဲမသိပါဘူးဆိုသည့်အသိစိတ်က ရင်ထဲသို့ လွမ်းဆွတ်နာကြဉ်ဖွယ်  တိုးဝှေ့ဝင်လာခဲ့တော့သည်။

၄)

ထို့နောက်ပိုင်းမှာတော့ အညို့၏ခွေးကလေးလမ်းသရဲနှင့် စွန့်ပစ်ခံခွေးပိန်မလေးတို့သည် သဘောမနှောကောင်းလှသည့် ဖြူမနှင့်အလွမ်းသင့်ကာ ကျနော်တို့အိမ်မှာပင်လိုလိုနေလေ့ရှိသည်ကို ကျနော်သတိထားမိခဲ့သည်။ မီက ထိုခွေးလေးနှစ်ကောင်ကို နှစ်လိုပုံမရချေ၊ ကျနော်တို့ရိက္ခာထဲမှ ဖဲ့ပြီး ကျွေးရ မွေးရ မလိုဖြစ်နေသည့်အတွက်လည်း ပါပါသည်။ “ကိုယ့်ဝမ်းနာကိုယ်သာသိပဲ မောင်ရေ။ ခွေးနှစ်ကောင် စားအိုးဆိုလဲနည်းမှတ်လို့” ဟု ကျနော့်ကိုရှင်းပြရှာသည်။

ထိုနှစ်ကောင်တွင် လမ်းသရဲက သခင်ရှိသည်၊ အညိုရှိသည်။ သို့သော် အညိုတို့အိမ်တွင် လမ်းသရဲ တကောင်ထဲသာမဟုတ်။ ခွေးတွေမှအုပ်လိုက်ကြီး၊ အညို့ကိုမေးတော့ သူတို့လင်မယားနှစ်ယောက်က တနေ့တနေ့ယာခင်းထဲတွင်သာအချိန်ကုန်ရသည်ကများတော့ နှစ်ကိုယ်ရည်နေသည့်အိမ်လေးအတွက် ခွေးတွေတပုံကြီးမွေးပြီး လုံခြုံရေးတာဝန်ပေးထားသည်။ သူတို့လင်မယားမှာ လူငှားရယ်ဘာရယ်ငှား မနေနိုင်ရှာ။

ဒီမှာပင် လမ်းသရဲဟူ၍ဖြစ်လာမည့်ခွေးလေးအတွက် ပြဿနာစသည်။ အိမ်မှာသူက အကောင် အသေးဆုံး။ အင်အားအငယ်ဆုံး။ သူဖို့ရသည့်ခွဲတမ်းကိုလည်း စားရသည်ဟူ၍မရှိ၊ မစားရရုံတင် မဟုတ်။ အခြားခွေးတွေ၏ အနိုင်ကျင့်မှုကိုပါ သူအမြဲခံနေရပြန်သည်။ ငတ်လည်း ငတ်ရ။ အနိုင်ကျင့်လည်းခံရဆိုတော့ သူသည်ချည်ထားသည့် ကြိုးကိုကိုက်ဖြတ်ပြီး ကိုယ်လွတ်ပြေးရုံမှတပါး အခြားမရှိပြီ။ ပြီးတော့မှ သူအသက်ရူချောင်မည့် ကျနော်တို့အိမ်ဘက်သို့ ရှောင်ခဲ့ခြင်း ဖြစ်သည်။ သည်မှာတွင် မီက သတိထားမိသွားပြီး သူ့ကိုလမ်းသရဲဟုနာမည် ပေးလိုက်ပုံရလေသည်။

