ခင်လွန်း - "ဂျက်လန်ဒန် ကို ကြိုက်၍ ဂျက် ကွမ်းခြံ ဖြစ်လာသူ"


Photo- Crd
"ဂျက်လန်ဒန် ကို ကြိုက်၍ ဂျက် ကွမ်းခြံ ဖြစ်လာသူ"
ခင်လွန်း
(သစ်ခက်သံလွင်) မတ် ၁၃၊ ၂၀၂၂

ဒီနေ့ (မတ် ၁၁ ရက်) ဟာ ငါ့ သူငယ်ချင်း မောင်သာချို မွေးနေ့ပေါ့ကွာ ...
ငါနဲ့သူနဲ့က အ.လ.က(၁) မ/ဥက္ကလာ၊ အတန်းပိုင်ဆရာမ အပျိုကြီး ဒေါ်ခင်ဝင်းမေ ရဲ့ ၆ တန်း A ကျောင်းသားဘဝထဲက သူငယ်ချင်းစဖြစ်လာခဲ့ကြတာ။
သူက နယ်ကျောင်းက(ကွမ်းခြံကုန်း) ပြောင်းလာတဲ့ ကျောင်းသားသစ်။ မျက်နှာမှာ သနပ်ခါးအဖွေးသား၊ ခေါင်းမှာ အုန်းဆီတွေ ရွှဲနစ်။
ကျောင်းသားသစ်ဆိုတော့ သူငယ်ချင်းမရှိသေးလို့ နဂိုကမှ မျက်လုံးပြူးကျယ်ကျယ်ရှိတဲ့သူ့ကိုမြင်ရတာ ကြောင်စီစီ မျက်နှာငယ်ငယ်။
၆ တန်းကျောင်းသားပေမယ့် ကျောင်းခဏခဏပြောင်းရဖူးတဲ့ငါက သူ့လိုအဖြစ်မျိုးကြုံနေကြမို့ ချက်ချင်းသူငယ်ချင်းဖွဲ့ပစ်လိုက်တာ စကားပြောဖော်မရှိသေးတဲ့သူဟာ နိုင်ငံသစ်လေးတနိုင်ငံကို တခြားနိုင်ငံတွေက အသိအမှတ်ပြုခံလိုက်ရပုံမျိုး အားတက်ခံစားသွားရဟန် မျက်နှာမှာမြင်ရ။
အဲဒီ့ထဲက တွဲလိုက်ကြတာ ခုခေတ်ဆို ဟိုလိုဒီလိုတောင် အထင်ခံရမှာ။
အဲဒီတုန်းက သူကလဲ မောင်သာချိုရယ်ဘာရယ်မဟုတ်သေး။ တယောက်နဲ့တယောက် စာပေဝါသနာဗီဇ ပါဟန်ရှိဟန်လဲ မသိကြသေး။
၇ တန်းရောက်တော့ အတန်းချင်းကွဲသွား။ 
၈ တန်း A  အတန်းပိုင်ဆရာမ ဒေါ်ခင်တူးအခန်းမှာပြန်ဆုံကြတော့ သူ့ စာပေ ဇ ကလေးက ပြလာပြီ။ အတန်းထဲမှာ တခြားကောင်တွေနဲ့ ဗလာစာရွက်ပေါ် လက်ရေးနဲ့ရေးတဲ့ "တောင်ကြီး ၉ လုံး "စာစဉ်လေးထုတ်တာမြင်ရ။
ငါက ငယ်ကထဲက စာဖတ်ဝါသနာကြီးပြီး လေးလုံးစပ်ကဗျာနဲ့ ဒွေးချိုး လေးချိုးကဗျာလေးတွေ ကြိုက်တတ်နေပြီဆိုတော့ ဒီမောင့်လက်ကထွက်လာတဲ့စာလေးတွေဟာ တမျိုးတဟန်ထူးနေတာ တန်းသတိထားမိနေတာပေါ့။
အထူးသဖြင့် အသံချိုတာ၊ စကားလုံး သုံးတာ။
၈ တန်းဆိုတော့ ၁၄ နှစ်ဝန်းကျင်ရယ်... သူ့ စကားလုံးအသုံးအနှုန်းက အဲဲ့ဒီ့ထဲက အသံချိုမြအောင် ခပ်ကြွယ်ကြွယ် သုံးတတ်နေပြီ။
အဲဒီ့နောက် ရယ်စရာဟာသစာတွေပါတဲ့ သောကြာ စာစောင်တို့  ... ဆယ် ကျော်သက်တွေဖတ်ကြတဲ့ ဒို့ကျောင်းသားတို့ဘာတို့မှသည် မောင်သာချိုဆိုတဲ့ ကလောင်ဟာ ရှုမဝ၊ မိုးဝေ၊ စစ်ပြန်၊ ငွေတာရီ ...စသဖြင့် အရှိန်နဲ့အဟုန်နဲ့ပေါ့။
အိပ်မက်ဖူးရဲ့တာဝန်ခံအယ်ဒီတာ၊ တက္ကသိုလ်ဆရာဘဝ .အစပိုင်းကာလတွေအထိ တတွဲတွဲ။ 
ခင်သက်ဆွေဆိုတဲ့ လမ်းခွဲတခုမှာ သူ ဆက်လျှောက်သွားမှသာ ( ရန်ကုန်ကနေ နယ်တက္ကသိုလ်တွေဆီ ပြောင်းသွားတာလဲပါ) ၂ ချောင်းပူးထားမှ တဘဝ အီကြာကွေးအဖြစ်က ပြုတ်ကြတော့တာ။ 
သတိရစရာတွေ ရေးချင်စရာတွေရှိပေမယ့် သူ့လို သူများဖတ်ကောင်းအောင် မရေးတတ်တော့ ဒီလောက်ပဲကောင်းပါတယ်။
အပြုံးချိုချိုကို အမြဲဆင်ထားတတ်တဲ့သူက ကလောင်စသွေးမယ်ကြံတော့ မောင်ပြုံးချို ဆိုပြီး ကလောင်အမည်ခံချင်တာ။ ငါက ဆရာကြီးသွားလုပ်မိပြီး ဖျက်လိုက်တာ။ ဂီတဝိသောဓနီ(စာလုံးပေါင်းမမှန်က ခွင့်လွှတ် ) ကျမ်းရေးတဲ့ ဆရာကြီးဦးပြုံးချို ရဲ့ မဟာဂီတပေါင်းချုပ်စာအုပ်ကြီးက အိမ်မှာ ရှိနေတော့ ဒီကလောင်အမည်ကြီးက ရှိပြီးသားကွ ...ဆိုပြီး ဆရာကြီးလုပ်ခဲ့မိတာလေ။ 
ဒါနဲ့ပဲ ရှင်မဟာရဋ္ဌသာရ ကိုကြိုက်တဲ့သူက 'သာ' ဆိုတဲ့ တလုံးရယ်၊ သူ့မှာ အဆောင်တခုလို ဆင်ထားတဲ့ အပြုံးချိုချိုရယ်ပေါင်းပြီး အခု စာဖတ်သူတို့ လွတ်မြောက်လာဖို့တောင်းဆိုနေကြတဲ့ "မောင်သာချို" ဖြစ်လာတာပါပဲခင်ဗျား...
-
* လုယုတ်မာ မ အ လ စခ တွေလက်က ငါ့သူငယ်ချင်း အမြန်ဆုံး ပြန်လည်လွတ်မြောက်ပါစေ*

Comments