ခွေးပိန်မလေးကတော့ သခင်တွေ၏စွန့်ပစ်မှုကိုခံခဲ့ရရုံမက သတ်စားခံရမည့်ဘေးက သီသီလေးလွတ်ခဲ့သူမို့ လူတွေကိုကြောက်နေလေသည်။ စင်စစ် ကျနော်သည် ထိုခွေးနှစ်ကောင်၏အရေးကို တမင်ထည့်စဉ်းစားနေတာမျိုးမဟုတ်သော်လည်း သူတို့ဘယ်လိုဘယ်ပုံနှင့်များ အသက် ရှင်ရပ်တည်နေကြပါလိမ့်ဆိုသည့်အတွေးက မကြာမကြာကျနော့်ကိုထိုးနှက်လာတတ်သည်။ သခင့်အိမ်ပြေးလမ်းသရဲကိုတော့သိပ်မကြိုးစားလိုက်ရဘဲ ကျနော်သိခဲ့ရသည်။ သူက အကောင်သေးသေးလေးဆိုတော့ အူလည်းခပ်ကျဉ်းကျဉ်းပဲထင်ပါရဲ့။ ကျနော်တို့အိမ်မှာ ဖြူမအတွက်ဖယ်ထားသည့် စာကြွင်းစားကျန်များကို ဖြူမ မကုန်လျှင် သူကျန်စားလုပ်သည်။ ဒါနှင့်မှမလုံလောက်လျှင် သူ့သခင်များယာတောမှပြန်လာချိန်တွင် အခြားခွေးများ၏ အကိုက်အခဲ အတိုက်အခိုက်ကိုခံပြီး အစာဝင်လုတာမျိုးရှိသည်။ ဘာပဲပြောပြော သူ့အတွက်အမာခံက တနေရာ မဟုတ်တနေရာတွင် ရှိသည်။ ခက်သည်က ယိုင်တိယိုင်တိုင်နှင့် ခွေးပိန်မလေးကရောဟု ကျနော် ပူရ ပြန်ပါသည်။ သူက လူတွေကိုကြောက်နေသည့်အတွက် ကျနော်တို့အိမ်တွင်ကပ်နေသော်လည်း အစားကိုဘယ်တုန်းကမှဝင်မစား။ လူတွေက ကျွေးမွေးသည့်အစာမှန်သမျှသည် သူ့အတွက်တော့ ထောင်ခြောက်တခုလိုပင် မြင်နေပြီလားလည်းမဆိုတတ်ချေ။

သည်လိုနှင့်တနေ့တော့ ခွေးပိန်မလေးကိုပါ ကျနော်သတိထားမိသွားသည်။ ကျနော်တို့ ယခုရွှေ့ပြောင်းလာခဲ့သည့်အိမ်ကလေးသည် လယ်တောယာ တောများအကြားတွင်ဖြစ်ရာ ထိုယာတောများတွင် ပဲပြောင်း စသည့် စိုက်ခင်းများရှိသည်။ ထို့အတူ ထိုစိုက်ခင်းများကိုအမှီပြုနေထိုင်သည့် လယ်ကြွက်များကိုလည်း ဆူဆူဖြိုးဖြိုးနှင့်တွေ့ရတတ်သည်။ ထိုနေ့က ခွေးပိန်မလေးသည် ခြုံပုတ်ငယ်တခု၏အကွယ်တွင် တစုံတခုကိုချောင်းမြောင်းဟန်နှင့်ဝပ်နေသည်ကို ကျနော်မြင်နေရသည်။ သူဘာလုပ်နေသည်ကို စိတ်ဝင်တစားကြည့်နေဆဲမှာပင် သူသည် ဝပ်နေရာမှဖျတ်ခနဲခုန်ထွက်လိုက်ပြီး လယ်ကြွက်ကြီးတကောင်ကို အမိအရဖမ်းအုပ်လိုက်လေသည်။ လယ်ကြွက်ကြီးကား ဆာလောင်မွတ်သိပ်နေသည့် ခွေးပိန်မ၏ပါးစပ်တွင် တခွီးခွီးအော်ရင်း ယက်ကန်ယက်ကန်ဖြင့်…။ 

အား.. လက်စသတ်တော့ ဒီခွေးမက တောခွေးတကောင်ကိုးဟု ကျနော် အလန့်တကြား ထအော်မိ လိုက်လေသည်။ နောင်များတွင်တော့ သူ့ကို ကျနော်က”တောသူ” ဟုသာခေါ်တော့ပြီး သူက လယ်ကြွက်ကြီးတကောင် (သို့မဟုတ်) ပုတ်သင်တကောင်(သို့မဟုတ်) ဖားတကောင်ကို အကျအန စားနေလျှင် ကျနော်မအံ့သြမိတော့။ ဘဝပေးခြေအရ တောခွေးတကောင်လို သူရှင်သန်နေထိုင်ရန် ရွေးချယ်ခဲ့ရသည်ဟုသာ ကျနော်နားလည်လိုက်သည်။ 
အဟိတရိစ္ဆာန်ပင်ဖြစ်လင့်ကစား မူမှန်မဟုတ်သည့်လောကဓံကို သူ့နည်းသူ့ဟန်နှင့်တန်ပြန် တိုက်ပွဲဝင်ရင်း အသက်ရှင်သန်နိုင်ရေးအတွက် မဆုတ်မနစ်ကြိုးပမ်းနေခဲ့သည်ကို ကျနော်အသိအမှတ် မပြုဘဲမနေနိုင်ခဲ့။ 
သည်သို့နှင့် ကန္တာရသဖွယ်ရှိသောကျနော်တို့၏ဝန်းကျင်သစ်လေးတွင် ဖြူမအပါအဝင် လမ်းသရဲ၊ တောသူနှင့် ကျနော်တို့နှင့်မစိမ်းသော ကျနော်တို့၏သူစိမ်းများသည် သက်ရှိအဖော်သဟာများ၊ ဇာတ်ကောင်များ ဖြစ်နေခဲ့လေသည်။

၅)     

အများစုမိတ်ဆွေများကတော့ ကျနော်တို့၏နေရာသစ်လေးကို သိပ်နှစ်နှစ်ကာကာမရှိကြချေ။ တကယ်လည်း သည်နေရာလေးက ယခင်နေနေကျနေရာများထက်စာလျှင် အမှန်ပင် ကန္တာရဆန်ပါသည်။ ဖုန်းလိုင်းမရှိ၊ အီးမေးလ်မရှိ၊ အင်တာနက်နက်မရှိ၊ တမြို့လုံးအနှံ့ ကွန်ယက်လိုဖြန့်ထားသည့် ကတ္တရာလမ်းသည် ဒီနေရာလေးမှတော်တော်ဝေးဝေးတွင် အဆုံးသတ်သွားခဲ့ပြီ။ မြို့ပြ၏အရိပ်အငွေ့ဟူ၍ ဘာမှမရှိတော့။ ဘေးပတ်ဝန်းကျင်တွင်လည်း အိမ်ကလေးတလုံးတလေမှအပ မည်မည်ရရမရှိတော့။ ပြောရလျှင် ကျနော်တို့ချည်းနှင်နှင်။ ဘေးဘီဝဲယာတွင် ယာတောကိုင်းတော သက်ငယ်တောများ။ ဟိုးခပ်လှမ်းလှမ်းမှာတော့ စိမ်းလဲ့ရယ်မှညိုမှောင်ပြာရီ အမိမြန်မာပြည်မှ တောင်စဉ်တန်းများ။

စင်စစ် သည်နေရာသည် လယ်ယာလုပ်ချိန်မှအပ ဒေသခံများပင် သိပ်သွားသွားလာလာမရှိကြ။ ထိုအချိန်များတွင် ကျနော်တို့မြန်မာပြည်သားများအား ဒေခံတို့၏စျေးနှုန်းချိုသောတရားမဝင် လုပ်သားများအဖြစ် မိသားစုလိုက် အချို့အုပ်စုလိုက်အုပ်စုလိုက် သွားလာလှုပ်ရှားနေသည့်ကြေကွဲစရာ မြင်ကွင်းများကို ဟိုမှာသည်မှာ တွေ့ရ တတ်လေသည်။

‘မောင်ရေ၊ ညကအဖြူတို့ဟောင်တာ တညလုံးပဲနော်၊ ကောင်းကောင်းတောင်မအိပ်ရဘူး၊ လူတွေ တရုန်းရုန်းနဲ့သွားနေလာနေလိုက်ကြတာ တညလုံးဘာလုပ်ကြတယ်မသိဘူး၊ ခွေးပိန်မလေးကဆို အဆိုးဆုံး၊ သူ့အသံက စူးစူးနဲ့’

‘ဒီလိုပဲအမရေ၊ ကိုယ့်ဗမာတွေ တနေကုန်အလုပ်လုပ်၊ ညရောက်မှချက်ကြပြုတ်ကျ၊ ပြီးတော့ အိပ်ဖို့နေရာရှာကြ၊ ဒါတွေ အညိုတို့ကတော့ ရိုးနေပြီ၊ တခါတခါ သူတို့မူးရူးနေကြရင် ပိုတောင်ဆိုးသေးတယ်၊ တညလုံးလမ်းပေါ်မှာချည်းပဲ’

အညို့အဆိုအရ ထိုသူတွေမှာ မြန်မာပြည်အနှံ့အပြားက ဘယ်လိုဘယ်ပုံအဆက်အစပ်ဖြင့်ရောက်လာကြမှန်းမသိရ။ ရိုးရိုးသားသားလုပ်ကိုင်ကြသူများရှိသလို၊ စရိုက်ကြမ်းတမ်းလှသည့်လူများလည်း မကင်း။ အနီးတဝိုက် တွေ့ရာလယ်ယာခင်းတဲလွတ်များတွင် အတူတူလုပ်ကိုင်နေထိုင်ကြရင်း တချို့ပိုက်ဆံလေးအနည်းအကျဉ်းစုမိသူကို ကျန်လူများကသတ်ဖြတ်ကာ ငွေများယူပြီ မြန်မာပြည်ထဲပြန်သွားတတ်သည့်ဇာတ်လမ်းများကို မီ့ကိုပြောပြနေတော့ မီ ထိတ်လန့်တုန်လှုပ်နေလေသည်။

‘အေးပေါ့ကွာ၊ ဒါတွေတော့ ဒို့တွေကြားနေမြင်နေရမှာပဲ၊ နယ်စပ်ကိုရောက်လာသူတွေက အမျိုးမျိုး မဟုတ်လား၊ ကိုယ့်ပြည်မှာဆိုရင်တော့ ဒီလိုတွေလွယ်လွယ်နဲ့ ဘယ်ဖြစ်ပါ့မလဲလေ၊ နော် မီ ’

ကျနော်က တုန်လှုပ်နေဟန်ရှိသည့်မီ့ကိုနှစ်သိမ့်စကားဆိုရသော်လည်း မီကတော့ မျက်စေ့မျက်နှာ မကောင်းလှပေ။ ထိုညက မီတော်တော်နှင့်မအိပ်။ ခွေးဟောင်တိုင်းထထကြည့်နေလိုက်ရသည်မှာလည်း အမော။ ကျနော်က " မီရယ်၊သူတို့မှာလည်း စားရေးကတခက် အိပ်ရေးကတခက်နဲ့ တော်တော်နဲ့အိပ်ဖို့ ရှာမရကြဘူးထင်ပါရဲ့ကွာ၊ အဲဒါ ထကြည့်နေလို့ကတော့ မိုးလင်းသွားလိမ့်မယ် " လို့ ပြောယူရသည်။ ဖြူမတို့ခွေးတအုပ်ကလည်း သဲလိုက်ကြတာမှလေ။ တညလုံးမိုးမွှန်နေအောင် ဟောင်နေလေသည်။

 ၆)

“ ဘာရယ်။ လမ်းသရဲပျောက်သွားပြီဟုတ်လားအညို ။ သေချာလို့လားဟယ်။  သူကနဂိုကမှ လမ်း များများရယ် “  

“ ဟုတ်တယ်အမ… အညို တမနက်လုံးရှာပြီးပြီ။ အခုလောက်ရှိ ဘယ်ဟင်းအိုးထဲရောက်နေပြီလဲမှ မသိတာ “

ထိုသတင်းကို မဟုတ်ပါစေနဲ့ဟု ကျနော်ဆုတောင်းခဲ့သော်လည်း မပြည့်ခဲ့။ တလောကလေးတင်မှ တောသူလေးနှင့်သူ ဘာသာဘာဝ ချစ်ရေးချစ်ရာ ပျော်ပါးနေပုံကို အမှတ်မထင်မြင်မိပြီး အော် လမ်းသရဲတောင် ခွေးလားမြောက်ပြီပဲဟု ကျနော်ပြုံးမိလိုက်သေး၏။ ခုတော့ တောသူမလေးအဖော်မဲ့ရှာလေပြီ။ 

သူကြောက်သော .. သူမယုံသောလူသားတွေက သူနှင့်ဘဝတူ ဘဝအဖော်လေးကို အစာအဖြစ်ဖြေရှင်းလိုက်ကြပြီ၊ သူတို့၏ချစ်ခြင်းကို ခွဲခဲ့ကြပြီ။ 

ထိုမှစပြီး တောသူလေးသည် ညညဆိုမအိပ်တော့ သလောက် စူးစူးဝါးဝါးထိုးကာ ဟောင်နေတော့၏။ သူသည် သခင်ကလည်း စွန့်ခံရ။ အဖော်ကလည်း သတ်ဖြတ်ခံရနှင့် လူများလိုခံစားတတ်လျှင်တော့ ဆိုလို့တောင်မတတ်တော့ပြီ။
....

၇)

သည်လိုနှင့် သိပ်များမကြာမီမှာတော့ တောသူမလေးသားပေါက်ပါလေပြီ။ 

သူကံလို့ပင်ပြောရမလား အသွေးအမွှေး စိုစိုလူးလူးရှိသည့် မျိုးဆက်သစ်သူ့ကလေးအကောင်ပေါက်လေးတွေကြောင့် ပြောရတော့မလား မသိတော့ပါ။ 
အထီးလေးချည်း ငါးကောင်၏မိခင် တောသူ မျက်နှာပွင့်လာသည်။ ဆန်းထလာသည်။ ချစ်စရာအထီးလေးတွေ၏မျက်နှာကြောင့် အစက သူ့အပေါ်အသိအမှတ်မပြုလိုသည့် မီကပင် “ဟေ့ တောသူကို အစာလေးဘာလေး ကျွေးကြနော်။ ဘာပဲပြောပြော သူကမိခင်ဖြစ်သွားပြီ။ မိခင်ဆိုတဲ့အသိနဲ့ လေးစားမှုတော့ထားရမယ်ဟေ့” ဆိုလေတော့ရာ မီ့ကို ဝိုင်းရီကြသည်။ ခွေးပေါက်စလေးတွေကို ကြည့်ပြီး ဒါကတော့ လမ်းသရဲနဲ့တူသဟေ့ ..ဆိုပြီး သွားလေသူကို သတိရ နေကြသေးသည်။ တောသူကတော့ တကယ်ပင် လူတွေကိုယုံကြည်မှုမရှိတော့ပါ။ သူသားပေါက်တာကပင် ကျနော်တို့ အိမ်ဘေး သက်ငယ်ပင်တွေ တောထဲမှာအသိုက်လုပ်ပြီး ပေါက်ခြင်းဖြစ်သည်။ 

ခွေးပေါက်လေးတွေ တောက်တောက်နှင့်လမ်းလျှောက်ချိန်မှာတော့ ကျနော်တို့က ခွေးကလေးတွေကိုကြည့်ချင်သဖြင့် ခဏတဖြုတ်ခေါ်ထားလျှင် တောသူသည် အနားတွင် ပတ်ကာပတ်ကာ လှည့်၍ကြည့်နေတတ်ပြီးနောက် နောင်များတွင် သူ့ကလေးတွေကို အခုလို မခေါ်နိုင်အောင် သူသားပေါက်ရာ သက်ငယ်တော၏အတွင်းဘက်ကျကျနေရာသို့ ပြောင်းပစ်လိုက်တော့၏။ ဒါပေမယ့် တောသူလေးခမျာ လူတို့၏နှောက်ယှက်မှုက မလွတ်မြောက်နိုင်ခဲ့ပါချေ။

တောသူသားပေါက်စဉ်က အထီး လေးတွေချည်းမို့ ကံကောင်းသည်ဟုထင်မှတ်မိခဲ့သော်လည်း ထိုအရာကပင် သူ့ကို ကံဆိုးစေခဲ့ ပြန်ပါသည်။ ခွေးလေးတွေမှနို့မခွဲခင်မှာပင် ခွေးချစ်တတ်သူ၊ ခွေးမွေးလိုသူတွေဟုဆိုသည့်လူများက ဟိုနားသည်နားကပေါ်ပေါ်လာပြီး .. သူ့ကလေးတွေကိုမှချစ်လို့မဝသေးခင် ဟော တကောင်  ဟောတကောင်ဖြင့် ရွေးရွေးယူသွားလိုက်သည်မှာ နို့ပြင်းတွဲလောင်းကျ တောသူကိုမှအားမနာ။ 

တောသူလေးကတော့ ညညဆို စူးစူးဝါးဝါးထိုး၍ထိုး၍သာ ဟောင်ဟောင်နေတော့လေရာ ကျနော်တို့၏ကန္တရဆန်သောနေရာလေးသည် ပို၍ပင် ဆွေးနင့်နေလေတော့သည်။

ခင်လွန်း
၁၂-၁၂-၂၀၀၃

Comments